🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀

လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ “ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ” ပေါ့။ “ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား” လို့လည်း အခါခါတွေးမိတယ်။

တကယ်တော့ သူတို့ဟာ အသက်သေဆုံးချင်လို့ ဒီလိုလမ်းစဉ်ကို ရွေးချယ်သွားကြတာ လုံးဝ မဟုတ်ဘူး ဆိုတာပါပဲ။ (စာလေးဖတ်ဖို့ အချိန်ဆယ်မိနစ်လောက် ကြာပါမယ်။ ဒီအချိန်တိုလေးအတွင်းမှာ သိလိုက်ရမယ့် အကြောင်းအရာတွေနဲ့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်လိုက်မယ်ဆိုရင် ပိုပြီးတော့ အကျိုးများစေနိုင်ပါတယ်။)
…
…

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းဆိုတာ အကြောင်းရင်း တစ်ခုတည်းကြောင့် ရုတ်တရက် ဖြစ်တည်လာတာမျိုး မဟုတ်ပါဘူး။ ပြင်းထန်လွန်းတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲတွေ အားလုံး တစ်ပြိုင်နက်တည်း ပေါင်းဆုံသွားတဲ့အခါ အဲဒီ ခံစားရတဲ့ နာကျင်မှုတွေကနေ ဘယ်လိုနည်းနဲ့မဆို လွတ်မြောက်ချင်စိတ် ပြင်းပြလာတာကြောင့်သာ ဖြစ်ပါတယ်။ လူတိုင်းဟာ မိမိရဲ့ အသက်ခန္ဓာကို ချစ်မြတ်နိုးကြပါတယ်။ ရှင်သန်ချင်စိတ် ရှိကြပါတယ်။

ဒါပေမယ့် သူတို့ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေ၊ ဖိအားတွေနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုတွေဟာ လူသားတွေရဲ့ ခံနိုင်ရည် ပမာဏထက် အများကြီး ကျော်လွန်သွားတဲ့အခါ ဒီနာကျင်မှုတွေကို ရပ်တန့်ဖို့ တခြား ဘာနည်းလမ်းမှ မမြင်တော့ဘဲ အဆုံးစီရင်ခြင်းကိုသာ တစ်ခုတည်းသော ထွက်ပေါက်အဖြစ် ထင်မြင်သွားတတ်ကြပါတယ်။

ဒီလို အခြေအနေမျိုးကို ရောက်ရှိသွားစေတဲ့ အဓိက အကြောင်းရင်းတွေကို သေချာ လေ့လာကြည့်တဲ့အခါ အချက်အတော်များများကို ကျွန်တော်တို့ တွေ့ရပါတယ်။

🍀 စိတ်ကျန်းမာရေး ပြဿနာများ

စိတ်ဓာတ်ကျရောဂါနဲ့ စိတ်ကြွစိတ်ကျရောဂါစတဲ့ အခြေအနေတွေကြောင့် ဦးနှောက်ဓာတုပစ္စည်းများ ပြောင်းလဲကာ ဘဝကို အဆိုးမြင်လာတတ်ပါတယ်။
.

🍀 မျှော်လင့်ချက် ကင်းမဲ့ခြင်း

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ နာကျင်မှုတွေဟာ ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ဘူးလို့ ယုံကြည်သွားခြင်းက အဓိက တွန်းအားတစ်ခုပါ။
.

🍀 ပြင်းထန်သော စိတ်ဒဏ်ရာ

အတိတ်က အကြမ်းဖက်ခံရမှုနဲ့ ကြီးမားတဲ့ စိတ်ဒဏ်ရာ (Trauma/PTSD) တွေကြောင့် ခံစားရတဲ့ နာကျင်မှုတွေကနေ ထွက်ပြေးလွတ်မြောက်ချင်ကြပါတယ်။
.

🍀 ဘဝ၏ ကြီးမားသော ထိုးနှက်ချက်များ

ချစ်ရသူဆုံးရှုံးခြင်း၊ ငွေကြေး/အလုပ်အကိုင် ဆုံးရှုံးခြင်း၊ မိသားစု ပြိုကွဲခြင်းစတဲ့ ရုတ်တရက် အကျပ်အတည်းတွေကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်တတ်ပါတယ်။
.

🍀 ပြင်းထန်စွာ အထီးကျန်ခြင်း

ဘေးနားမှာ ကူညီဖေးမမယ့်သူ၊ နားလည်ပေးမယ့်သူ မရှိဘူးလို့ ခံစားရချိန်မှာ ဘဝကို အရှုံးပေးဖို့ ပိုလွယ်ကူသွားတတ်ပါတယ်။
.

🍀 နာတာရှည်ရောဂါနှင့် ဝေဒနာ

ကုသမရနိုင်သော ရောဂါဆိုးများနဲ့ နေ့စဉ် ပြင်းထန်စွာ နာကျင်နေရတဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကနေ အပြီးတိုင် အနားယူချင်တဲ့ ဆန္ဒကြောင့် ဖြစ်ပါတယ်။
.

🍀 အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း

အလွန်အကျွံ သုံးစွဲမှုကြောင့် ဆင်ခြင်နိုင်စွမ်း လျော့ကျပြီး စိတ်ခံစားမှုတွေ ပိုဆိုးလာကာ အဆုံးစီရင်ဖို့ ဝန်မလေးတော့တဲ့ အခြေအနေကို တွန်းပို့တတ်ပါတယ်။
.

