“ကိုယ့်စိတ်ကိုလည်း ကျန်းမာရေးစစ်ဆေးဖို့ လိုပါတယ်”

“နေကောင်းလား”

ဒီမေးခွန်းကို ကျွန်မတို့ နေ့တိုင်းလိုလို ကြားဖူးကြတယ်။ မေးဖူးကြတယ်။ ဒါပေမယ့် “ဒီနေ့ စိတ်ကော အဆင်ပြေရဲ့လား” လို့ အခြားသူကိုရော ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် မေးဖူးတဲ့သူ ဘယ်နှယောက်ရှိမလဲ။

ဖျားရင် ဆေးသောက်တယ်။ မသက်သာရင် ဆေးခန်း သွားတယ်။ သွားကိုက်ရင် သွားဆရာဝန်ဆီ သွားတယ်။ ခန္ဓာကိုယ်က နာကျင်မှုတစ်ခုခုကို အချက်ပြတဲ့အခါ ကျွန်မတို့ သတိထားမိတယ်။ ဒါပေမယ့် စိတ်ပင်ပန်းနေတာ၊ ဘာမှကို စိတ်မဝင်စားတော့တာ၊ ရယ်နေရဲ့သားနဲ့ အတွင်းထဲမှာ ဗလာဖြစ်နေတာမျိုးတွေ ဖြစ်လာရင်တော့ “ခဏပါ”၊ ပျင်းလို့ပါ”၊ “မနက်ဖြန်ဆို ကောင်းသွားမှာပါ” ဆိုပြီး ကိုယ့်ခံစားချက်ကို ကိုယ်တိုင် တစ်ခါပြီးတစ်ခါ ဖုံးကွယ်ပစ်လိုက်တတ်ပါတယ်။

တစ်ခါတလေ ကျွန်မကိုယ်တိုင်လည်း ဒီလိုပါပဲ။ အလုပ်တွေ လုပ်နေတယ်။ အိမ်သားတွေနဲ့ စကားပြောတယ်၊ ရယ်မောနေတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောနေတယ်။ ဒါပေမယ့် အနားယူဖို့ လှဲချလိုက်တဲ့အခါ “ငါ တကယ်ရော အဆင်ပြေရဲ့လား” ဆိုတဲ့ အတွေးက ပေါ်လာတော့တာပဲ။ ပင်ပန်းနေတယ်ဆိုတာ သိပေမယ့် ဘယ်ကစပြီး ကိုင်တွယ်ရမှန်းမသိဘူး။ အိပ်ပြီးနိုးလာလည်း အိပ်ရေးက ဝမနေဘူး။ အနားယူပြီးသားလည်း အနားယူချင်နေတုန်းပဲ။

တကယ်တော့ ကျွန်မတို့က စက်ပစ္စည်းတွေ၊ ကားကိုတောင် ပုံမှန် ဆီထည့်တယ်၊ စစ်ဆေးတယ်။ ဖုန်းကိုတောင် ဘက်ထရီ ရှိသေးလား၊ အားသွင်းဖို့လိုနေလား ဆိုတာကို ဂရုစိုက်ကြည့်တယ်။ ဒါဆိုရင် နေ့တိုင်း အတွေးတွေ၊ ခံစားချက်တွေနဲ့ အလုပ်လုပ်နေတဲ့ ကိုယ့်ရဲ့စိတ်ကိုရော နောက်ဆုံး ဘယ်တုန်းက သေချာဆန်းစစ်ခဲ့ပါသလဲ။
.

