တစ်ရက်မှာ (၂၄) နာရီဆိုတဲ့ အချိန်ဟာ ဘယ်တုန်းကစပြီး ကျွန်တော်တို့အတွက် မလောက်မငှ ဖြစ်သွားခဲ့တာလဲ။

ကျွန်တော်တို့ ရှင်သန်နေတဲ့ လက်ရှိခေတ်ကြီးမှာ “Busyness” ဆိုတဲ့ “အမြဲအလုပ်များနေခြင်း” ဆိုတာကို အောင်မြင်မှုရဲ့ ပြယုဂ်တစ်ခုလို ပုံဖော်ထားကြပါတယ်။ အလုပ်တွေကို တစ်ခုပြီးတစ်ခု လက်မလည်နိုင်အောင် လုပ်နေရတာကိုပဲ ညည်းတွားသလိုလိုနဲ့ ဂုဏ်ယူနေကြပါတယ်။ စားသုတ်သုတ်၊ သွားသုတ်သုတ်နဲ့ ဘာကိုပဲလုပ်လုပ် ခပ်မြန်မြန်လုပ်တတ်တဲ့သူတွေဟာ အေးဆေးတည်ငြိမ်ခြင်းရဲ့ အလှတရားကို ကောင်းမွန်စွာခံစားဖို့ ခက်ခဲတတ်ပါတယ်။

ဒီလို ရပ်နားခြင်းမရှိဘဲ ရှေ့ကိုချည်း ဇွတ်မှိတ်ပြေးလွှားနေရတဲ့ နေထိုင်မှုပုံစံရဲ့ နောက်ကွယ်မှာတော့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတချို့ ရှိနေပါတယ်။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ကိုယ်တိုင် ဘယ်လောက်တောင် အရှိန်လွန်နေပြီလဲ ဆိုတာကို သတိမထားမိတတ်ကြဘူး။ ဒါပေမယ့် စိတ်နဲ့ ခန္ဓာကတော့ အမြဲတမ်း သတိပေးချက်လေးတွေ ပြသနေတတ်ပါတယ်။ သင့်ရဲ့နေ့စဉ်ဘဝမှာ အောက်ပါအခြေအနေတွေကို ခံစားနေရပြီဆိုရင်တော့ သင် slow down လုပ်ဖို့ လိုအပ်နေပြီဆိုတာ အသေအချာပါပဲ။
.

• အမြဲတမ်း နောက်တစ်ဆင့်ကိုသာ တွေးနေခြင်း
လက်ရှိပစ္စုပ္ပန်မှာ မပျော်နိုင်ဘဲ နောက်လုပ်ရမယ့်အလုပ်အတွက် စိတ်ကူးနဲ့ ကြိုပြီး ပြင်ဆင်နေမိတတ်ပါတယ်။ လက်ရှိ သောက်နေတဲ့ကော်ဖီရဲ့ အရသာကိုတောင် သေချာမခံစားနိုင်ဘဲ ခေါင်းထဲမှာတော့ နောက်လုပ်ရမယ့် အလုပ်တွေ၊ အီးမေးလ်တွေ၊ Appointment တွေဆီ ရောက်နေတတ်ပါတယ်။

• အသေးအမွှားကိစ္စ လေးတွေကိုတောင် မခံမရပ်နိုင်ဖြစ်ခြင်း
ဝိုင်ဖိုင်လိုင်းနှေးတာ၊ မီးပွိုင့်မိတာ၊ စကားပြောနှေးတာစတဲ့ သေးငယ်တဲ့ အဆင်မပြေမှုလေးတွေကအစ ဒေါသနဲ့ စိတ်ပျက်မှုကို အဆမတန် ပေါက်ကွဲထွက်စေတတ်ပါတယ်။ ဒါဟာ စိတ်ရဲ့သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဆိုတဲ့ လက္ခဏာပါပဲ။

• ညဘက် အချိန်လုယူခြင်း
တစ်နေ့တာလုံး အလုပ်တွေကပဲ ကိုယ့်အချိန်တွေကို သိမ်းပိုက်လိုက်တဲ့အတွက် ညဘက်ရောက်ရင် အိပ်ရမယ့်အစား “အခုမှပဲ အားတော့တယ်။ ငါ့ရဲ့ကိုယ်ပိုင်အချိန်လေး ရောက်ပြီ” ဆိုပြီး ဖုန်းပွတ်တာ၊ တီဗီကြည့်တာတွေနဲ့ အချိန်ကို အတင်းကာရော ပြန်လုယူနေမိပါတယ်။ အိပ်လိုက်ရမှာကို နှမြောနေသလိုမျိုးနဲ့ လွတ်လပ်မှုကို ညဉ့်နက်တဲ့အထိ ရှာဖွေနေမိတတ်ပါတယ်။

