အူကပ်ခြင်း (Adhesion) ဆိုတာဘာလဲ။
ကြားဖူးကြလားဗျ။ တချို့လူနာလေးတွေလေ ဝမ်းဗိုက်ခွဲစိတ်ပြီး အချိန်တစ်ခုလောက်ကြာတဲ့အခါမှာ လေပွတာတွေ၊ ဗိုက်အရမ်းအောင့်လာတာတွေ၊ ဝမ်းချုပ်တာ၊ အန်တာတွေဖြစ်လာကြတယ်ဆိုတာမျိုး။
အဲဒါတွေဖြစ်လာရတဲ့ အကြောင်းတွေများစွာထဲက တစ်ခုကတော့ အူကပ်ခြင်းကြောင့်ဗျ။ အူကပ်ခြင်းအကြောင်းပြောရရင် ရှုပ်တယ်ဗျာ။ ဆေးကျောင်းသားတွေကိုတောင် လက်ချာတစ်ချိန်စာမက သင်ရတယ်ဗျ။ ဒီနေ့တော့ အူကပ်ခြင်းအကြောင်း အကြမ်းဖျင်းသိလိုတဲ့ လူနာလေးတွေလည်း ရှိတာနဲ့ အနည်းငယ်ပြောပြပေးပါ့မယ်။
…
…
အူကပ်တယ်ဆိုတာ အဖြစ်နည်းတာ၊ ကိုယ့်ကျမှလာဖြစ်တာမျိုးရယ်တော့လည်း မဟုတ်ဘူး။ လူတိုင်းခွဲစိတ်ဖူးရင် နည်းနည်းသေးသေးလေးကနေ လက္ခဏာပြတဲ့ ခပ်ကြီးကြီးအထိ ဖြစ်တတ်ကြတာပေါ့နော်။ ဗိုက်ထဲက အူတွေဆိုတာက လွတ်လွတ်လပ်လပ်လှုပ်ရှားနေကြ၊ သွားလာနေကြတဲ့ အမျိုးကိုးဗျ။ တစ်ခါတလေကျတော့ အကြောင်းမသင့်တဲ့အခါမှာ ကပ်စေးစေးအနာဖေးလေးတွေပေါ်လာပြီး မာသွားတဲ့အချိန်ကျတော့ အချင်းချင်းတွေ ကပ်ကုန်တာပေါ့ဗျာ။
.
- ဘယ်လိုမျိုးကိစ္စတွေဆို အဲ့လိုအနာဖေးလေးတွေပေါ်လာတတ်တာလဲ။
အဖြစ်အများဆုံးကတော့ ဝမ်းဗိုက် ခွဲစိတ်မှုကြောင့်ပေါ့။ တခြားကိစ္စတွေလည်းရှိသေးတယ်။ ဗိုက်ထဲမှာ ပိုးဝင်တာတို့၊ အကြောင်းတစ်ခုခုကြောင့် ရောင်ရမ်းတာတို့ (ဥပမာ အူအတက်ရောင်တာ) ကြောင့်လည်းဖြစ်နိုင်သေးတယ်။ အလိုအလျောက်သွေးထွက်တဲ့ရောဂါတွေ၊ ဗိုက်ကိုဒဏ်ရာရတာတွေကနေ တစ်ဆင့်လည်း ဖြစ်နိုင်ပါသေးတယ်။
.
