အကြာကြီးပစ်ထားခဲ့ပြီး အခုမှ သုံးရက်တည်းနဲ့တော့ (ညီလေး ကျန်းမာလာစေဖို့) မရနိုင်ပါ ကိုယ်တော်ချောတို့။
ယောက်ျားတွေရဲ့ သဘာဝက ထူးဆန်းတယ်ဗျ။ အပြင်လောကကြီးမှာ ဘယ်လောက်ပဲ အဆင်မပြေဖြစ်ဖြစ်၊ ဆီစျေးတွေ ဒေါ်လာစျေးတွေ ဘယ်လောက်ပဲ တက်တက်၊ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဘယ်လိုပဲ ကမောက်ကမ ဖြစ်နေနေ တစ်လောကလုံးနဲ့ သူတို့နဲ့က မဆိုင်သလို အေးအေးဆေးဆေး ခေါင်းငုံ့ပြီး ပြုံးပြုံးလေး ခံနိုင်ရည် ရှိရင်ရှိကြမယ် . . . ဒါပေမယ့် “ဟိုကိစ္စ” လို့ခေါ်တဲ့ အိပ်ရာပေါ်က ကိစ္စမှာတော့ ဘယ်ယောက်ျားမှ ဇာတိမာန် အကျမခံချင်ကြဘူး။ သူများထက် ပိုပြီး စွမ်းဆောင်ရည် မြင့်ချင်ကြတာချည်းပါပဲ။
ဒါပေမယ့် တကယ့် လက်တွေ့ဘဝကြီးက ရုပ်ရှင်ထဲကလို မဟုတ်ဘူးလေဗျာ။ လူတွေဟာ မိသားစုအတွက်၊ ဘဝရှေ့ရေးအတွက် ရုန်းကန်ကြရတယ်။ မနက်မိုးလင်းတာနဲ့ ကားကျပ်တဲ့ဒဏ်၊ ရုံးက အလုပ်ဖိစီးမှုဒဏ်တွေကို ခံရတယ်။ တစ်နေကုန် အလုပ်လုပ်ရတယ်။ စိတ်အပန်းပြေအောင်ဆိုပြီး ညနေဘက်လေး သူငယ်ချင်းတွေနဲ့အတူ ဘီယာလေး တစ်ခွက်တစ်ဖလား သောက်ကြတယ်။ အိပ်ချိန်တန်တော့လည်း ခေါင်းထဲမှာ မနက်ဖြန်အတွက် တွေးစရာတွေက ပြည့်နေလို့ လူက အိပ်ရေး သိပ်မဝချင်ဘူး။
ဒီလိုနဲ့ အသက်တွေက ၃၀ ကျော်၊ ၄၀ ထဲ ရောက်လာတဲ့အခါ ဂရုမစိုက်ဘဲ ပစ်ထားခဲ့တဲ့ လူဆိုတဲ့ စက်ကြီးကလည်း တဖြည်းဖြည်း ဟောင်းနွမ်းလာတာပေါ့။ အင်ဂျင်တွေက အရင်လို မရုန်းနိုင်တော့ဘူး။ အနည်တွေများပြီး ချေး(ဂျီး)တွေပိတ်လာပြီ။ စက်က တော်ရုံနဲ့လည်း နိုးမလာတတ်တော့ဘူး။
အဲဒီအချိန်ကျမှ “ဆရာရေ… ညီလေးက အရင်လို ခေါင်းမထောင်တော့ဘူး၊ ခိုင်းမရတော့ဘူး။ မနက်ဖြန် အဆင်ပြေအောင် ချက်ချင်း ပြန်စွမ်းလာမယ့် ဆေးလေး ဘာလေးများ မရှိဘူးလား” ဆိုပြီး ရောက်ရောက်လာတတ်ကြတယ်။
စဉ်းစားသာ ကြည့်ကြပေတော့ဗျာ။ နှစ်ပေါင်းများစွာ ဘဝဒဏ်တွေ အလူးအလဲ ခံလာရတဲ့ ခန္ဓာကိုယ်ကြီးကို သုံးရက်တည်းနဲ့ နဂိုအတိုင်း တင်းတောင်တင်းတောင် ပြန်ကောင်းချင်လို့တော့ ဘယ်လွယ်ပါ့မလဲနော်။ အမျိုးသားစွမ်းဆောင်ရည် ဆိုတာမျိုးက ချက်ချင်းလုပ် ချက်ချင်းရအောင် မာမားခေါက်ဆွဲပြုတ်တာမှ မဟုတ်တာ။ တချို့ကိစ္စတွေက ဆေးပြင်းတွေနဲ့ အချိန်တိုအတွင်း ခဏတဖြုတ် အဆင်ပြေအောင် လုပ်လို့ရပေမယ့် ရေရှည်မှာကျတော့ နှလုံးတွေ တုန်လာမယ်၊ သွေးတိုးလာမယ်၊ နောက်ဆုံး လုံးဝ ပန်းသေပန်းညှိုးတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်တယ်။
ကိုယ့်ဘက်က သေချာအချိန်ယူပြီး ရေရှည်မှာ ဘေးထွက်ဆိုးကျိုး မရှိဘဲ တကယ် စွမ်းဆောင်ရည်ကောင်းချင်တယ်ဆိုရင်တော့ အောက်က အချက်လေးတွေကို စိတ်ရှည်လက်ရှည်နဲ့ တဖြည်းဖြည်း ပြင်ယူမှ ရပါလိမ့်မယ်။
သိပ်မလောကြပါနဲ့ ညိုကီတိုရေ။
.
