ဘဝကြီးက အဆိုးတွေကြားထဲမှာပဲ ဇာတ်သိမ်းရတော့မှာလား (Post Traumatic Growth)
လူတော်တော်များများကလေ ကိုယ့်ဘဝထဲကို မထင်မှတ်ထားတဲ့ မုန်တိုင်းကြီးတစ်ခု ဝင်မွှေသွားပြီ၊ အထိနာစရာ ကိစ္စကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပြီဆိုရင် အားလုံးတော့ ပြီးပါပြီ၊ ဇာတ်သိမ်းသွားပါပြီ၊ ဘယ်လိုမှ အဖတ်ဆယ်လို့ မရတော့ပါဘူးလို့ပဲ တွေးလိုက်ကြတာ။ ဘာလို့လဲဆိုတော့ ရုပ်ရှင်တွေထဲမှာဆိုရင် မင်းသားဖြစ်ဖြစ်၊ မင်းသမီးဖြစ်ဖြစ် တစ်ယောက်ယောက်က သေသွားရင် ကွဲရတဲ့ဇာတ်လမ်းအဖြစ်နဲ့ ပြည်ဖုံးကားချ အဆုံးသတ်လိုက်ရတာကိုး။
ဒါပေမယ့် လက်တွေ့ဘဝမှာကျတော့ ဒါရိုက်တာက “ကတ်” လို့ အော်ပြီး ရိုက်ကွင်းသိမ်းသွားတာမှ မဟုတ်နေတာ။ ဒဏ်ရာတွေ တစ်ပွေ့တစ်ပိုက်နဲ့ နောက်တစ်နေ့ မနက်မှာ မျက်လုံးပြန်ပွင့်လာတယ်။ အလုပ်တွေ ပြန်လုပ်နေရတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံရပြန်တယ်။ ထမင်းဆာတော့လည်း စားရပြန်ရော။ ရှင်သန်ခြင်းဆိုတဲ့ ကိစ္စကြီးက ဆက်လည်ပတ်နေတာကိုး။ အဲဒီလို လောကဓံက မျက်နှာသာ နည်းနည်းလေးမှ မပေးဘဲ အသေအလဲ ထိုးကြိတ်တာကို ခံလိုက်ရတဲ့ အဆိုးဆုံး အဆင့်မှာ လူဟာ စိုးရိမ်ပူပန်လွန်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဘဝအပေါ် စိတ်ကုန်ခြင်းနဲ့ အတိတ်က ဖြစ်ရပ်ဆိုးတွေကို ရုပ်ရှင်ပြကွက်တွေလို စိတ်ထဲမှာ အကြိမ်ကြိမ် ပြန်လည်မြင်ယောင်ပြီး ထိတ်လန့်ခြင်းစတဲ့ စိတ်ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရလေ့ရှိတယ်။
ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ဘဝနဲ့ပတ်သက်ပြီး ယုံကြည်စွာနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ “လောကကြီးက လုံခြုံပါတယ်၊ တရားမျှတပါတယ်၊ ကြိုတင်ခန့်မှန်းလို့ ရပါတယ်” ဆိုတဲ့ အခြေခံအမြင်တွေက ကိုယ့်ရှေ့မှာတင် ပျက်စီးခြင်းငါးပါးနဲ့ ကြေမွပျက်စီးသွားရလို့ပါပဲ။ ဒါပေမယ့် အဲဒီလို ကြေမွသွားတဲ့ အပျက်အစီးတွေကြားထဲကနေ အရင်ကထက် ပိုပြီးခိုင်မာတဲ့၊ ပိုပြီးလှပတဲ့၊ ပိုပြီးသာယာတဲ့ ဘဝအသစ်တစ်ခုကို မဖြစ်ဖြစ်အောင် ပြန်ဆောက်ယူလိုက်တဲ့ ဖြစ်စဉ်ကို စိတ်ပညာမှာတော့ Post-Traumatic Growth (PTG) လို့ ခေါ်ကြတယ်။
