မိသားစုထဲမှာဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက်ဖြစ်ဖြစ် နေမကောင်းဖြစ်လာပြီဆိုရင် လူအများရဲ့အာရုံက လူနာဆီကိုပဲ ရောက်သွားကြတာ သဘာဝပါပဲ။

“ဆေးသောက်ပြီးပြီလား”
“အစာ စားဝင်ရဲ့လား”
“နာကျင်တာ သက်သာရဲ့လား” စသဖြင့်ပေါ့။

ဒါပေမယ့် လူနာရဲ့ဘေးမှာ နေ့ရောညပါ အနီးကပ်ပြုစုစောင့်ရှောက်နေတဲ့သူဆီ ခဏလောက်သွားပြီး ဒီမေးခွန်းလေးကို မေးဖြစ်တဲ့သူ ဘယ်နှယောက်များ ရှိပါသလဲ။

“မင်းရော နေကောင်းရဲ့လား”
“အနားရော ယူဖြစ်ရဲ့လား” လို့ပေါ့။
⚪️

Caregiver Burnout ဆိုတာ ဘာလဲ။

လူနာကို စောင့်ရှောက်ပေးရတာ ကောင်းတဲ့အလုပ်၊ စေတနာ မေတ္တာထည့်ရတာ မှန်ပေမယ့် နေ့စဉ်ရက်ဆက် ခန္ဓာကိုယ်ပင်ပန်းမှု၊ စိတ်ရဲ့ဖိစီးမှုနဲ့ သုံးစွဲရတဲ့ ငွေကြေးကုန်ကျစရိတ်တွေကို တင်းခံရင်း ကြာလာတဲ့အခါ ဒီမေတ္တာတရားကပဲ ကိုယ့်ရင်ဘတ်ပေါ် ရောက်လာတဲ့ အလေးချိန်တစ်ခု ဖြစ်လာတတ်ပါတယ်။

ရက်တွေ၊ လတွေ ကြာလာတဲ့အခါ “ရပါတယ်။ ငါမပင်ပန်းပါဘူး” လို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ အားတင်းထားပါစေ ခန္ဓာကိုယ်နဲ့ စိတ်က မလိမ်နိုင်တော့ပါဘူး။ တဖြည်းဖြည်း အားကုန်လာမယ်။ စိတ်တိုလွယ်လာမယ်။ ဘာကိုမှ စိတ်မဝင်စားတော့ဘဲ စိတ်ဓာတ်ကျလာပါမယ်။

ဒါကို ဆေးပညာအရ Caregiver Burnout (စောင့်ရှောက်သူ အားအင်ကုန်နွမ်းနယ်ခြင်း) လို့ ခေါ်ပါတယ်။ ကျွန်မ အမြဲပြောလေ့ရှိသလိုပါပဲ၊ Burnout ဖြစ်တာဟာ စိတ်ဓာတ်ပျော့ညံ့လို့ မဟုတ်သလို အခြားသူအပေါ် မေတ္တာနည်းသွားလို့လည်း မဟုတ်ပါဘူး။ အချိန်အကြာကြီး အနားမယူဘဲ ပစ်ထားရလို့ ခန္ဓာကိုယ်နဲ့ စိတ်က “ငါ အားပြန်သွင်းဖို့ လိုနေပြီ” လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။
⚪️

ကိုယ့်ကိုယ်ကိုယ် ပြန်စောင့်ရှောက်ဖို့ နည်းလမ်း (၅) ချက်

ကိုယ်တိုင်ကျန်းမာမှသာ ချစ်ရတဲ့သူကို ပိုမိုကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ ဒါကြောင့် ဒီအချက်လေးတွေကို မမေ့ပါနဲ့နော်။

၁။ ကိုယ့်ရဲ့ ကြိုးစားမှုကို ကိုယ်တိုင် အသိအမှတ်ပြုပါ။
“ဒီထက် ပိုလုပ်ပေးသင့်တာ” လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ လူတိုင်းမှာ ကန့်သတ်ချက်ရှိပါတယ်။ သင်ဟာ စူပါမန်း မဟုတ်ပါဘူး။ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး ကြိုးစားနေတာကို ကိုယ်တိုင် အသိအမှတ်ပြု ဂုဏ်ယူပေးပါ။

၂။ ခံစားချက်တွေကို စိတ်ထဲ ဖိသိပ်မထားပါနဲ့။
ပြုစုသူဖြစ်လို့ အမြဲပြုံးပြနိုင်ရမယ်၊ သံမဏိလို ခိုင်မာရမယ်လို့ မသတ်မှတ်ပါနဲ့။ ဝမ်းနည်းရင် ငိုလိုက်ပါ။ စိတ်ညစ်ရင် စိတ်ချရတဲ့သူတစ်ယောက်ဆီ ရင်ဖွင့်ပါ။ စိတ်ခံစားချက်ကို ထုတ်ဖော်တာဟာ မေတ္တာနည်းတာ မဟုတ်ပါဘူး။

၃။ တစ်နေ့ကို မိနစ် ၃၀ ကိုယ့်အတွက် အချိန်ဖယ်ထားပါ။
“ငါမရှိရင် မဖြစ်ဘူး” ဆိုတဲ့စိတ်ကို ခဏလေး လျှော့လိုက်ပါ။ တစ်နေ့ကို မိနစ် ၂၀-၃၀ လောက် အချိန်ပေးပြီး တစ်ယောက်တည်း လက်ဖက်ရည်ပူပူလေး သောက်တာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာမျိုး လုပ်ပါ။ အနားယူတာဟာ တာဝန်မဲ့တာမဟုတ်ဘဲ အားပြန်သွင်းတာ ဖြစ်ပါတယ်။

၄။ အကူအညီတောင်းဖို့ မရှက်ပါနဲ့။
ဒါဟာ သင်တစ်ယောက်တည်း ထမ်းရမယ့် ဝန်ထုပ် မဟုတ်ပါဘူး။ မိသားစု၊ သူငယ်ချင်းတွေကို တစ်နေ့ကို ၂ နာရီလောက် လူစားထိုး စောင့်ပေးဖို့ ကူညီတောင်းပါ။ နားချိန်လေး အနည်းငယ် ရလိုက်တာနဲ့တင် သင့်စိတ်က အများကြီး အားပြည့်သွားပါလိမ့်မယ်။

၅။ Burnout ရဲ့ သတိပေးဆိုင်းဘုတ်များကို သတိထားပါ။
အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း
အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အိပ်ချင်နေခြင်း
စိတ်တိုလွယ်၊ ဒေါသထွက်လွယ်လာခြင်း
“ငါ မလုပ်နိုင်တော့ဘူး” လို့ မကြာခဏ တွေးမိလာခြင်း စတာတွေပါ။
.

အမှန်စင်စစ် ပြုစုစောင့်ရှောက်ခြင်းဆိုတာ မေတ္တာရဲ့ အလှပဆုံး ပုံရိပ်တစ်ခုပါ။ ဒါပေမယ့် မီးအိမ်တစ်လုံး လင်းလက်နေဖို့ဆိုရင် ဆီဖြည့်ပေးဖို့ လိုအပ်ပါတယ်။ အခြားသူကို ကောင်းကောင်း မေတ္တာပေးနိုင်ဖို့အတွက် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် မေတ္တာပေးတတ်ရပါမယ်။ ပြုစုသူတွေလည်း လူသားတွေပဲ ဖြစ်တာမို့ အနားယူဖို့၊ ဂရုစိုက်ခံရဖို့ လိုအပ်ပါတယ်…..။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here