၁။ အင်ဂျင်ကောင်းဖို့ ဆီမှန်ဖို့လိုတယ်။
စွမ်းဆောင်ရည်ဆိုတာ သွေးလှည့်ပတ်မှု (Blood Circulation) နဲ့ တိုက်ရိုက်ဆိုင်ပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ လိင်အင်္ဂါဆိုတာ ရေမြှုပ်လိုပဲဗျ။ သွေးတွေ ဒလဟော စီးဝင်လာမှ ကြီးထွားမာကျောလာတာ။ နေ့တိုင်းလိုလို အဆီအအိမ့်တွေချည်း စားနေမယ်ဆိုရင် သွေးကြောတွေထဲမှာ ကိုလက်စထရော အဆီတွေက ပိတ်ဆို့နေပြီး သွေးက ဘယ်လိုလုပ် အောက်ဆီ ရောက်တော့မလဲ။ ပိုက်ခေါင်းပိတ်နေတဲ့ ရေပိုက်လို ဖြစ်နေမှာပေါ့။
ဒါကြောင့် အစားအသောက်ကို ဂရုစိုက်ပါ။ ပင်လယ်စာ များများစားပါ။ အထူးသဖြင့် ကမာကောင် (Oyster) လို ခရုကမာ အမျိုးအစားတွေပေါ့။ သူ့အထဲမှာပါတဲ့ ဇင့်ဓာတ် (Zinc) က ကျားဟော်မုန်း (Testosterone) ထုတ်လုပ်မှုကို အစွမ်းကုန် အားပေးတယ်။ သံပခြုပ်က ဟိုဟာကောင်းတယ်ဆိုတာ ညိုကီတို့ ကြားဖူးမှာပါ။
နောက်ပြီး အရောင်ရင့်တဲ့ အသီးအနှံတွေ၊ ဥပမာ – ဖရဲသီးလို အရည်ရွှမ်းတဲ့ အသီးတွေကို များများစားပေးပါ။ ဖရဲသီးကို သဘာဝ ဗိုင်ယာဂရာ (Natural Viagra) လို့တောင် တင်စားကြတယ်။ သူ့မှာပါတဲ့ Citrulline ဓာတ်က သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်မှု ကောင်းစေလို့ပါ။
.
၂။ လှေကားသုံးထစ်တက်တာနဲ့ အမောဖောက်နေရင် အစွမ်းပြဖို့ ခက်ပါလိမ့်မယ်။
အိပ်ရာပေါ်က ကိစ္စဆိုတာ အလွယ်လေးလို့ ထင်နေလား။ ဒါဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အင်အားကို သုံးရတဲ့၊ နှလုံးနဲ့ အဆုတ်ကို အလုပ်ပေးရတဲ့ အားကစားတစ်ရပ်ပါပဲ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ ကနေ တစ်နာရီလောက် နှလုံးခုန်မြန်ပြီး ချွေးထွက်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးရမယ်။ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ကြိုးခုန်တာ ကိုယ်ကြိုက်တာ ကိုယ်လုပ်။ အဓိကက နှလုံးက သွေးကို ကောင်းကောင်း ညှစ်ထုတ်ပေးနိုင်ဖို့နဲ့ အမောခံနိုင်ဖို့ (Stamina) ပါပဲ။
လှေကားလေး နည်းနည်းတက်တာနဲ့ “ဟူး… ဟား… ဟော… ဟဲ…” နဲ့ အမောဖောက်နေတဲ့ သူတစ်ယောက်က အကြာကြီး အစွမ်းပြဖို့ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရပါလိမ့်မယ်။ အောက်ပိုင်း သန်မာချင်ရင် တစ်ကိုယ်လုံး သန်မာအောင် အရင်လေ့ကျင့်ရပါတယ်။
.