• ရှုထောင့်ကျယ်ကျယ် မတွေးနိုင်တော့ခြင်း
ဦးနှောက်က စွမ်းအင်ကို ချွေတာဖို့ ကြိုးစားတဲ့နေနဲ့ တွေးခေါ်မှုတွေဟာ Yes နဲ့ No အဖြူအမည်း နှစ်မျိုးပဲ တွေးနိုင်လာပါတော့တယ်။ အခြား မတူညီတဲ့ရှုထောင့်ကနေ ကြည့်ဖို့ခက်ခဲလာတတ်ပါတယ်။ နူးညံ့သိမ်မွေ့တဲ့ ခံစားချက်တွေနေရာမှာ တင်းမာခက်ထန်မှုတွေက အစားထိုး ဝင်ရောက်လာပါတယ်။
.
.

ဆေးပညာရှင်တွေကတော့ ဒီလို အမြဲတမ်းအချိန်မလောက်ဘူးလို့ ခံစားရပြီး လောနေတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို “Hurry Sickness” လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ အလောတကြီး ဖြစ်နေတဲ့ အချိန်တိုင်းမှာ ခန္ဓာကိုယ်ထဲက ကော်တီဆောနဲ့ အက်ဒရီနယ်လင်ဆိုတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေဟာ အများကြီး ထွက်လာပါတော့တယ်။

ရေတိုမှာတော့ စိတ်ဖိစီးမှုဟော်မုန်းတွေက အသက်ရှင်သန်ရပ်တည်ရေးအတွက် အလုပ်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက် ဒီလို ပြေးလွှားနေရတဲ့အခါ အဆက်မပြတ်ထွက်နေတဲ့ ဒီဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို ကျဆင်းစေတယ်၊ သွေးတိုးစေတယ်၊ နှလုံးကို အနားမပေးဘဲ အလုပ်လုပ်စေပါတယ်။ ပိုပြီး ဝမ်းနည်းစရာ ကောင်းတာကတော့ သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ Telomere Shortening ဆိုတဲ့ ဖြစ်စဉ်ပါပဲ။

ကျွန်တော်တို့ရဲ့ ဆဲလ်တွေထဲက DNA ထိပ်ဖျားလေးတွေမှာ Telomere ဆိုတဲ့ အကာအကွယ်လေးတွေ ရှိတယ်။ အဲဒီ Telomereလေးက ကျွန်တော်တို့လူသားတွေရဲ အသက်ရှည်ခြင်း/မရှည်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ Telomere ရှည်တဲ့သူက အသက်ရှည်ရှည် အနာမဲ့မဲ့ ကျန်းမာစွာနေထိုင်နိုင်တယ်။ Telomere တိုတဲ့သူကတော့ အသက်မရှည်တတ်ကြပါဘူး။

စိတ်ဖိစီးဟော်မုန်းတွေက အဲဒီ Telomere လေးတွေကို လျင်မြန်စွာ တိုထွက်သွားစေပြီး ဆဲလ်တွေကို အိုမင်းရင့်ရော်စေတယ်။ ရလဒ်အနေနဲ့ကတော့ ဘဝကို အပြည့်အဝ မခံစားလိုက်ရခင်မှာပဲ နာတာရှည်ရောဂါတွေနဲ့ သက်တမ်းတိုစွာ ကွယ်လွန်ရခြင်း (Early Death) ဆိုတဲ့ ဝမ်းနည်းဖွယ် ဇာတ်သိမ်းကို ရင်ဆိုင်လာရပါတယ်။

စဥ်းစားကြည့်လိုက်ရင် Rush Life မှာ နေနေရတဲ့ ကျွန်တော်တို့ဟာ ကိုယ့်အသက်ကို ပြန်ပြီး ဒုက္ခပေးနေမိတာနဲ့ မတူဘူးလား…။