- အဲဒီအူကပ်စေတဲ့ အနာဖေးလေးတွေက ဘယ်လိုဖြစ်လာတာလဲ။
အသေးစိတ် ပြောပြရရင်တော့ ဆေးကျောင်းတတိယနှစ်တစ်နှစ်လုံး ပြန်သင်ရမလိုပါပဲ။ ဒါပေမယ့် ဒီလိုလေးပဲ မှတ်ထားလိုက်နော်။ လက်ကို ဓားရှတယ်ဆိုပါတော့ကွယ်။ ရှသွားတဲ့နေရာလေးကို ခန္ဓာကိုယ်ကသိတယ်ဗျ။ သိတဲ့အခါကျတော့ Fibrin ဆိုတဲ့ သွေးထဲကအမျှင်လေးတွေကို အဲဒီ အနာလေးနားမှာသွားပြီး စုပုံစေတယ်ဗျ။ အဆင့်တွေကျော်လိုက်ဗျာ။ အဲ့အမျှင်လေးတွေ ထွေးရောယှက်တင်ဖြစ်လာပြီး အနာဖေးလေးဖြစ်လာတယ်။ ပုံမှန်အားဖြင့် အနာဖေးလေးဖြစ်လာရင် အချိန်တန်ရင် tPA ဆိုတဲ့ ပစ္စည်းလေးထွက်လာတယ်။ ခုနက Fibrin အစုကြီးကို ဖြိုချဖို့ပေါ့။ ဒီလိုနဲ့ အနာဖေးလေးကွာသွားပြီး အသားလှလှလေးကျန်တာပေါ့နော်။
ခွဲစိတ်မှုလုပ်တာတို့၊ ဒဏ်ရာရတာတို့ကျ မတူဘူးရယ်။ ခုနပြောတဲ့ tPA ပစ္စည်းလေးက ထွက်မလာနိုင်ရှာဘူး။ နည်းနည်းလေးပဲ ထွက်တယ်ပဲဆိုရမှာပေါ့။ အဲဒီမှာ အနာဖေးလေးက ပြုတ်မသွားဘဲ ကော်လဂျင်လေးတွေ လာစုရင်း ပိုသန်စွမ်းလာပြီး Adhesion (ကပ်ခြင်း) (အူမှာဖြစ်တော့ အူကပ်ခြင်းပေါ့ဗျာ) ဖြစ်သွားတော့တာပါပဲ။
.
- Adhesions (အူကပ်ခြင်း) ဖြစ်ရင် ဘာတွေခံစားရမလဲ။
များသောအားဖြင့်တော့ ဘာလက္ခဏာမှ မပြတာများတယ်။ ခုနကကျွန်တော်ပြောသလိုပဲ ခွဲတဲ့လူတိုင်း ခပ်သေးသေးကနေ ခပ်ကြီးကြီးအထိတော့ ဖြစ်ကြတာပဲ ဆိုတာလေ။
ဖြစ်ပြီဆိုရင်တော့ မကြာခဏ ဗိုက်နာဗိုက်အောင့်တာ၊ ဗိုက်ပူလာတာ၊ လေပွတာ၊ ပျို့ချင်တာ၊ အန်တာ၊ လေချုပ်တာ၊ ဝမ်းအရမ်းချုပ်တာတွေ ဖြစ်လာတတ်ပါတယ်။
ပိုဆိုးလာရင်တော့ အူပိတ်သွားတာပေါ့နော်။ အူပိတ်သွားရင်တော့ အပေါ်ကလက္ခဏာတွေကိုမှ အဆိုးဆုံးသဘောပေါ့။ အူပိတ်တာကတော့ ဆေးပညာဆိုင်ရာ အရေးပေါ်အခြေအနေပါပဲ။
.
- ဘယ်အချိန်မှာ ဆေးရုံအမြန်သွားသင့်လဲ။
(၄) ချက်မှတ်ထားပေးနော်။ အထူးသဖြင့် ခွဲဖူးစိတ်ဖူးတဲ့လူတွေကို ပြောတာပါ။ ဆေးကျောင်းသားလေးတွေလည်း မှတ်လို့ရပါတယ်။
၁။ ဆိုးဆိုးဝါးဝါးဗိုက်အောင့်ခြင်း၊ တဖြည်းဖြည်း အောင့်တာပိုပိုဆိုးလာခြင်း။ (Pain)
၂။ အဆက်မပြတ် မကြာခဏအန်လာခြင်း။ (Vomiting)
၃။ ဝမ်းဗိုက်ကြီး ဖောင်းတင်းလာခြင်း။ (မာမာကြီးတင်းလာတာကို ပြောတာနော်။ အစာမကြေလို့ ဗိုက်တင်းတာမျိုးကို မဆိုလိုဘူး) (Abdominal Distension)
၄။ ဝမ်းချုပ်တာမှ လေပါသက်လို့မရတော့ခြင်း။ (Constipation + No gas passing)
CDPV ဆိုပြီးတော့ ဆေးကျောင်းသားဘဝက ကျက်ခဲ့ရသေးသဗျာ။ ဒီလိုဆိုရင်တော့ ဆေးရုံအမြန်သွားသင့်ပါပြီ။
.
