ရိုးရိုးဗိုက်နာတာလား၊ အူအတက် ရောင်နေတာလား ဘယ်လို ခွဲခြားကြမလဲ။

“မာလကာသီးစားရင် အစေ့တွေ ထွေးထုတ်… မဟုတ်ရင် အူအတက်ထဲ ဝင်ပိတ်ပြီး အူအတက် ပေါက်တတ်တယ်”

ငယ်ငယ်က ဒီလိုကြားလိုက်ရတိုင်း မာလကာသီး အစေ့တွေကို စားလိုက်မိမှာကို စိုးရိမ်ခဲ့ဖူးကြမှာပေါ့။ ဒါဟာ ကျွန်တော်တို့ မြန်မာ့လူဘောင်မှာ အမြစ်တွယ်နေတဲ့ အူအတက်ရောင်တာနဲ့ ပတ်သက်တဲ့ အယူအဆလေး တစ်ခုပါ။ တကယ်တော့ လူကြီးတွေ ခြောက်သလို မာလကာသီးအစေ့၊ ခရမ်းချဥ်သီးအစေ့၊ ငရုတ်သီးအစေ့တွေကြောင့် အူအတက်ရောင်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါ။
.
.

  • အူအတက်ဆိုတာ ဘာလဲ။ ဘာလို့ ရောင်ရတာလဲ။

အူအတက်ဆိုတာ အူမကြီးရဲ့အစပိုင်း (ဗိုက်ရဲ့ ညာဘက်အောက်ခြေ) မှာ တွဲလောင်းလေး ကပ်နေတဲ့ လက်သန်းလောက် အရွယ်အစားရှိတဲ့ အိတ်ငယ်လေး တစ်ခုပါ။ သုတေသနတွေအရ အူအတက်ထဲကို အစေ့အဆန်တွေ ဝင်ပိတ်လို့ ရောင်တယ်ဆိုတာ ရာခိုင်နှုန်းအားဖြင့် အင်မတန်ကို ရှားပါးပါတယ်။

တကယ်တမ်း အူအတက်ကို ဒုက္ခပေးတာက ကိုယ်နေ့စဉ်သွားနေတဲ့ “ဝမ်း” ပါပဲ။ ဝမ်းတွေမာပြီး ခဲနေတဲ့အခါ (Faecolith လို့ခေါ်တဲ့ ကျောက်ခဲလိုမာနေတဲ့ ဝမ်းခဲလေးတွေက) အူအတက်ရဲ့ အဝကို သွားပိတ်မိတတ်ပါတယ်။ အိတ်အဝ ပိတ်သွားတဲ့အခါ အိတ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေက ပိတ်လှောင်ခံရပြီး အဆမတန် ပွားများလာပါတယ်။ အဲဒီအခါ ပြည်တည်လာပြီး “အူအတက်ရောင်ခြင်း” ဆိုတာ ဖြစ်လာပါတော့တယ်။

နောက်တစ်ချက်ကတော့ ဖျားနာတဲ့အခါ ဒါမှမဟုတ် အူလမ်းကြောင်း ပိုးဝင်တဲ့အခါ အူနံရံမှာရှိတဲ့ ပြန်ရည်ကျိတ်လေးတွေ ရောင်လာပြီး အူအတက်အဝကို သွားပိတ်တာမျိုးလည်း ရှိပါတယ်။

ဒါ့အပြင် နောက်ထပ် လူသိနည်းတဲ့ တရားခံတစ်ကောင် ရှိပါသေးတယ်။ အဲဒါကတော့ ဗိုက်ထဲက သံကောင်၊ တုတ်ကောင်တွေပါပဲ။ အထူးသဖြင့် ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။ အူလမ်းကြောင်းထဲမှာ နေရာအကျယ်ကြီး ရှိရက်သားနဲ့ အဲဒီ တုတ်ကောင်တွေက အူအတက် တွင်းကျဉ်းကျဉ်းလေးထဲကို ဇွတ်ဝင်တိုးပြီး သွားပိတ်ရာကနေလည်း အူအတက် ရောင်တတ်ပါသေးတယ်။

(အလွန်ရှားပါးတဲ့ အခြေအနေတွေမှာတော့ လူကြီးတွေမှာဆိုရင် အူမကြီးကင်ဆာ အကျိတ်တွေ လာပိတ်တာ၊ မတော်တဆ မျိုချမိတဲ့ပစ္စည်းတွေ ဝင်ပိတ်ရာကနေလည်း အူအတက် ရောင်တတ်ပါသေးတယ်။)
.

