မှတ်ဉာဏ်ချွတ်ယွင်းမှု (Dementia) ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ “အယ်လ်ဇိုင်းမားရောဂါ” (Alzheimer’s Disease) ဟာ ကမ္ဘာပေါ်မှာရော မြန်မာနိုင်ငံမှာပါ အဖြစ်အများဆုံး ရောဂါဖြစ်ပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းတဲ့ လူနာ ၁၀ ယောက်မှာ ၇ ယောက်ခန့်ဟာ ဒီရောဂါကြောင့် မှတ်ဉာဏ်တွေ ဆုံးရှုံးကြရတာပါ။ ဒီရောဂါက အသက်ကြီးလို့ သာမန်မေ့တာမဟုတ်ဘဲ ဦးနှောက်ဆဲလ်တွေ တဖြည်းဖြည်း ပျက်စီးသေဆုံးတဲ့အခါ ဖြစ်ပေါ်လာတဲ့ အာရုံကြောရောဂါတစ်ခု ဖြစ်ပါတယ်။
.
- ဦးနှောက်ထဲမှာ ဘာတွေဖြစ်နေတာလဲ။
ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ အလုပ်လုပ်နေတဲ့ အာရုံကြောဆဲလ်လေးတွေကို မီးရထားသံလမ်းတွေ၊ ကြေးနန်းကြိုးတွေလို အပြန်အလှန် ချိတ်ဆက်ထားတာပါ။ အယ်လ်ဇိုင်းမားရောဂါ ဖြစ်လာတဲ့ကျတော့ ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ “ပရိုတင်းအမှိုက်တွေ” စုပုံလာပြီး စက်ရုံပျက်ကြီးတစ်ခုလို ဖြစ်သွားတော့တာပါပဲ။
ဒီပြဿနာကိုဖြစ်စေတဲ့ အမှိုက် (၂) မျိုး ရှိပါတယ်။
၁။ အမိုင်လွိုက် အဖတ်များ (Amyloid Plaques) – “ဆဲလ်အပြင်က ပိတ်ဆို့မှုများ”
ဦးနှောက်ဆဲလ်တွေရဲ့ အပြင်ဘက်မှာ ကော်စေးတွေလိုမျိုး အမိုင်လွိုက်လို့ခေါ်တဲ့ ပရိုတင်းအဖတ်တွေ လာပြီး စုပုံပိတ်ဆို့ကြပါတယ်။ ဒါဟာ အာရုံကြောဆဲလ်တစ်ခုနဲ့တစ်ခု စကားပြောလို့၊ ဆက်သွယ်လို့ မရအောင် အလယ်ကနေ ကြားဖြတ်ပိတ်ဆို့လိုက်တဲ့သဘောပါပဲ။
၂။ တော အရှုပ်အထွေးများ (Tau Tangles) – “ဆဲလ်အတွင်းက ပြိုကျမှုများ”
ဆဲလ်တစ်ခုချင်းစီရဲ့ အတွင်းထဲမှာ ခိုင်ခံ့အောင် ထောက်ကန်ထားတဲ့ သံလမ်းလို ပရိုတင်းမျှင်လေးတွေ ရှိပါတယ်။ အယ်လ်ဇိုင်းမားဖြစ်လာရင် အဲဒီသံလမ်းတွေကို ထိန်းထားတဲ့ “တောဝ်း (Tau)” ဆိုတဲ့ ပရိုတင်းလေးတွေက ပုံပျက်သွားပြီး တစ်ခုနဲ့တစ်ခု လိမ်ယှက်ကုန်ပါတယ်။ ဒီလိုနဲ့ပဲ ဆဲလ်အတွင်းပိုင်းမှာလည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပြိုကျပျက်စီးသွားရပါလေရော။
ရလဒ်အနေနဲ့ကတော့ – ဒီလို အပြင်ရော အထဲကပါ အမှိုက်တွေပိတ်၊ သံလမ်းတွေပြိုကျတဲ့အခါ ဦးနှောက်ဆဲလ်တွေဟာ အာဟာရမရတော့ဘဲ တဖြည်းဖြည်း သေဆုံးကုန်ကြပါတယ်။ ရောဂါရင့်လာတဲ့အခါ ဦးနှောက်ဟာ သိသိသာသာ သေးသိမ် (ကျုံ့) သွားရပါတယ်။
.
- ရောဂါရဲ့ လက္ခဏာများ အဆင့်ဆင့် ပြောင်းလဲလာပုံ
အယ်လ်ဇိုင်းမားရောဂါဟာ ချက်ချင်းကြီး ဆိုးရွားသွားတာမဟုတ်ဘဲ နှစ်ပေါင်းများစွာအတွင်း တဖြည်းဖြည်း တိုးပွားလာတာဖြစ်ပါတယ်။
- အစောပိုင်းအဆင့်
မကြာခင်က ပြောထားတဲ့ စကားကို ခဏခဏ ပြန်မေးတာ၊ ပစ္စည်းတွေထားပြီးတဲ့အခါ မေ့သွားပြီး သူများခိုးတယ်လို့ သံသယဝင်တာ၊ ဆုံးဖြတ်ချက် ကောင်းကောင်း မချနိုင်တော့တာတွေ ကြုံရနိုင်ပါတယ်။ - အလယ်အလတ်အဆင့်
ကိုယ့်အိမ်လိပ်စာတို့ ဖုန်းနံပါတ်တို့ကို မမှတ်မိတော့တာ၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားကို ရွေးချယ်မဝတ်တတ်တော့တာ၊ ရေချိုးသင့်နေတဲ့ အနေအထားမို့ ရေချိုးဖို့ပြောရင် ငြင်းဆန်တာဖြစ်လာပါပြီ။ - နောက်ဆုံးအဆင့်
ဒီအဆင့်မှာတော့ စကားလုံးဝ မပြောနိုင်တော့တာ၊ လမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာထဲလဲသွားတော့တာ၊ မျိုချရခက်ခဲလာတာ၊ မိသားစုဝင်များကို လုံးဝ မှတ်မိခြင်း မရှိတော့တာတွေ ဖြစ်လာပါတယ်။
. - ကုသရင် ပျောက်ကင်းလား။
အခုအချိန်အထိ အယ်လ်ဇိုင်းမားရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးဝါး မရှိသေးပါဘူး။ ဒါပေမယ့်လည်း ဦးနှောက်အတွင်း အချက်အလက်ပေးပို့မှုတွေကို ကူညီပေးတဲ့ ဆေးဝါးတွေနဲ့ ရောဂါရဲ့အရှိန်ကို ထိန်းချုပ်ပေးထားလို့တော့ ရပါတယ်။
ဆေးဝါးတွေထက် ပိုအရေးကြီးတာက လူနာကို သူနေထိုင်ရတာ ပျော်ရွှင်စိတ်အေးချမ်းစေမယ့် ပတ်ဝန်းကျင် ဖန်တီးပေးခြင်း၊ စိတ်ပျော်ရွှင်အောင်လုပ်ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။ 🙏
Reference
- Jack CR Jr, Bennett DA, Blennow K, Carrillo MC, Dunn B, Haeberlein SB, et al. NIA-AA Research Framework: Toward a biological definition of Alzheimer’s disease. Alzheimers Dement. 2018;14(4):535-562.
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.



