“ငါက အဲဒီလိုမျိုး နုံအပြီး ပျော့ညံ့နေတဲ့သူမို့လို့ ငါ့မှာ မကောင်းတဲ့ကိစ္စတွေ ဖြစ်ရတာပဲဆိုပြီး တခြားသူတွေအပေါ် မလုပ်နိုင်တဲ့ ရက်စက်တဲ့ အပြစ်တင်မှုမျိုးကို ငါ့ကိုယ်ငါ အကြိမ် ၁၀၀၊ အကြိမ် ၁၀၀၀ လောက် လုပ်နေမိခဲ့တယ်။”
ဒီရက်ပိုင်း ကြည့်မိတဲ့ ရုပ်ရှင်ထဲက စာသားလေး။
ကျွန်မတို့ရဲ့ တစ်ဦးချင်းစီမှာ ရှိနေနိုင်တဲ့ စိတ်ဒဏ်ရာတိုင်းရဲ့ သက်ရောက်မှုကို ထင်ဟပ်စေတဲ့ စကားလုံးတွေပေါ့။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းဆိုတဲ့ ဝေဒနာဟာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုလို မျက်စိနဲ့မမြင်ရသော်ငြား စိတ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာတော့ နာနာကျင်ကျင် အမြစ်တွယ်နေတတ်ပါတယ်။
“ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာဟာ တကယ့်တရားခံကို ရင်ဆိုင်ဖို့ သတ္တိမရှိလို့ အားနည်းတဲ့သူ (ကိုယ့်ကိုယ်ကိုယ်) ကိုပဲ ဒုက္ခပေးနေတာပါ။ ကိုယ့်အတွက် ကိုယ်ကပဲ ထိခိုက်ဖို့အလွယ်ဆုံး ပစ်မှတ်ဖြစ်နေခဲ့လို့ပါ။ ဒါဟာ သက်သောင့်သက်သာအဖြစ်ဆုံး သူရဲဘောကြောင်တဲ့ နည်းလမ်းပဲဆိုတာ နောက်မှ သိလိုက်ရတယ်” တဲ့။ ဘယ်လောက်ဝမ်းနည်းစရာ ကောင်းလိုက်လဲ။
ဒီလိုမျိုး ဒီလိုဒဏ်ရာမျိုး ကျွန်မတို့ကိုယ်တိုင်ရော၊ ကျွန်မတို့ပတ်ဝန်းကျင်မှာပါ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲနေမိတဲ့သူတွေ ဘယ်လောက်တောင် များနေလိုက်မလဲ။ စိတ်ဒဏ်ရာတွေကို ရင်ထဲပိုက်ပြီး မလွတ်မြောက်နိုင်ဘဲ၊ ကျူးလွန်သူကို တုံ့ပြန်နိုင်စွမ်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နေမိ၊ ညှဉ်းဆဲနေမိတဲ့သူတွေပေါ့။
…
…
ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် “အလွယ်ဆုံးပစ်မှတ်” ထားမိတာလဲ။
စိတ်ပညာအရ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း (Self-blame) ဆိုတာ စိတ်ဒဏ်ရာတစ်ခုကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားတဲ့ ခုခံကာကွယ်မှု ယန္တရားတစ်ခုပါ။
- ထိန်းချုပ်လိုစိတ် (Sense of Control)
လောကကြီးက မမျှတဘူး၊ တချို့လူတွေက ရက်စက်တယ်ဆိုတဲ့ အမှန်တရားကို လက်ခံလိုက်ရတာဟာ ကိုယ့်ဘဝကိုယ် မပိုင်တော့သလိုပါပဲ။
“ငါ့ကြောင့် ဖြစ်ရတာ” လို့ တွေးလိုက်တာက နာကျင်ရပေမယ့် “ငါသာ ပြောင်းလဲလိုက်ရင် နောက်တစ်ခါ မဖြစ်တော့ဘူး” ဆိုတဲ့ မှားယွင်းတဲ့ စိတ်လုံခြုံမှုမျိုးကို ပေးတတ်ပါတယ်။
.
