လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော အပြုအမူကို စိတ်ပညာနှင့် ဦးနှောက်အာရုံကြောဆေးပညာတွင် Echopraxia ဟု ခေါ်ဆိုပါသည်။
…
…
🍀Echopraxia အကြောင်းကို မရှင်းပြမီ မှန်ကဲ့သို့သော အာရုံကြောဆဲလ်များ (Mirror Neurons) အကြောင်းကို သိရှိထားသင့်ပါသည်။ 🍀
ကျွန်ုပ်တို့၏ ဦးနှောက်အတွင်း၌ အလွန်ထူးခြားသော Mirror Neurons (မျက်စိက မြင်ရသည့်အတိုင်း လိုက်ပါလုပ်ဆောင်ရန် လှုံ့ဆော်ပေးသော အာရုံကြောဆဲလ်များ) ရှိပါသည်။
ထိုဆဲလ်များကြောင့် လူတစ်ယောက်သည် အခြားသူတစ်ဦး လုပ်ဆောင်နေသည်ကို မြင်ရုံဖြင့် မိမိကိုယ်တိုင် ထိုအရာကို လိုက်ပါလုပ်ဆောင်မိတတ်ကြပါသည်။ ထိုဆဲလ်များကြောင့်သာ ကျွန်တော်တို့သည် လမ်းလျှောက်ခြင်း၊ စကားပြောခြင်း စသည့်အပြုအမူများကို အထူးတလည် သင်ကြားရန်မလိုအပ်ဘဲ တတ်မြောက်လွယ်ကြပါသည်။
ဥပမာ – သားသမီးက မိဘ၏ လုပ်ဆောင်ချက် အပြုအမူကို အတုခိုးလုပ်ဆောင်မိခြင်း။
သာမန်လူများတွင် ဦးနှောက်၏ ရှေ့ဆုံးပိုင်း (Frontal Lobe) သည် ထိုလှုပ်ရှားမှုများကို လက်တွေ့မလုပ်မိအောင် ထိန်းချုပ်တားဆီးပေးသည့် နေရာဖြစ်ပါသည်။ သို့သော် Echopraxia ရှိသူများတွင် ထိုသို့တားဆီးခြင်း (Inhibitory Control) ချို့ယွင်းသွားသည့်အတွက် မြင်လိုက်ရသည့် လှုပ်ရှားမှုသည် အတားဆီးမရှိဘဲ ခန္ဓာကိုယ်၏ တုံ့ပြန်မှုအဖြစ် တိုက်ရိုက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ “ မြင်တာနဲ့ လိုက်လုပ်မိသည်” ဆိုသည့် အသိစိတ်ထိန်းချုပ်မှု ကင်းမဲ့သော အခြေအနေတစ်ခုပင် ဖြစ်ပါသည်။
…
…
🍀Echopraxia နှင့် ဆက်စပ်နေသော ဝေဒနာများ🍀
Echopraxia သည် ရောဂါတစ်ခုဆိုသည်ထက် အခြားသော အာရုံကြောဆိုင်ရာ အခြေအနေများနှင့် တွဲဖက်၍ တွေ့ရလေ့ရှိပါသည်။
👉 Tourette Syndrome (TS)
အလိုလျောက် အကြောဆွဲခြင်းဖြစ်သည့်အခါ ပတ်ဝန်းကျင်မှ မြင်သမျှကို လိုက်တုမိသည့် လက္ခဏာ ပေါ်လာတတ်ပါသည်။ ၎င်းတို့တွင် Echopraxia (အမူအရာလိုက်လုပ်ခြင်း) သာမက Echolalia (စကားလိုက်ပြောမိခြင်း) ကိုပါ တွဲဖက်တွေ့ရတတ်သည်။
.
👉 Autism Spectrum Disorder (ASD)
အချို့သော အော်တစ်ဇင်ကလေးငယ်များသည် လူမှုဆက်ဆံရေးကို နားလည်ရန် ကြိုးစားသည့်အခါ ဘေးရှိလူများလုပ်သည့်အတိုင်း လိုက်လံတုပ လုပ်မိတတ်ကြပါသည်။
.