ဒီနေရာမှာ တစ်ခု ရှင်းရှင်းလင်းလင်း သိထားရမှာက ဒါဟာ လောကဓံကို ကြံ့ကြံ့ခံနိုင်ရုံ သက်သက် မဟုတ်ဘူး။ မူလပုံစံဆီကို ပြန်သွားတာ မဟုတ်ဘဲ လုံးဝကို အဆင့်မြင့်သွားတဲ့ ဗားရှင်းအသစ်တစ်ခုအဖြစ် ပြောင်းလဲသွားတာမျိုး။ လူတစ်ယောက်ဆီမှာ အဲဒီပြိုလဲမှုကို အခြေခံကာ ဘဝအဓိပ္ပာယ်အသစ်ကို စနစ်တကျ ပြန်လည်တည်ဆောက်ပြီး အဆိုးကနေ အရင်ကထက် ပိုကောင်းတဲ့ဘက်ကို ရောက်အောင်သွားနိုင်တဲ့ အစွမ်းအစတွေ အပြည့်ရှိပါတယ်။ အဲလို လုပ်ဆောင်နိုင်တဲ့ အားအင်တွေ ဘယ်လို ဖြစ်ထွန်းလာရသလဲဆိုတာကို လေ့လာကြည့်ကြရအောင်။
၁။ ငါက ဒီလောက်အထိ ခံနိုင်ရည်ရှိပါလားလို့ ကိုယ့်ကိုယ်ကိုယ် အံ့ဩသွားတာ။
သာမန်အချိန်တွေမှာ လူတွေက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်သေးပြီး အားမလိုအားမရ ဖြစ်တတ်ကြတာဗျ။ “ငါက အတွေ့အကြုံရှိသေးတာ မဟုတ်ဘူး။ ဒီပြဿနာကြီးသာ ငါ့ဆီလာရင် ငါတော့ ဒုက္ခလှလှ တွေ့မှာပဲ” ဆိုပြီး ကြိုတင် တွေးကြောက်နေတတ်ကြတယ်။ ဒါပေမယ့် တကယ်တမ်းတော့ အဆိုးဆုံးသော ဒုက္ခမျိုးနဲ့ မျက်နှာချင်းဆိုင် တိုးလိုက်ရတဲ့အခါ… “ဟင်… ငါ မသေဘူး၊ ရေကူးတတ်တယ် ဆိုတာမျိုး အဆင်ပြေပြေ ကျော်ဖြတ် လာနိုင်ပါလား” ဆိုတာကို အံ့ဩဖွယ်ရာ တွေ့လိုက်ရတယ်။
ဒါဟာ ဒုက္ခထဲမှာတင် လမ်းဆုံးမသွားဘဲ “ဤဒုက္ခမှ လွတ်မြောက်ကြောင်း လမ်းစရှိရမယ်” ဆိုတဲ့ အမြင်မှန်ကို စတင်ရှာဖွေနိုင်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ အလှည့်အပြောင်းပဲ။ ဒီလို ကြေကွဲစရာတွေကို ကြိတ်မှိတ်ဖြတ်သန်းပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့ စိတ်ထဲမှာ သံမဏိလို ခိုင်မာတဲ့ ယုံကြည်မှုအသစ်တစ်ခု ဝင်ရောက်သွားတော့တယ်။ “ဒီလောက်ဆိုးရွားတဲ့ အခြေအနေကြီးကိုတောင် ငါ ကျော်ဖြတ်နိုင်ခဲ့သေးတာပဲ… ရှေ့လျှောက် ဘာလာလာ ငါ ဂရုမစိုက်တော့ဘူး” ဆိုတဲ့ စိတ်ဓာတ်ခွန်အားမျိုး ရသွားတာပါ။ ကိုယ့်ရဲ့ အားနည်းချက်ကို လက်ခံပေးနိုင်သွားသလို၊ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ မယုံနိုင်စရာ ကြံ့ခိုင်သန်စွမ်းမှုကိုလည်း ကိုယ်တိုင် ပြန်ရှာတွေ့သွားတာပေါ့။
.