၃။ ဗိုက်ကြီးရွှဲလာရင် ညီလေးက သိမ်ငယ်သွားရော။
ဒါက တော်တော်များများ သတိမထားမိတဲ့ အချက်ဗျ။ အသက်အရွယ်ရလာလို့၊ ထိုင်တာများလို့ ဗိုက်ကလေး စူလာတာ၊ ခါးတုတ်လာတာက သာမန်ပါပဲလို့ ထင်စရာရှိတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျ ပြောရရင် ဗိုက်က အဆီဆဲလ်တွေဟာ ကျားဟော်မုန်း (Testosterone) တွေကို မဟော်မုန်း (Estrogen) အဖြစ် ပြောင်းပစ်လိုက်တဲ့ စက်ရုံတွေဗျ။ ဆိုလိုတာက ဗိုက်ရွှဲလာလေလေ ကိုယ့်ခန္ဓာကိုယ်ထဲမှာ မဟော်မုန်းတွေ များလာပြီး ကျားဟော်မုန်းတွေ ကျဆင်းသွားလေလေပဲ။ နောက်ပြီး ဗိုက်ကြီးက ကွယ်နေတော့ ဟိုနေရာကို သွေးအရောက်နည်းသွားတတ်တယ်။ ဒါကြောင့် ဗိုက်အဆီကျအောင် ဝိတ်ချတာက စွမ်းဆောင်ရည်အတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။
.
၄။ ညီလေးက အရက်မကြိုက်ဘူးဗျ။
တချို့က ထင်ကြတယ်။ အရက်လေး နည်းနည်းဝင်သွားရင် ရဲဆေးတင်သလို ဖြစ်ပြီး ပိုစွမ်းတယ်ဆိုပြီးတော့လေ။ စိတ်အပန်းပြေအောင် သောက်တာကို နားလည်ပေးလို့ ရပေမယ့် အလွန်အကျွံဖြစ်လာရင်တော့ အရက်က ဦးနှောက်ထဲက လိင်စိတ်ကိုသာ နှိုးဆွပေးပြီး ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်းကိုကျတော့ ထုံထိုင်းသွားစေတယ်။ မူးရင်မှားတယ်ဆိုတာ တော်တော်လေး မဖြစ်နိုင်တဲ့ကိစ္စ။ ဒါပေမယ့်လည်း မှား မှားနိုင်လွန်းကြပါတယ်။ ဇာတ်ကားတွေထဲမယ် ပြောပါတယ်။
.
၅။ အပေါ်က မီးခိုးထွက်ရင် အောက်က မီးသေနေပြီ
ဆေးလိပ်ကလည်း အတူတူပဲ။ ဆေးလိပ်သောက်ရင် နီကိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ထဲက သွေးကြောငယ်လေးတွေ အကုန်ကျဉ်းကုန်တယ်။ လိင်အင်္ဂါဆီ သွားတဲ့ သွေးကြောလေးတွေဆိုတာ သိပ်သေးငယ်တာလေ။ သူတို့လေးတွေ ကျဉ်းသွားရင် ဘယ်လိုလုပ် သွေးဝင်တော့မလဲ။ ဒါတွေကို တတ်နိုင်သမျှ လျှော့နိုင်မှ ညီလေးက ပြန်လည် နိုးကြားလာမှာပါ။
.