👉 Schizophrenia (အတွေး၊ အမြင်နှင့် အပြုအမူ မညီညွတ်သော ရောဂါ)
အထူးသဖြင့် Catatonic Schizophrenia “ လှုပ်ရှားမှုဆိုင်ရာ မူမမှန်သောရောဂါ” ရှိသူများသည် မိမိကိုယ်ပိုင် လှုပ်ရှားမှုထက် တစ်ဖက်လူ၏ အမူအရာကို ရုပ်သေးရုပ်ကဲ့သို့ လိုက်ပါလုပ်ဆောင်နေတတ်ပြီး ကောင်းစွာကုသမှုကို မခံယူပါက အချိန်အတော်ကြာသည်ထိ ဖြစ်ပွားနိုင်ပါသည်။
.
👉 Frontal Lobe Damage
လေဖြတ်ခြင်း (Stroke) သို့မဟုတ် ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဦးနှောက်ရှေ့ပိုင်း ပျက်စီးသွားသောအခါ အပြုအမူများကို ထိန်းချုပ်နိုင်စွမ်းမှာ လုံးဝ ပျောက်ဆုံးသွားတတ်ပါသည်။
…
…
🍀လူမှုဘဝအပေါ် သက်ရောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ🍀
ဤစရိုက်ရှိသူများသည် ပတ်ဝန်းကျင်တွင် ရှင်သန်ရသည်မှာ လွန်စွာခက်ခဲပင်ပန်းနိုင်ပါသည်။
😥 အထင်အမြင်လွဲမှားခံရခြင်း
တစ်ဖက်လူကို “ ပြောင်လှောင်သည့်သဘော” သို့မဟုတ် “ မလေးစားသည့်သဘော” ရှိနေသည်ဟု အထင်မှားခံရတတ်ပါသည်။
ဥပမာ – တစ်ဖက်လူက နာရီကြည့်လျှင် မိမိကပါ လိုက်ကြည့်မိခြင်း၊ ဆံပင်သပ်လျှင် လိုက်သပ်မိခြင်းတို့ကြောင့် တစ်ဖက်လူက စိတ်အနှောင့်အယှက် ဖြစ်သွားတတ်ပါသည်။ ဤသည်မှာ လူမှုဆက်ဆံရေးတွင် ကြီးမားသော အခက်အခဲကို ဖြစ်စေပါသည်။
.
😮💨 ပင်ပန်းနွမ်းနယ်ခြင်း
တစ်နေ့တာလုံး မိမိ၏ အလိုအလျောက် လှုပ်ရှားမှုများကို မလုပ်မိအောင် ထိန်းချုပ်နေရသဖြင့် စိတ်အားရောကိုယ်အားပါ ကုန်ခန်းပြီး အလွန်အမင်း ပင်ပန်းသွားတတ်ပါသည်။
.
😰 စိုးရိမ်စိတ်မြင့်မားခြင်း
လူကြားထဲသို့ ရောက်သောအခါ မိမိကိုယ်ကိုယ် မထိန်းနိုင်မည်ကို စိုးရိမ်သောကြောင့် လူမှုပတ်ဝန်းကျင်မှ ဝေးရာသို့ ရှောင်ဖယ်လာတတ်ပြီး တစ်ကိုယ်တည်းနေလိုစိတ် (Social Isolation) ကို ဖြစ်ပေါ်စေပါသည်။
.
😓 စိတ်ဖိစီးရခြင်း
ကိုယ်တိုင်လှုပ်ရှားလိုစိတ် မရှိပါဘဲလျက် တချို့သော ပျက်ရယ်ပြုချင်သည့်လူများက အရှေ့မှ တစ်မျိုးပြီးတစ်မျိုး လှုပ်ရှားပြကာ လိုက်ပါပြုလုပ်စေခြင်းကြောင့် စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေပြီး လူမှုပတ်ဝန်းကျင်တွင် နေရထိုင်ရ ခက်ခဲစေပါသည်။
…
…
🍀ပြန်လည်ကုစားခြင်းနည်းလမ်းများ🍀
Echopraxia သည် အမြစ်ပြတ်ကုသရန် ခက်ခဲသော်လည်း အောက်ပါနည်းလမ်းများဖြင့် သက်သာလာအောင် ဆောင်ရွက်နိုင်ပါသည်။
🌿 Habit Reversal Training (HRT)
လှုပ်ရှားမှုတစ်ခု မလုပ်မိခင် စိတ်ထဲတွင် ဖြစ်ပေါ်လာသော “ ဆန္ဒ” ကို သိရှိအောင် လေ့ကျင့်ပြီး အခြားသော စိတ်ကထိန်းချုပ်နိုင်သည့် လှုပ်ရှားမှုတစ်ခုဖြင့် အစားထိုးခြင်း ဖြစ်ပါသည်။
.