၂။ ဘေးနားက အယောင်ဆောင်လူတွေကို စိတ်ကုန်သွားခြင်း
Trauma ဆိုတာ တကယ့်ကို မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုကို စစ်ထုတ်ပေးနိုင်တဲ့ အရာကြီးဗျ။ ဘဝမှာ ဒုက္ခမရောက်ခင်တုန်းကတော့ လက်ဖက်ရည်ဆိုင်မှာ အတူထိုင်၊ ဂိမ်းဆော့၊ ဟေးလားဝါးလား လုပ်နေတဲ့ သူငယ်ချင်းတွေ၊ ဘီယာဆိုင်မှာ ဖန်ခွက်ချင်း တိုက်နေတဲ့ မိတ်ဆွေတွေကို တအားခင်စရာကောင်းတဲ့ သူတွေလို့ ထင်နေခဲ့တာပေါ့။ ဒါပေမယ့် တကယ်တမ်း ကိုယ့်ဘဝဟာ မထင်မှတ်ထားလောက်အောင် လဲပြိုကျသွားတဲ့ အချိန်ကျတော့မှ ဘယ်သူက ကိုယ့်ကို ကျောခိုင်းသွားလဲ၊ ဘယ်သူက ကိုယ့်ဘေးမှာ အသာလေး လာထိုင်ပေးနေလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားကြီးကို မြင်လိုက်ရတော့တာပဲ။
PTG ရသွားတဲ့သူတွေမှာ ထူးခြားတဲ့အကျင့်တစ်ခု ရှိလာတယ်။ အပေါ်ယံ ဟန်ဆောင်ပန်ဆောင် ဆက်ဆံရေးတွေကို လုံးဝ စိတ်ကုန်သွားတာပါပဲ။ လူတွေကြားထဲမှာ ဟိုလူ့အတင်းတုပ်၊ ဒီလူ့အကြောင်းပြောနေတဲ့ ကိစ္စတွေဆိုရင် စိတ်ထဲကနေ ပြုံးစိစိနဲ့ လျစ်လျူရှုတတ်သွားပြီ။ အဲဒီအစား သူတို့ရဲ့ တကယ့်မိတ်ဆွေအစစ်တွေအပေါ်မှာ ကိုယ်ချင်းစာစိတ် ပိုရှိလာတတ်တယ်။ ပိုပြီး ဂရုစိုက်လာတတ်တယ်။ သူတို့ရဲ့ နာကျင်မှုကို နားလည်ပေးနိုင်တဲ့သူ၊ သူတို့ငိုနေတဲ့အချိန်မှာ “မငိုပါနဲ့ကွာ” လို့ လာမတားဘဲ ဘေးကနေ ပခုံးလေး လာဖက်ထားပေးတဲ့သူ အနည်းစုလောက်နဲ့ပဲ ရင်းနှီးနက်ရှိုင်းတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်တတ်သွားကြတယ်။
.
၃။ မရည်ရွယ်ဘဲ တွေ့လာရတဲ့ လမ်းသစ်တွေ
တစ်ခါတစ်လေကျရင် ဘဝကြီးက ကိုယ်လျှောက်နေတဲ့လမ်းကို ရည်ရွယ်ချက်ရှိရှိ ဝင်ပိတ်ပစ်တတ်တယ်။ နိုင်ငံတော်ရဲ့အာဏာကို အတင်းအဓမ္မ လုယူခံလိုက်ရတာ၊ ရောဂါဆိုးကြီးတစ်ခု ရသွားတာ၊ ကိုယ်အလွန်ချစ်ရတဲ့သူ တစ်ယောက်ယောက် ကိုယ့်ရဲ့ဘဝထဲကနေ အပြီးတိုင် ထွက်သွားတာမျိုးပေါ့။ အဲဒီလို အချိန်မှာ လူက ရူးမတတ် ခံစားရတယ်။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတယ်။ ကိုယ် ကြိုတင်မျှော်လင့်ထားသမျှ အရာအားလုံးဟာ သဲထဲရေသွန်လိုက်သလို ဘာအစအနမှ ကျန်မနေတော့ဘူး။
ဒါပေမယ့် အဲဒီလို ဖြစ်သွားခြင်းကပဲ အရင်တုန်းက လုံးဝ မစဉ်းစားဖူးခဲ့တဲ့ အတွေးအမြင်အသစ်တွေကို ရရှိဖို့လမ်းစ ဖြစ်သွားတတ်တယ်။ “ငါ့ဘဝကြီးက ဒီလမ်းကြောင်း တစ်ခုတည်း ရှိတာမဟုတ်ဘူး။ ဒီလမ်းက ပိတ်ဆို့နေရင် ငါသွားချင်တဲ့ဆီကိုရောက်ဖို့ ဘယ်လမ်းကတော့ သွားလို့ရနေတာပဲ” ဆိုတာကို ရုတ်တရက် အလင်းပေါက်သွားတာမျိုးပါ။ ဥပမာ – ငွေရှာဖို့ချည်းပဲ သဲကြီးမဲကြီး လုပ်နေတဲ့သူက ရောဂါတစ်ခု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်လေးတွေ လုပ်လာတာမျိုး၊ ဘာသာရေးဘက်ကို ပိုပြီးအာရုံစိုက်လာတာမျိုးတွေပေါ့။ ဒဏ်ရာရခြင်းကပဲ သူတို့ကို ဘဝရဲ့အဓိပ္ပာယ်အသစ်တစ်ခုဆီကို မထင်မှတ်ဘဲ တွန်းပို့ပေးလိုက်တာ ဖြစ်ပါတယ်။
.
