အမျိုးသမီးများ လစဉ်ကြုံတွေ့ရတဲ့ ဝေဒနာတွေကို အစားအသောက်နဲ့ သက်သာအောင် ဘယ်လိုလုပ်မလဲ။

အမျိုးသမီးတိုင်း တစ်လတစ်ခါ ကြုံတွေ့ရလေ့ရှိတဲ့ ဓမ္မတာလာချိန်ဟာ ခန္ဓာကိုယ်အတွင်းမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ရတတ်တဲ့ အချိန်ဖြစ်ပါတယ်။ ဗိုက်အောင့်တာ၊ ခါးနာတာ၊ စိတ်တိုလွယ်တာနဲ့ အားအင်ကုန်ခမ်းတာမျိုးတွေကို အနည်းနဲ့အများ ဆိုသလိုခံစားရလေ့ရှိပါတယ်။

ဒီလိုခံစားရတဲ့ ဝေဒနာတွေကို မှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

အမျိုးသမီးများ ဓမ္မတာလာချိန်အတွင်းမှာ . . .

၁။ အာဟာရပြည့်ဝအောင် စားသုံးပါ။

ရာသီလာစဉ်မှာ သွေးဆုံးရှုံးမှုရှိတာကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။ သံဓာတ်အတွက် အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဦးစားပေးစားပါ။ သံဓာတ်စုပ်ယူမှု ကောင်းမွန်စေဖို့ ဗီတာမင် စီ (Vitamin C) အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီး၊ သံပရာသီး စတဲ့ အသီးအနှံတွေကို တွဲဖက်စားသုံးပါ။ဗိုက်အောင့်တာကို သက်သာစေဖို့ ငှက်ပျောသီး၊ အစေ့အဆန်နဲ့ အနက်ရောင်ချောကလက် (Dark Chocolate) တို့ကို အနည်းငယ် စားပေးနိုင်ပါတယ်။
.

၂။ ရေဓာတ်ပြည့်ဝပါစေ။

ရာသီလာချိန်မှာ ဗိုက်ကယ်တာ (Bloating) မျိုး ဖြစ်တတ်ပါတယ်။ ဒါကို သက်သာစေဖို့အတွက် ရေကို ပုံမှန်ထက် ပိုသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေနွေးနွေးလေး သောက်ပေးခြင်းက ကြွက်သားတွေကို ပြေလျော့စေပြီး ဗိုက်အောင့်တာကို သက်သာစေနိုင်ပါတယ်။
.

၃။ ရှောင်ကြဉ်သင့်သည့် အစားအစာများ

အငန်ဓာတ်ကဲတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်ထဲ ရေဓာတ်စုစေပြီး ဗိုက်ကယ်တာကို ပိုဆိုးစေပါတယ်။ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည် အပြင်းစားတွေဟာ ရင်တုန်တာနဲ့ စိုးရိမ်စိတ်ကို မြင့်တက်စေနိုင်သလို ဗိုက်အောင့်တာကိုလည်း ပိုဖြစ်စေနိုင်ပါတယ်။ အစပ်နှင့် အဆီအအိမ့်တွေက အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ဗိုက်မအီမသာ ဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။
.

၄။ အနားယူခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု

အမျိုးသမီးများ ဓမ္မတာလာချိန်အတွင်းမှာ အိပ်ရေးဝဝအိပ်ပါ။ စိတ်ကြည်လင်လန်းဆန်းစေဖို့ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်ပါတယ်။ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားပါ။ ဖြည်းဖြည်းချင်း လမ်းလျှောက်တာ၊ ယောဂ (Yoga) လုပ်တာမျိုးက သွေးလှည့်ပတ်မှု ကောင်းစေပြီး ဗိုက်နဲ့ ခါးကြွက်သားတွေကို ပြေလျော့စေကာ ဝေဒနာတွေကို သက်သာစေပါတယ်။
.

၅။ တစ်ကိုယ်ရေ သန့်ရှင်းရေး

ဓမ္မတာလာစဉ်အတွင်း ပိုးဝင်နိုင်ခြေ ပိုများတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။ လစဉ်သုံးပစ္စည်းတွေကို (၄) နာရီမှ (၆) နာရီခြား တစ်ခါ လဲလှယ်ပေးဖို့ မမေ့ပါနဲ့။

ဓမ္မတာလာစဉ်မှာ ခံစားရတဲ့ ဝေဒနာတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ အစားအသောက်နဲ့ နေထိုင်မှုပုံစံ ပြောင်းလဲကြည့်လို့မှ မသက်သာဘဲ အလွန်အမင်း ဗိုက်အောင့်တာ၊ သွေးဆင်းများတာမျိုး ဖြစ်လာရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်ပြီး Telekyanmar မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အခမဲ့တိုင်ပင်ဆွေးနွေး နိုင်ပါတယ်…..။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here