🍀 အရှိန်လျှော့ခြင်းမှ အေးချမ်းမှုဆီသို့

အရှိန်လျှော့တယ်ဆိုတာ အရာအားလုံးကို ရပ်တန့်ပစ်လိုက်တာ မဟုတ်ပါဘူး။ လုပ်ဆောင်နေတဲ့ အရာတစ်ခုအပေါ်မှာ အပြည့်အဝ နစ်မြောသွားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝလေးတွေကို ပိုပြီး အေးချမ်းစွာနဲ့ ပြန်လည််စတင်နိုင်ဖို့ နည်းလမ်းလေးတချို့ ရှိပါတယ်။ ဗုဒ္ဓဘာသာ စိတ်ပညာရဲ့ အခြေခံအကျဆုံး အဆုံးအမဖြစ်တဲ့ ‘ပစ္စုပ္ပန်မှာ တည်ရှိခြင်း’ ကို အဲဒီအချိန်လေးမှာ ကျင့်သုံးကြည့်နိုင်ပါတယ်။

• တစ်ကြိမ်လျှင် တစ်ခုတည်းသာ လုပ်ပါ။
ကော်ဖီသောက်နေရင် ကော်ဖီရဲ့ အနံ့လေး၊ နွေးထွေးမှုလေးကိုပဲ အပြည့်အဝ ခံစားပါ။ ဖုန်းမကြည့်ပါနဲ့။ သီချင်းနားထောင်နေရင် သီချင်းထဲမှာပဲ စိတ်ကို စီးမျောခွင့်ပြုပါ။

• ကြားခံ အချိန်လေးများ ဖန်တီးပါ။
အလုပ်တစ်ခုနဲ့ တစ်ခုကြား၊ အစည်းအဝေး တစ်ခုနဲ့ တစ်ခုကြားမှာ ၁၅ မိနစ်လောက် အားလပ်ချိန်လေးတွေ ထားပေးပါ။ အဲဒီအချိန်လေးမှာ မျက်စိမှိတ်ပြီး အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပါ။ ခြေဆန့်လက်ဆန့် အကြောလျှော့ပါ။ ရေလေးထသောက်ပါ။ လေပြေလေးတွေ ဖြတ်တိုက်သွားသလို စိတ်ကို လွတ်လပ်ခွင့် ပေးလိုက်ပါ။

• ဒီဂျစ်တယ် Detox
မနက်အိပ်ရာထချိန်နဲ့ ညအိပ်ရာဝင်ခါနီး အချိန်တွေဟာ သင့်ရဲ့ အဖိုးတန်ဆုံးအချိန်တွေပါ။ အဲဒီအချိန်တွေမှာ ပြင်ပကမ္ဘာရဲ့ ဆူညံသံတွေ၊ အဆင်မပြေမှုတွေ၊ သတင်းမီဒီယာတွေကို ပိတ်ထားပြီး ကိုယ့်ရဲ့အတွင်းစိတ်နဲ့ကိုယ် တိတ်ဆိတ်စွာ စကားပြောကြည့်ပါ။ မအိပ်ခင် တစ်နာရီအလိုနဲ့အိပ်ရာနိုးပြီး တစ်နာရီအတွင်း ဖုန်းသုံးတာမျိုး မလုပ်ပါနဲ့။
.

လောကကြီးက ဘယ်လောက်ပဲ အလျင်စလို ပြေးလွှားနေပါစေ သင့်ရဲ့ခြေလှမ်းတွေကို ဘယ်လိုအရှိန်နဲ့ လျှောက်မလဲဆိုတာ သင့်ရဲ့ရွေးချယ်ခွင့်ပါ။ အရှိန်လျှော့လိုက်ခြင်းဟာ နောက်ကျကျန်ခဲ့ခြင်း မဟုတ်ဘဲ ကိုယ့်ဘဝရဲ့ ပန်းချီကားတစ်ချပ်ကို အလှပဆုံးနဲ့ အသေချာဆုံး ဆွဲချယ်လိုက်ခြင်းသာ ဖြစ်ပါတယ်။

ဒီစာလေးကို ဖတ်နေရင်း သင့်ရဲ့ပခုံးလေးတွေကို လျှော့ချလိုက်ပါ။ အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်ပါ။ ကမ္ဘာကြီးကို အမီလိုက်နိုင်ဖို့ထက် သင့်ရဲ့ နှလုံးသားလေး ငြိမ်းချမ်းနေဖို့က အများကြီး ပိုအရေးကြီးပါတယ်…။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here