၄။ သဘာဝတရားကို ပိုပြီးတော့ ခံစားတတ်လာခြင်း
သာမန်အချိန်မှာဆိုရင် လူတွေက အသေးအဖွဲလေးတွေအတွက်နဲ့ စိတ်ညစ်ပြတတ်ကြတယ်။ အင်တာနက် လိုင်းနည်းနည်း ကျသွားရင် စိတ်တိုမယ်၊ ဟင်းလေး နည်းနည်း ငန်သွားရင် ပွစိပွစိ လုပ်မယ်၊ ရာသီဥတု ပူရင် ညည်းမယ်ပေါ့။ ဒါပေမယ့် သေမလောက် ခံစားရတဲ့ ဒဏ်ရာတစ်ခု၊ ဆုံးရှုံးမှုတစ်ခုကို ဖြတ်သန်းပြီးသွားတဲ့ အခါမှာတော့ အဲဒီ ကိစ္စလေးတွေက ဘာမှ မဟုတ်တော့ဘူး ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားပြီး ဘဝရဲ့ သာမန်အရာလေးတွေကို ပိုမိုတန်ဖိုးထားတတ်လာတယ်။ (ထမင်းအိုးလေးတစ်အိုး ကျက်ပြီးချိန်ထိ မီးမပျက်သေးတာကို ပျော်တတ်လာမယ်)
မနက်အိပ်ရာနိုးလို့ နေရောင်ခြည်နွေးနွေးလေးကို ခံစားရတာ၊ ချစ်ရသူတွေနဲ့ မျက်နှာချင်းဆိုင်ပြီး ထမင်းတစ်လက်ဆုံ စားရတာ၊ အေးချမ်းတဲ့ ညနေဆည်းဆာမှာ လမ်းလျှောက်ထွက်တာ… တစ်ချိန်က လုပ်ရိုးလုပ်စဉ်လို့ ထင်ခဲ့တဲ့ ဒီအရာတွေဟာ အခုတော့ တန်ဖိုးအကြီးမားဆုံး လက်ဆောင်တွေမှန်း သိလာကြတယ်။ သေမင်းနဲ့ မျက်နှာချင်းဆိုင်ဖူးသူတွေ၊ ငရဲလို နေ့ရက်တွေကို ဖြတ်သန်းဖူးသူတွေဟာ သာမန် ရေတစ်ခွက်သောက်ရတဲ့ အရသာကိုတောင် သိပ်ကျေးဇူးတင်တတ်လာကြတယ်။ ဘဝရဲ့ အသေးအဖွဲလေးတွေထဲမှာပဲ အစစ်မှန်ဆုံးပျော်ရွှင်မှုကို သူတို့ ရှာဖွေတွေ့ရှိသွားကြတာပါ။
.