၆။ ဆီးချိုနဲ့ သွေးတိုးကို မမေ့ပါနဲ့။
တခါတလေ ကိုယ်က အစားအသောက်လည်း ဆင်ခြင်တယ်၊ လေ့ကျင့်ခန်းလည်း လုပ်တယ် ဒါပေမယ့် စွမ်းဆောင်ရည်က တက်မလာဘူးဆိုရင် ကိုယ့်မှာ ဆီးချို ဒါမှမဟုတ် သွေးတိုးရောဂါ အစပျိုးနေပြီလားဆိုတာ စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ဆီးချိုက အာရုံကြောတွေကို ပျက်စီးစေပြီး၊ သွေးတိုးရောဂါက သွေးကြောတွေကို မာတောင့်သွားစေတယ်။ ဒီရောဂါ နှစ်ခုစလုံးဟာ ယောက်ျားတွေ ပန်းသေပန်းညှိုးဖြစ်ရခြင်းရဲ့ အဓိက တရားခံတွေပါ။ ဆရာဝန်နဲ့ ပြသပြီး သွေးချို၊ သွေးတိုးကို ပုံမှန်လေး ထိန်းထားနိုင်ပြီဆိုတာနဲ့တင် အခြေအနေက အများကြီး ပြန်ကောင်းလာနိုင်ပါတယ်။
.
၇။ မမြင်ရတဲ့ ဘရိတ်ကို လေ့ကျင့်ပါ (Kegel လေ့ကျင့်ခန်း)
တချို့က မေးကြတယ်။ “ဆရာရေ ဘယ်ကြွက်သားကို လေ့ကျင့်ရမလဲ” တဲ့။ Gym သွားပြီး ဘိုင်ဆက် (Bicep) အကြီးကြီးတွေ ထွက်နေရုံနဲ့ ဟိုနေရာမှာ စွမ်းတာ မဟုတ်ဘူးဗျ။ တကယ့် လျှို့ဝှက်ချက်က တင်ပါးဆုံရိုးတွင်း ကြွက်သား (Pelvic Floor Muscle) လို့ခေါ်တဲ့ ညီလေးကို တိုက်ရိုက် ထိန်းချုပ်ထားတဲ့ ကြွက်သားမှာ ရှိတာ။ အလွယ်ဆုံး ပြောပြရရင် ကိုယ်က ဆီးသွားနေတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ဆီးကို ရပ်သွားအောင် ရုတ်တရက် အောင့်လိုက်တဲ့အခါ တင်းသွားတဲ့ ကြွက်သားပေါ့။ အဲဒီကြွက်သားကို အားအားရှိတိုင်း တင်းလိုက်၊ စက္ကန့်အနည်းငယ်လောက် ထိန်းထားလိုက်၊ ပြီးရင် ပြန်လျှော့လိုက်နဲ့ အကြိမ်ကြိမ် (Kegel Exercise) သာ လုပ်ပေး။ ကားပိတ်နေတုန်း ကားပေါ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာ ထိုင်ခုံပေါ် ထိုင်နေရင်းဖြစ်ဖြစ် လုပ်နေလို့ရတယ်။ သိသာသိ မမြင်စေနဲ့ပေါ့။ နေ့တိုင်း သေသေချာချာလေးသာ လုပ်သွားကြည့်။ လပိုင်းလောက်နေရင် ထိန်းချုပ်နိုင်စွမ်း (Control) ဘယ်လောက် တက်လာလဲဆိုတာ လက်တွေ့ သိလာလိမ့်မယ်။
.
၈။ ကိုကြီးစိတ်ရှုပ်ရင် ညီလေးလည်း မှိုင်သွားရော။
ခန္ဓာကိုယ်နဲ့ စိတ်ဟာ ခွဲခြားလို့မရအောင် တိုက်ရိုက် ဆက်စပ်နေတယ်။ ရုံးက အလုပ်တွေ ဖိစီးနေတယ်၊ အကြွေးတွေက ဝိုင်းဝိုင်းလည်နေတယ်၊ အိပ်ရေးကလည်း မဝဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ ကော်တီဆော (Cortisol) လို့ခေါ်တဲ့ ဖိစီးမှုဟော်မုန်းတွေ တစ်ဟုန်ထိုး ထွက်လာတယ်။ အဲဒီကောင် ထွက်လာပြီဆိုရင် ကျားဟော်မုန်းက အောက်ကို ထိုးကျသွားတော့တာပဲ။
နောက်ထပ် အဆိုးဆုံးက “ဒီနေ့ရော ငါ ဖြစ်ပါ့မလား” ဆိုပြီး ကြိုတွေးပူပန်နေတဲ့ စိတ် (Performance Anxiety) ပါပဲ။ တစ်ကြိမ်တစ်ခါလောက် အဆင်မပြေဖြစ်ဖူးတာနဲ့ပဲ နောက်အကြိမ်တွေမှာ အဆင်ပြေမှပြေပါ့မလားဆိုတဲ့ စိတ်ကြီးလည်း ညီလေးကို တော်တော်လေးဒုက္ခပေးတတ်တယ်။ တစ်ခုသိထားရမှာက စိတ်ဖိစီးနေရင် ဘယ်အရာမှ အလုပ်မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ။ စိတ်ကို ပေါ့ပေါ့ပါးပါး ထားပါ။ ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာ ဖြစ်အောင် နေပါ။
.