  • ရောဂါလက္ခဏာများ (လေနာလား၊ အူအတက်လား ခွဲခြားနည်း)

အူအတက်ရောင်ပြီဆိုရင် လက္ခဏာက ချက်ချင်းကြီး ညာဘက်အောက်ပိုင်းကို ထိုးအောင့်တာ မဟုတ်ပါဘူး။ သူက ဇာတ်လမ်းလေးနဲ့ အဆင့်ဆင့် လာတာပါ။

၁။ ချက်တစ်ဝိုက်က စအောင့်ခြင်း
ပထမဆုံး ချက်ပတ်လည်မှာ စပြီးရစ်အောင့်ပါတယ်။ အဲဒီအချိန်မှာ လူနာက လေနာတာလား၊ အစာအိမ်ပဲ ထတာလားဆိုပြီး ရောတတ်ပါတယ်။ အစာမကြေသလိုလို၊ ရင်ပြည့်သလိုလို၊ ပျို့ချင်သလိုလို ဖြစ်လာပါတယ်။

၂။ ညာဘက်အောက်သို့ ရွှေ့သွားခြင်း
နာရီအနည်းငယ် (၆ နာရီကနေ ၂၄ နာရီ ဝန်းကျင်) ကြာလာတဲ့အခါ အဲဒီနာကျင်မှုက ဗိုက်ရဲ့ ညာဘက်အောက်ပိုင်းကို ဆင်းသွားပါတယ်။ အဲဒီညာဘက်အောက်ပိုင်းကို လက်နဲ့ ဖိလိုက်ရင် အရမ်းနာပြီး၊ ဖိထားတဲ့လက်ကို အမြန်လွှတ်လိုက်ရင် ပိုပြီး ဆစ်ခနဲ နာသွားတတ်ပါတယ်။

၃။ နောက်ဆက်တွဲ လက္ခဏာများ
ဖျားလာမယ်၊ အန်မယ်၊ ဝမ်းချုပ်မယ် (တချို့မှာ ဝမ်းလျှောတတ်ပါတယ်)။ နောက်ပိုင်း ပိုဆိုးလာရင် ချောင်းဆိုးလိုက်တာ၊ လမ်းလျှောက်လိုက်ရင်တောင် ဗိုက်က နာနေတတ်ပါတယ်။

(နာ၊ အန်၊ ဖျား အစဥ်အတိုင်း နံပြား ဆိုပြီး အလွယ်တကူမှတ်လို့ရပါတယ်)
.

  • ဘယ်လို ကုသမလဲ။ (ခွဲလိုက်ရတော့မှာလား)

ဒီနေရာမှာ လူတွေ တော်တော်များများ အထင်လွဲတာ တစ်ခုရှိသေးတယ်။ “အူအတက်ရောင်တယ်ဆိုတာနဲ့ ဆရာဝန်က ဓားသွေးပြီး အသင့်စောင့်နေတာ။ ချက်ချင်း ဗိုက်ခွဲခံရတော့မှာပဲ” ဆိုတဲ့ အထိတ်တလန့် တွေးတာမျိုးပါ။ တကယ်တော့ ခွဲစိတ်ဆရာဝန်တွေဆိုတာ အူအတက်ရောင်တဲ့ လူနာတွေ့တိုင်း တွေ့တွေ့ချင်း ကောက်ခွဲပစ်တာ မဟုတ်ပါဘူး။ ကိုယ်ရောက်သွားတဲ့ အချိန်နဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသပုံ ဇာတ်လမ်းက ကွဲသွားပါတယ်။