၅။ စိတ်တွင်းဒဏ်ရာတွေကို ကုစားနိုင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု
စိတ်ပညာမှာတော့ စိတ်ဒဏ်ရာကို ကုစားဖို့ဆိုရင် စိတ်တည်ငြိမ်မှုနဲ့ အာရုံစူးစိုက်မှုက မရှိမဖြစ် လိုအပ်တယ်ဗျ။ စိတ်ဒဏ်ရာကြောင့် တုန်လှုပ်ခြောက်ချားနေတာတွေ ငြိမ်းအေးသွားဖို့ဆိုတာ ကိုယ်ရောစိတ်ပါ ငြိမ်ကျသွားအောင် အရင်ဆုံး အဆင့်ဆင့် တည်ဆောက်ယူရတာကိုး။ စိတ်လေး တည်ငြိမ်သွားမှသာ လောကကြီးရဲ့ အရှိတရားကို အမှန်အတိုင်း လက်ခံနိုင်စွမ်း ရှိလာတာပါ။
“လောကကြီးက ငါထင်သလို အမြဲတမ်း မျှတမနေဘူး… ဘာမဆို ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီလို မသေချာ မရေရာမှုတွေကြားထဲမှာပဲ တစ်ရက်ပြီးတစ်ရက် အဓိပ္ပာယ်ရှိရှိ ရှင်သန်သွားဖို့က ငါ့တာဝန်ပဲ” ဆိုတဲ့ ရင့်ကျက်တဲ့ ဘဝဒဿနမျိုးဆိုတာ စာအုပ်ဖတ်ရုံနဲ့ ရလာတာမဟုတ်ဘူး။ ဒါဟာ အဆိုးဆုံးသော ဒုက္ခတွေ၊ နာကျင်မှုတွေနဲ့ အလဲအလှယ် လုပ်ပြီးမှသာ ရလာတတ်တဲ့ ဘဝရဲ့အနှစ်သာရပဲ ဖြစ်ပါတယ်။
…
…
ဒါလေးတော့ ကြိုပြောထားချင်သေးတယ်။
Post-Traumatic Growth ဆိုတာကို ပြောတဲ့အခါ နားလည်မှုလွဲတတ်တဲ့ ကိစ္စတစ်ခု ရှိတယ်။ PTG ရသွားလို့၊ လူက ပိုရင့်ကျက်သွားလို့ “ဒီလို ဒဏ်ရာရတာ ဘဝအတွက် ကောင်းပါတယ်၊ လက်ဆောင်တစ်ခုပါ” လို့ ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး။ ဒဏ်ရာရတာကတော့ ဒဏ်ရာရတာပါပဲ။ နာကျင်တာကတော့ နာကျင်တာပါပဲ။ ဒုက္ခဆိုတာ ဘယ်တော့မှ လက်ဆောင်မွန် မဟုတ်ပါဘူး။ တစ်ယောက်ယောက်ကများ ကိုယ်ခံစားခဲ့ရတဲ့ ဒဏ်ရာကို “မင်းအတွက် ကောင်းချီးတစ်ခုပါ” လို့ လာပြောရင် မျက်နှာကို လက်သီးနဲ့ပိတ်ထိုးပစ်လိုက်ပါ။
ဆင်းရဲဒုက္ခဆိုတာ စိတ်ကိုဖျက်ဆီးပစ်မယ့် အရာသက်သက်မဟုတ်ဘဲ စိတ်ရဲ့ မူလခံယူချက်အမှားတွေကို ရိုက်ချိုးပေးလိုက်တဲ့ အားကောင်းသော ပြုပြင်ပြောင်းလဲရေး ပစ္စည်းတစ်ခုသာ ဖြစ်ပါတယ်။ လူသားတွေရဲ့ စိတ်နှလုံးဆိုတာ သိပ်ကို အံ့ဩစရာကောင်းပါတယ်။ မှောင်မိုက်နေတဲ့ ချောက်ကမ်းပါးထဲ ကျသွားပေမယ့် အဲဒီ အမှောင်ထုထဲမှာပဲ ကြိတ်မှိတ်ပြီး ရှင်သန်ရင်း အလင်းရောင်ရှိရာကို တရွေ့ရွေ့ တက်လာနိုင်စွမ်း ရှိကြတယ်။ အပေါ်ရောက်လာတဲ့ အခါမှာတော့ သူဟာ အရင်က ချောက်ထဲပြုတ်မကျခင်ကလူ မဟုတ်တော့ဘူး။ ပိုပြီး ကြံ့ခိုင်၊ ပိုပြီး ကြင်နာတတ်၊ ပိုပြီး ဘဝကို နားလည်သွားတဲ့ လူသစ်တစ်ယောက်အနေနဲ့ အဆင့်မြင့် လွတ်မြောက်မှုဆီကို ရောက်ရှိသွားတာမျိုးပဲ ဖြစ်ပါတယ်ဗျာ။
ဘဝရဲ့ Trauma တွေကို အကျိုးရှိတဲ့ နည်းလမ်းနဲ့ အသုံးချနိုင်ကြပါစေ…..။
Trauma များနဲ့
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