🌿 ဦးနှောက်ကို လေ့ကျင့်ပေးခြင်း
ဦးနှောက်ရှေ့ပိုင်း၏ အာရုံစူးစိုက်မှုနှင့် ထိန်းချုပ်မှုကို အားကောင်းစေသည့် အသက်ရှူလေ့ကျင့်ခန်းများနှင့် တရားထိုင်ခြင်း (Mindfulness) တို့သည် လွန်စွာ အကျိုးရှိပါသည်။ စိတ်ကို “ လက်ရှိအချိန်” (Present Moment) တွင် ထားရှိခြင်းက အလိုအလျောက် တုံ့ပြန်မှုများကို လျှော့ချပေးနိုင်ပါသည်။
.
🌿 Lifestyle and Nutrition
အာရုံကြောများကို တည်ငြိမ်စေရန် လုံလောက်သော အိပ်စက်မှုကို ရယူပါ။ ဆီရိုတိုနင်ဟော်မုန်း (Serotonin) ကို မြှင့်တင်ပေးသော အစားအစာများနှင့် နေရောင်ခြည်လှုံခြင်းကလည်း အာရုံကြောစနစ်ကို ပိုမိုတည်ငြိမ်စေပါသည်။
.
🌿 ပတ်ဝန်းကျင်၏ နားလည်ပေးမှု
မိသားစုဝင်များနှင့် သူငယ်ချင်းများက ဤသည်မှာ “ မသိစိတ်” က ဖြစ်နေခြင်းဖြစ်ကြောင်းကို နားလည်ပေးပြီး ပျက်ရယ်ပြုခြင်းသဘောမျိုး လုံးဝမပြုမူဘဲ စိတ်ဖိစီးမှုလျော့ကျအောင် ကူညီပေးခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။
…
…
ကျွန်ုပ်တို့သည် တစ်ပါးသူ၏ လှုပ်ရှားမှုများကို လိုက်လံတုပနေသည့် အရိပ်များ မဟုတ်သလို၊ အသိစိတ်ကင်းမဲ့စွာ လှုပ်ရှားနေသည့် ရုပ်သေးရုပ်များလည်း မဟုတ်ကြပါ။
Echopraxia ဆိုသည်မှာ မိမိအသိစိတ်က ခန္ဓာကိုယ်၏လှုပ်ရှားမှုကို တားဆီးထိန်းချုပ်နိုင်စွမ်း ခဏတာ အားနည်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အာရုံကြောဆိုင်ရာ အဆင်မပြေမှုတစ်ခုသာ ဖြစ်ပါသည်။
ထိုကဲ့သို့ Echopraxia လက္ခဏာမျိုးကို ခံစားနေရပါက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမည့်အစား ကောင်းမွန်စွာ လက်ခံပါ။ စိတ်ရှည်လက်ရှည်ဖြင့် လှုပ်ရှားမှုတိုင်းကို ပြန်လည်ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားလေ့ကျင့်ပါ။
ထို့အပြင် အတိတ်က အာရုံကြောဆိုင်ရာ ဒဏ်ရာများ သို့မဟုတ် ချို့ယွင်းချက်များ မည်သို့ပင်ရှိခဲ့ပါစေ၊ တတ်ကျွမ်းနားလည်သော ပညာရှင်များနှင့် သေချာဆွေးနွေး တိုင်ပင်ကုသခြင်းဖြင့် ထိုအခြေအနေမှ ရုန်းထွက်ပြီး ကျန်းမာပျော်ရွှင်သော လူနေမှုဘဝသစ်ကို ပိုင်ဆိုင်သွားနိုင်ပါလိမ့်မည်….။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