၁။ အမြန်ခွဲထုတ်ခြင်း

ရောဂါစဖြစ်ဖြစ်ချင်း (၁၄ နာရီကနေ ၂၄ နာရီအတွင်း) စောစောစီးစီး လာပြတဲ့ အခြေအနေမျိုးမှာတော့ ခွဲထုတ်လိုက်တာ အရှင်းဆုံးပါပဲ။ ခွဲရမယ်ဆိုလို့လည်း တအားကြီး ကြောက်သွားစရာ မလိုပါဘူး။ အခုခေတ်မှာ အရင်လို ဗိုက်ကို ဇစ်ဆွဲသလို အရှည်ကြီး ခွဲစရာမလိုတော့ပါဘူး။ ဗိုက်မှာ အပေါက်ငယ်လေး ၃ ပေါက်လောက်ပဲဖောက်ပြီး မှန်ပြောင်းနဲ့ အသာလေး နှိုက်ထုတ်သွားတဲ့နည်းနဲ့ လွယ်လွယ်ကူကူ လုပ်လို့ရနေပါပြီ။ ခွဲပြီးရက်ပိုင်းအတွင်း လူနာက ပုံမှန်ပြန်ဖြစ်သွားပါပြီ။ (ကုန်ကျစရိတ်လေးတော့ ပိုများတာပေါ့)

၂။ ဓားမပါဘဲ ဆေးနဲ့ထိန်းခြင်း

ဒါကတော့ လူတော်တော်များများ မသိကြတဲ့ကိစ္စပါ။ သိပ်မဆိုးသေးတဲ့ အူအတက်ရောင်ခြင်း အဆင့်မှာဆိုရင် ခွဲခန်းထဲတောင် မဝင်ရပါဘူး။ ဆေးရုံတင်၊ အစာခဏဖြတ်၊ အကြောဆေးသွင်းပြီး အစွမ်းထက်တဲ့ ပိုးသတ်ဆေးတွေနဲ့ပဲ အရင်တိုက်ခိုက်ကြည့်တာပါ။ အနာနဲ့ဆေး တွေ့သွားရင် ခွဲစရာမလိုဘဲ အိမ်ပြန်ဆင်းသွားတဲ့ လူနာတွေ အများကြီးပါ။ (ဒါပေမယ့် နောက်ပိုင်း လပေါင်းများစွာ ကြာတဲ့အခါ ပြန်ရောင်နိုင်ခြေတော့ရှိလို့ ဆရာဝန်နဲ့ဆက်ပြဖို့တော့ လိုပါတယ်။)

၃။ ခန္ဓာကိုယ်က အလို လျောက်ကုသခြင်း

တချို့က ဗိုက်အောင့်တာကို အောင့်အည်းသည်းခံပြီး ၃-၄ ရက်လောက်နေမှ ဆေးရုံကို ရောက်လာတတ်တယ်။ အဲဒီအချိန်ဆို အူအတက်က ရောင်ကားပြီး ပေါက်ထွက်လုနီးပါး ဖြစ်နေလောက်ပြီ။ ဒါပေမယ့် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ စနစ်က တော်တော် ဆန်းကြယ်ပါတယ်။ အူအတက် ပေါက်မထွက်အောင် ဘေးနားက အူတွေ၊ အမြှေးပါးတွေက လာပြီး ရစ်ပတ်ကာကွယ်လိုက်ကြရော။ အဲဒီလို အချိန်မှာ ဗိုက်ကို စမ်းကြည့်ရင် ညာဘက်အောက်ပိုင်းမှာ အလုံးအကျိတ်ကြီးလို ဖြစ်နေတတ်တယ်။

ဒီလို အူတွေ ရှုပ်ယှက်ခတ် အုံခဲနေချိန်မှာ ဆရာဝန်က ဇွတ်ဝင်ခွဲရင် ဘေးက အကောင်းပကတိ အူတွေကိုပါ သွားထိပြီး ပြဿနာက ပိုကြီးသွားတတ်တယ်။ အဲဒီတော့ လုံးဝမခွဲသေးဘဲ ပိုးသတ်ဆေးတွေ ရက်ဆက်ပေးပြီး အရင်စောင့်ကြည့်ရပါတယ်။ လူနာသက်သာလို့ အိမ်ပြန်သွားရင်တောင် ဇာတ်လမ်းက မဆုံးသေးပါဘူး။ နောက် (၆) ပတ် ကနေ (၈) ပတ်လောက်ကြာမှသာ အေးအေးဆေးဆေး ပြန်ခေါ်ပြီး အူအတက်ကို ဖြတ်ထုတ်ရတာမျိုး လုပ်ရပါတယ်။
.