- Adhesion ကို ကာကွယ်လို့ရလား။
ရိုးရိုးသားသားပဲ ပြောရအောင်ပါ။ ကာကွယ်လို့မရဘူးပဲ ပြောပါရစေ။ ခွဲစိတ်မှုရဲ့ရှုထောင့်က ပြောရရင်တော့ ဝမ်းဗိုက်မခွဲစိတ်ဖူးရင် ဖြစ်ဖို့အလွန်နည်းပါတယ်။ ခွဲစိတ်ဖူးတယ်ဆိုရင်တော့ ဒီလိုလေးပြောပြပါရစေ။
ခွဲစိတ်ဆရာဝန်တွေဟာ ခွဲစိတ်မှုရဲ့အဆင့်တိုင်းမှာ အတတ်နိုင်ဆုံး Adhesion ဖြစ်စေနိုင်တဲ့ ပြသနာလေးတွေကို သတိတကြီးနဲ့ ရှောင်ရှားကြရပါတယ်။ ကြိုးလည်းကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေကတော့ ရှိနေတုန်းပါလို့ ပြောပါရစေ။
.
- Adhesion ကို ဘယ်လိုကုမလဲ။
ရောဂါလက္ခဏာ မပြင်းထန်ဘူးဆိုရင်တော့ ဆေးရုံလေးတက်၊ အရည်ဆန်ဆန် အစာအဟာရလေးစား၊ အနားယူလိုက်တာနဲ့တင် သက်သာသွားနိုင်ပါတယ်။
ပြင်းထန်တဲ့ကိစ္စရပ်တွေမှာတော့ (ဥပမာ အူပိတ်ခြင်း) Adhesiolysis ဆိုတဲ့ ခွဲစိတ်မှုခံယူဖို့ လိုအပ်ပါလိမ့်မယ်။
…
…
- နောက်ဆုံးအမှာစကား
အရေးကြီးလို့ လူနာလေးတွေကိုလည်း မှာနေကျမို့ ကြီးကြီးကျယ်ကျယ် ရေးပါရစေ။
အပေါ်ကစာတွေဖတ်ပြီး ငါတော့ခွဲစိတ်ရင် အူကပ်တော့မှာပဲဆိုပြီး ကြောက်သွားစရာမလိုပါဘူး။ ကျွန်တော်တို့ ဆရာဝန်တွေဟာ Risk နဲ့ Benefit ကို တွက်ချက်ရတာပါပဲ။
ဝမ်းဗိုက်ခွဲစိတ်မှု ခံယူဖူးသူတိုင်း Adhesion (အူကပ်ခြင်း) ဖြစ်မှာမဟုတ်ပါဘူး။ သို့သော်ငြားလည်း ဒီစာလေးကြောင့် လက္ခဏာတွေကို နားလည်လာမယ်၊ ဘယ်အချိန်မှာ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့အကူအညီရယူရမယ်ဆိုတာ နားလည်လာမယ်ဆိုရင်ကို ကျွန်တော့်ဘက်က လူနာလေးတွေကို ကျေးဇူးတင်မိမှာပါ။
သင်ဟာ ယခင်က ခွဲစိတ်မှုခံယူဖူးတယ်၊ ယခု အပေါ်ကပြောတဲ့ ပြင်းထန်လက္ခဏာတွေ ကြုံနေရတယ်ဆိုရင် မျက်ကွယ်မပြုလိုက်ပါနဲ့။ တယ်လီကျန်းမာက အဆင်သင့် အကြံပေးကူညီဖို့ ရှိနေပါတယ်။ စောစောကုသခြင်းဟာ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်တယ် ဆိုတာလေးကို စကားလက်ဆောင်ပါးရင်း ဒီစာလေးကို အဆုံးသတ်ပါရစေ….။
Dr. Ted (UM2 IUC)
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