၉။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။
လိင်မှုကိစ္စဆိုတာ ကိုယ်တစ်ယောက်တည်း အစွမ်းပြဖို့ စစ်တိုက်ထွက်တာမှ မဟုတ်တာ။ ဒါဟာ နှစ်ယောက်သား အပြန်အလှန် “အပေးအယူ သူနဲ့ ကျွန်မ” မျှနေမှရမယ့် ကိစ္စပါ။ ကိုယ့်အဖော်နဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေး၊ နားလည်မှု၊ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေကလည်း အများကြီး အရေးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု အားကောင်းလေ၊ အစပျိုးပွေ့ဖက်မှုတွေကို အချိန်ပိုပေးလေ၊ စွမ်းဆောင်ရည်က သဘာဝကျကျ ပိုကောင်းလာလေပါပဲ။
.
၁၀။ လိုအပ်ရင် ဆေးကူပါ။
ကိုယ်တော်ချောတို့ဟာ “ယောက်ျားရှိတဲ့ မာနတွေ” ပါ။ သို့သော်ငြားလည်း ဆေးကူရပြီဆိုတာနဲ့ “ငါ မစွမ်းတော့ဘူးလား” ဆိုပြီး သိမ်ငယ်သွားကြတာ။ တကယ်တော့ အဲဒီလို တွေးစရာ မလိုပါဘူး။ ဘယ်လောက် ကျန်းမာတဲ့သူဖြစ်ဖြစ်၊ ခန္ဓာကိုယ်က အားနည်းနေရင် ဆေးသောက်ရတာပဲလေ။ ရမ်းကုတွေဆီသွား၊ ထင်ရာတွေ လျှောက်လုပ်နေမယ့်အစား တကယ် လိုအပ်တဲ့ အာဟာရ ဖြည့်စွက်စာတွေ (Supplements) သောက်တာ ဘာမှ ရှက်စရာမဟုတ်ပါဘူး။ ဒါဟာ ပြဿနာကို မှန်မှန်ကန်ကန် ရင်ဆိုင်ဖြေရှင်းတာပါ။ အစားအသောက်ကနေ လိုအပ်တဲ့ ဓာတ်တွေကို လုံလောက်အောင် မရနိုင်ရင် ဒီလိုဖြည့်စွက်စာလေးတွေ သောက်ပေးတာက ကိုယ့်ရဲ့ အင်ဂျင်ကို upgrade လုပ်ပေးလိုက်သလိုပါပဲ။
…
…
အချုပ်ပြောရရင်တော့ ကိုယ်တော်ချောတို့ရေ စွမ်းဆောင်ရည်ဆိုတာ တစ်ရက်တည်းနဲ့ တည်ဆောက်လို့ရတဲ့ အရာမဟုတ်ပါဘူး။ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်နေစိတ်ထား အားလုံးကို ဟန်ချက်ညီညီ ပြောင်းလဲပစ်မှ ရေရှည်အတွက် စိတ်ချရမယ့်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိမယ့် စွမ်းအင်မျိုး ရမှာပါ။
ကဲ… ညီလေး ပိုကျန်းမာလာဖို့ ဒီနေ့ကစပြီး ကိုယ့်ရဲ့ နေထိုင်မှုပုံစံထဲက ဘယ်အချက်ကို အရင်ဆုံး စတင် ပြောင်းလဲကြည့်မလဲဗျ။ ဘယ်လိုဆေးမျိုးတွေ မှီဝဲရမလဲသိချင်ရင်တော့ တယ်လီကျန်းမာမှာ အခုပဲ booking ယူလိုက်ပါ။ စောင့်မျှော်နေပါမယ် ညိုကီတို့…။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