  • ဗိုက်နာတဲ့အခါ အသက်အန္တရာယ် မဖြစ်အောင် ဆောင်ရန်၊ ရှောင်ရန်များ

❌ ရှောင်ရန် –

အကိုက်အခဲပျောက်ဆေး လုံးဝ မသောက်ပါနဲ့။ ဗိုက်ညာဘက်အောက်က အောင့်နေပြီဆိုရင် နာတာသက်သာအောင်ဆိုပြီး ပါရာစီတမောတို့၊ တခြား အကိုက်အခဲပျောက်ဆေးတို့ လုံးဝ မသောက်လိုက်ပါနဲ့။ ဆေးသောက်လိုက်လို့ ခဏသက်သာသွားရင် ရောဂါလက္ခဏာကို ဖုံးကွယ်လိုက်သလို ဖြစ်သွားပြီး ကိုယ်က သက်သာတယ်ထင်နေတုန်း ဗိုက်ထဲမှာ အူအတက် ပေါက်ထွက်သွားတတ်ပါတယ်။

ရေနွေးအိတ် မကပ်ပါနဲ့။ ဗိုက်အောင့်တယ်ဆိုပြီး ရေနွေးအိတ် သွားကပ်ရင် အူအတက်ထဲက ပြည်တည်နေတာတွေ ပိုပွားလာပြီး ပေါက်ထွက်ဖို့ ပိုမြန်သွားစေပါတယ်။ အူအတက်ပေါက်သွားရင် ပြည်တွေ၊ မစင်တွေက ဝမ်းဗိုက်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။

✅ ဆောင်ရန် –

အပေါ်ကပြောခဲ့တဲ့ ချက်တစ်ဝိုက်ကနေ ညာဘက်အောက်ပိုင်းကို ရွှေ့အောင့်တဲ့ လက္ခဏာမျိုး (နာ၊ အန်၊ ဖျား) ပြလာပြီဆိုရင် အစာအိမ်ဆေးတွေ လျှောက်သောက်မနေဘဲ နီးစပ်ရာ ဆရာဝန် ဒါမှမဟုတ် ဆေးရုံ အရေးပေါ်ဌာနကို အမြန်ဆုံး သွားရောက်ပြသပါ။ အာထရာဆောင်း (Ultrasound) ရိုက်ကြည့်တာ၊ သွေးစစ်တာတွေလုပ်ပြီး အူအတက် ရောင်နေတာ ဟုတ်/မဟုတ် အလွယ်တကူ သိနိုင်ပါတယ်။
…

ကဲ… ဒီလောက်ဆိုရင်တော့ အူအတက်နဲ့ ပတ်သက်ပြီး လူကြီးတွေပြောတဲ့ ဒဏ္ဍာရီတွေနဲ့ ဆေးပညာ အမှန်တရားတွေကို ကွဲကွဲပြားပြား သိလောက်ပြီ ထင်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး အခြားသိချင်တာ၊ မေးချင်တာရှိရင် တယ်လီကျန်းမာရဲ့ မက်ဆင်ဂျာကို Hi လိုက်နော်….။

References : 📚
https://www.ncbi.nlm.nih.gov/pmc/articles/PMC3609170/
https://jamanetwork.com/journals/jama/fullarticle/2320315
https://wjes.biomedcentral.com/articles/10.1186/s13017-020-00306-3
https://pubmed.ncbi.nlm.nih.gov/?term=Nonsurgical+treatment+of+appendiceal+abscess+or+phlegmon

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here