• စိတ်ကျန်းမာရေး စစ်ဆေးတယ်ဆိုတာ

ဒီနေရာမှာ စိတ်ကျန်းမာရေး စစ်ဆေးတယ်ဆိုတာ ကြီးကြီးမားမား ရောဂါရှာတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်အခြေအနေကို သတိထားပြီး ပြန်လည်သုံးသပ်တာပါ။ ရာသီဥတု အကူးအပြောင်းကို သတိထားမိကြသလိုမျိုး ကိုယ့်အတွင်းထဲက ပြောင်းလဲမှုတွေကိုလည်း သတိထားမိဖို့ လိုပါတယ်။ ဒီသတိထားမိမှုလေးက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။

တကယ်တော့ စိတ်ကျန်းမာရေးဆိုတာ ရောဂါရှိမှ ဂရုစိုက်ရမယ့်အရာ မဟုတ်ပါဘူး။ မနက်နိုးလို့ သွားတိုက်တာ၊ မျက်နှာသစ်တာ၊ ရေချိုးတာလိုပဲ နေ့စဉ်ဂရုစိုက်သင့်တဲ့အရာပါ။ ဒါပေမယ့် ကျွန်မတို့အများစုက စိတ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ် မဟုတ်လား။
.

• စိတ်အခြေအနေကို သိရဖို့ ကိုယ့်ကိုယ်ကိုယ် ဘာမေးခွန်းလေးတွေ မေးသင့်လဲ။

၁။ ဒီရက်ပိုင်း အိပ်ရေးဝဝ အိပ်ဖြစ်ရဲ့လား။
အိပ်ရာဝင်တာနဲ့ ချက်ချင်းအိပ်ပျော်လား ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်နေတာလား။

၂။ အရင်တုန်းက ပျော်ခဲ့ဖူးတဲ့အရာတွေကို အခုရော ပျော်မွေ့နေသေးရဲ့လား။
ကိုယ်ကြိုက်တဲ့ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ ကော်ဖီဆိုင်ထိုင်တာ… ဒီအရာလေးတွေလုပ်ဖို့ အခုထိ စိတ်ပါနေသေးရဲ့လား။

၃။ စိတ်ဖိစီးမှုက ကိုယ့်ရဲ့နေ့စဉ်ဘဝကို ထိခိုက်နေပြီလား။
အလုပ်လုပ်ရတာ ခက်လာတယ်။ အိမ်မှာရှိတဲ့သူတွေနဲ့ စိတ်တိုလွယ်လာတယ်။ ကိုယ်ချစ်တဲ့လူတွေကိုတောင် စိတ်ရှည်ဖို့ ခက်လာတယ်၊ ထိလွယ်ရှလွယ်လာတယ် ဆိုရင် သတိထားပါ။

၄။ နိုးထလာတာနဲ့ မောပန်းနေသလို ခံစားရလား။
ဘာမှမလုပ်ရသေးဘဲ ပင်ပန်းနေတာမျိုး ဖြစ်နေလား။

၅။ တစ်ယောက်ယောက်နဲ့ စကားပြောချင်စိတ် ပျောက်ဆုံးနေပြီလား။
ချစ်တဲ့သူတွေကိုတောင် ရှောင်ချင်စိတ်ဖြစ်လား။ ကိုယ့်အခန်းထဲမှာပဲ တစ်ယောက်တည်း နေချင်တဲ့စိတ်က များလာလား။

ဒီမေးခွန်းလေးတွေက ကိုယ့်စိတ်ရဲ့ အခြေအနေကို အလွယ်တကူ စစ်ဆေးပေးတာပါ။ အဖြေတွေက အတိအကျမရှိရင်တောင် အခုလိုလေး မေးလိုက်တာကိုက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါ။
.

• ဘယ်လိုအချက်လေးတွေကို သတိထားသင့်လဲ။

အိပ်မပျော်ခြင်း ဒါမှမဟုတ် အလန်အိပ်ချင်နေခြင်း – ပုံမှန်အိပ်ချိန်ထက် အများကြီး ပြောင်းလဲလာတာ။

စားချင်စိတ် ပြောင်းလဲခြင်း – အရင်က ကြိုက်တဲ့အစားအစာတွေကိုတောင် ငြီးငွေ့လာတာ ဒါမှမဟုတ် ဗိုက်မဆာဘဲ အချိန်တိုင်း စားချင်နေတာ။

ဒေါသထွက်လွယ်ခြင်း – ကိစ္စသေးသေးလေးတွေကိုတောင် စိတ်တိုလာတာ၊ ကိုယ်တိုင်လည်း ဘာကြောင့်ဒေါသထွက်နေမှန်း မသိဖြစ်တာ။