- ဘေးကင်းရာကို ရွေးချယ်ခြင်း
တကယ်အပြစ်ရှိသူကို သွားပြီးတုံ့ပြန်ဖို့ဆိုတာ သတ္တိအများကြီး လိုပါတယ်။ အထူးသဖြင့် ကိုယ့်ကို နှိပ်စက်တဲ့သူက ကိုယ့်ထက် အင်အားကြီးနေတဲ့အခါ ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်က သူ့ဘက်မှာ ရှိနေတဲ့အခါမျိုးမှာ ကိုယ့်ဒေါသကို ဖော်ပြဖို့ မလွယ်ကူပါ။ အဲဒီအခါ ဒေါသတွေက အတွင်းကို ပြန်လည်ဦးတည်သွားပြီး အားနည်းတဲ့သူ – ကိုယ့်ကိုယ်ကိုယ် – ကိုပဲ ပြန်ပြီး တိုက်ခိုက်မိတော့တာပါ။
.
- “သက်သောင့်သက်သာ အဖြစ်ဆုံး သူရဲဘောကြောင်မှု”
ဒီစကားလုံးက အရမ်းကို ပြင်းထန်သလို ရင်နာဖို့လည်း ကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရတာက တကယ်တော့ ပင်ပန်းပါတယ်။ နေ့စဉ်နဲ့အမျှ အသက်ရှူတိုင်း နာကျင်ရပါတယ်။
ဒါပေမယ့် တကယ့်အမှန်တရားကို ရင်ဆိုင်ရတာထက်စာရင်တော့ ဒါက “လွယ်ကူတဲ့ လမ်းကြောင်း” ဖြစ်နေတတ်ပါတယ်။ တခြားသူကို အပြစ်တင်ဖို့ဆိုရင် ပြတ်သားရမယ်၊ တိုက်ပွဲဝင်ရမယ်၊ လိုအပ်ရင် လမ်းခွဲရမယ်။ ဒီလိုလုပ်ဖို့ အင်အားမရှိသေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ပုံချပြီး နာကျင်မှုကို ငြိမ်ခံနေလိုက်တာက ပိုပြီး သက်သောင့်သက်သာ ဖြစ်စေတဲ့ဇုန် (Comfort Zone) အမှားတစ်ခု ဖြစ်လာပါတယ်။
.
- စိတ်ဒဏ်ရာရဲ့ နက်ရှိုင်းမှုနဲ့ လက်တွေ့ဘဝ
ဒီအချက်တွေကို ပြောပြရတာ လွယ်ကူပေမယ့် တကယ်လက်တွေ့မှာ ကျင့်သုံးဖို့ကတော့ အင်မတန် ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဒဏ်ရာဆိုတာ သမားရိုးကျ အသိတရားနဲ့ ဖြေဖျောက်လို့ရတဲ့ အပေါ်ယံကိစ္စမျိုး မဟုတ်ဘဲ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အမြစ်တွယ်နေတတ်လို့ပါပဲ။
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းဆိုတာ ကိုယ်တိုင် ရွေးချယ်ချင်လို့ ရွေးချယ်ထားတဲ့ လမ်းမဟုတ်ဘဲ စိတ်ဒဏ်ရာရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရှင်သန်မှု ဗီဇ တစ်ခုသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသံသရာကနေ ရုန်းထွက်ဖို့ဆိုရင် အချိန်နဲ့ စိတ်ရှည်မှု အများကြီး လိုအပ်ပါတယ်။
…
…
▪️ဘယ်လိုစတင်မလဲ။
အဖြစ်မှန်ကို ခွဲခြားမြင်ပါ။
ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ ကိုယ်က ထိန်းချုပ်လို့ရတဲ့အပိုင်းနဲ့ ထိန်းချုပ်လို့မရတဲ့ အပိုင်းကို သဲသဲကွဲကွဲ ခွဲခြားကြည့်ပါ။ တခြားသူရဲ့ ကျူးလွန်မှုကို “ငါ့အပြစ်” လို့ ခေါင်းစဉ်တပ်တာကို ရပ်တန့်ဖို့ ကြိုးစားပါ။
.