အာရုံမစိုက်နိုင်ခြင်း – ရုပ်ရှင်ကြည့်နေရင်း အဆုံးထိမကြည့်နိုင်တာ၊ စာကို ကြာကြာမဖတ်နိုင်တာ၊ စကားပြောရင်း အာရုံပျောက်သွားတာ။

အမြဲမောပန်းနေခြင်း – ညဘက်အိပ်ပြီးလို့ နိုးလာတာတောင် အိပ်ချင်နေတုန်းပဲ။ အိပ်နေပေမယ့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်လိုက်ရဘူးလို့ ခံစားရတာ။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခြင်း – “ငါ ဒီလောက်တောင် မလုပ်နိုင်ဘူးလား”၊ “ငါ့ကြောင့်ပဲ” ဆိုတဲ့ အတွေးတွေ ခေါင်းထဲမှာ ပျံ့လွင့်နေတာ။

ဒီလက္ခဏာလေးတွေ ကိုယ့်မှာတွေ့လာခဲ့ရင် ငါတစ်ယောက်တည်း ဖြစ်နေတာလားလို့ မတွေးပါနဲ့။ ဒါတွေက ကိုယ့်စိတ်က အနားယူဖို့၊ ဂရုစိုက်ဖို့ အချက်ပြနေတဲ့ သင်္ကေတတွေပဲ ဖြစ်ပါတယ်။
.

• စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ နေ့စဉ် ဒါလေးတွေကို လေ့ကျင့်ပေးပါ။

အိပ်ရေးဝဝ အိပ်ပါ – အိပ်ချိန်ကို ပုံမှန်ဖြစ်အောင် ထားပါ။

နေ့စဉ် နည်းနည်းချင်းစီ ကိုယ်လက်လှုပ်ရှားပေးပါ။

ယုံကြည်ရတဲ့သူတစ်ယောက်နဲ့ စကားပြောပါ – “ငါ အဆင်မပြေဘူး” ဆိုတာကို ရင်ဖွင့်လိုက်ရုံနဲ့ ရင်ထဲက ဝန်တစ်ခုက ပေါ့ပါးသွားတတ်ပါတယ်။ သူများကို မဟုတ်ရင်တောင် ဒိုင်ယာရီလို ချရေးလိုက်တာကလည်း စိတ်ကို သက်သာစေပါတယ်။

အလုပ်နဲ့ အနားယူချိန်ကို မျှတအောင်ထားပါ – တစ်နေ့ကို နာရီဝက်လောက် ကိုယ့်အတွက်ပဲ သတ်မှတ်လိုက်ပါ။ ဘာမှမလုပ်ဘဲ ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကြည့်တာ၊ လက်ဖက်ရည်တစ်ခွက်သောက်တာ၊ တရားထိုင်တာမျိုး လုပ်ကြည့်ပါ။

လိုအပ်ရင် အကူအညီတောင်းပါ – Counselor ဆီသွားတာ၊ Mental Health Professional နဲ့ ဆွေးနွေးတိုင်ပင်ပါ။

တစ်ခါတလေ ကျွန်မတို့ဟာ ပြုံးနေတိုင်း ပျော်နေတာမဟုတ်သလို ငိုနေတိုင်း ဝမ်းနည်းနေတာလည်း မဟုတ်ပါဘူး။ တစ်ခါတလေ ရယ်မောနေပေမယ့် အတွင်းထဲမှာ ဗလာဖြစ်နေတတ်တယ်။ ဒါကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့၊ ကိုယ့်ခံစားချက်ကို အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။

ဒီနေ့ည အိပ်ရာဝင်ခါနီး မျက်လုံးမှိတ်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းလေးတစ်ခု မေးကြည့်ပါ။

“ဒီနေ့ ငါ့စိတ်က ဘယ်လိုရှိလဲ၊ ငါ ဘယ်လိုခံစားနေရလဲ”

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဟာ ခရီးရှည်ကြီးတစ်ခုပါ။ ဒါကြောင့် ဒီနေ့ပဲ ပထမဆုံးခြေလှမ်းကို စလှမ်းလိုက်ပါ…..။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here