ကိုယ့်ကိုယ်ကိုယ် ကရုဏာထားပါ (Self-Compassion)
ကိုယ့်ရဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက် ခုလိုဖြစ်နေရင် “မင်းအပြစ်” လို့ ကျွန်မတို့ ပြောမှာမဟုတ်ဘူးမလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း အဲဒီလို မပြောပါနဲ့။
.
ဒေါသကို နေရာမှန်ပို့ပါ။
ဒေါသထွက်တာဟာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒေါသက ကိုယ့်ကို တစ်ယောက်ယောက်က မတရားလုပ်နေပြီဆိုတာကို သတိပေးတဲ့ အချက်ပြစနစ်ပါ။
အဲဒီဒေါသကို ကိုယ့်ဆီပြန်မလှည့်ဘဲ တကယ့်တရားခံဆီကို စိတ်ထဲကနေဖြစ်ဖြစ် လွှတ်ထုတ်ပစ်လိုက်ပါ။
..
..
အစအဆုံး ပြန်ကြည့်လိုက်ရင် ဒီရုပ်ရှင်ထဲက စကားလုံးတွေဟာ ကျွန်မတို့ရဲ့ အတွင်းစိတ်ဝေဒနာကို မှန်ကန်စွာ ထင်ဟပ်ပြနေတာကို တွေ့ရပါလိမ့်မယ်။
“ငါ့အတွက် ငါကပဲ ထိခိုက်ဖို့ အလွယ်ဆုံးဖြစ်နေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်ဆိုတာ သက်သောင့်သက်သာအဖြစ်ဆုံး သူရဲဘောကြောင်တဲ့ နည်းလမ်းပဲဆိုတာ သိလိုက်ရတယ်။”
ဒီအသိက နာကျင်စရာကောင်းပေမယ့် အဲဒီအသိကပဲ ကျွန်မတို့ကို လွတ်မြောက်စေမယ့် ပထမဆုံး ခြေလှမ်းဖြစ်နေပါတယ်။
သင်ဟာ ပစ်မှတ်မဟုတ်သလို တရားခံလည်း မဟုတ်ပါဘူး။ သင်ဟာ ဒီမတရားမှုတွေကို ကြံ့ကြံ့ခံပြီး ရှင်သန်နေရတဲ့သူတစ်ယောက်သာ ဖြစ်တယ်။
ပြောင်းလဲဖို့ဆိုတာ တစ်နေ့တည်း တစ်ညတည်းနဲ့တော့ မဖြစ်နိုင်ပါ။ တစ်ခါတလေ ဒီနေ့တော့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လိုက်နိုင်ပြီလို့ ထင်ပေမယ့် မနက်ဖြန်ကျတော့ အရင်ကထက် ပိုဆိုးသွားတတ်တယ်။ ဒါဟာ သင်အားနည်းလို့မဟုတ်ဘူး။ စိတ်ဒဏ်ရာဆိုတာ လမ်းကြောင်းမှန်အတိုင်း ပြန်လည်ကောင်းမွန်လာဖို့ အချိန်ယူရတဲ့ သဘာဝရှိလို့ပါ။
ဒီနေ့ သင်ရှင်သန်နေတယ်။
ဒီနေ့ သင်နားလည်ဖို့ ကြိုးစားနေတယ်။
ဒါနဲ့တင် လုံလောက်ပါတယ်။
မနက်ဖြန်ကျမှ နောက်တစ်လှမ်း တစ်လှမ်းကြတာပေါ့….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