ဒီနေရာမှာ ကျွန်တော် အလေးအနက် ပြောချင်တာက ဒီလို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ တွေးမိတာဟာ လူတစ်ယောက်ရဲ့ အားနည်းချက်ကြောင့် လုံးဝ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ခံနိုင်ရည်ပမာဏထက် ပိုကြီးမားလွန်းတဲ့ နာကျင်မှုတွေကို တစ်ကိုယ်တည်း အံကြိတ်ပြီး ရင်ဆိုင်ဖြေရှင်းနေရလို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အခြေအနေမျိုးကို ဖြတ်သန်းနေရသူတွေကို ကျွန်တော်တို့က အပြစ်တင်တာမျိုး လုံးဝ မလုပ်ဘဲ စာနာနားလည်မှု အပြည့်နဲ့ ကူညီပေးဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်တွေ၊ Counselor တွေနဲ့ အမြန်ဆုံး ချိတ်ဆက်ပြီး ဆွေးနွေးကုသနိုင်အောင် ကူညီပေးဖို့ဟာ အလွန် အရေးကြီးလှပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားနေရသူ ရှိလာတဲ့အခါ ဘေးလူတစ်ယောက်ရဲ့ ဂရုစိုက်မှုက သူတို့အတွက် အသက်ကယ်တင်နိုင်တဲ့ အင်အားတစ်ခု ဖြစ်ပါတယ်။

ဒီအတွက် . . .

🍀 ဝေဖန်မှုကင်းစွာ နားထောင်ပေးပါ။

သူတို့ပြောပြတဲ့ ခံစားချက်တွေကို ကြားဖြတ်မဟန့်တားဘဲ၊ ကိုယ့်ဘက်ကနေ အပြစ်မတင်ဘဲ စိတ်ရှည်လက်ရှည် နားထောင်ပေးပါ။ “ဒီလောက်လေးနဲ့တော့ မလုပ်သင့်ပါဘူး” ဆိုပြီး သူတို့ရဲ့ နာကျင်မှုကို ပေါ့ပေါ့တန်တန် နှိမ့်ချပြောဆိုတာမျိုးကို လုံးဝ ရှောင်ကြဉ်ပါ။
.

🍀 ပွင့်ပွင့်လင်းလင်း မေးမြန်းပါ။

“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့များ စဉ်းစားနေတာလား” ဆိုပြီး တိုက်ရိုက် မေးမြန်းဖို့ ဝန်မလေးပါနဲ့။ ဒီလိုမေးလိုက်ခြင်းက သူတို့ကို ပိုဆိုးသွားစေတာ မဟုတ်ဘဲ ရင်ထဲက အရာတွေကို လုံခြုံစွာ ဖွင့်ပြောနိုင်ဖို့ အခွင့်အရေး ပေးလိုက်တာပါ။
.

🍀 ဘေးနားမှာ အတူတူ ရှိနေပေးပါ။

သူတို့ကို တစ်ယောက်တည်း အထီးကျန် မထားခဲ့ပါနဲ့။ စကားတွေ အများကြီး ပြောနေစရာ မလိုဘဲ “ငါ မင်းဘေးနားမှာ နားလည်မှုအပြည့်နဲ့ ရှိနေပါတယ်” ဆိုတဲ့ နွေးထွေးတဲ့ အသိပေးမှုလေးကတင် လောင်မြိုက်နေတဲ့ စိတ်ကို ငြိမ်းချမ်းစေပါတယ်။
.

🍀 အန္တရာယ်ကင်းအောင် ကာကွယ်ပေးပါ။

သူတို့ကိုယ်သူတို့ ထိခိုက်စေနိုင်တဲ့ အရာဝတ္ထုတွေ (ဥပမာ – ဓား၊ ကြိုး၊ ဆေးဝါး) ကို မျက်စိအောက်ကနေ ဖယ်ရှားထားပေးပါ။ အန္တရာယ်မရှိနိုင်တဲ့ လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပါ။
.

🍀 ကျွမ်းကျင်သူများနှင့် ချိတ်ဆက်ပေးပါ။

ဒီပြဿနာကို ကိုယ်တစ်ယောက်တည်း ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ စိတ်ကျန်းမာရေး ဆရာဝန်တွေ၊ Counseling ပေးတဲ့ အဖွဲ့အစည်းတွေ ဆီကို ဆက်သွယ်နိုင်အောင် လက်တွေ့ကျကျ ကူညီပေးပါ။ လိုက်သွားပေးပါ။
.

🍀 အခြေအနေကို ဆက်လက် စောင့်ကြည့်ပါ။

အရေးပေါ် အခြေအနေ ခဏတာ ငြိမ်သက်သွားရင်တောင် ပစ်မထားဘဲ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ပုံမှန် ဖုန်းဆက်မေးမြန်းတာ၊ အချိန်ပေးပြီး သွားရောက်တွေ့ဆုံတာမျိုးတွေ ဆက်လက် လုပ်ဆောင်ပေးပါ။
…
…

“Suicidal Ideation ဆိုတာ အတွေးတစ်ခု သက်သက်သာ ဖြစ်ပါတယ်။”

အကယ်၍ သင်ကိုယ်တိုင်က ဒီလို အဆုံးစီရင်ချင်တဲ့ စိတ်တွေ ဝင်လာပြီဆိုရင် အရင်ဆုံး သတိပြုရမယ့် အချက်က Suicidal ideation လို့ခေါ်တဲ့ အဆုံးစီရင်ချင်စိတ်ဆိုတာ တကယ်တော့ သင့်ခေါင်းထဲကို ဝင်လာတဲ့ “အတွေး” လေးတစ်ခု သက်သက်သာဖြစ်တယ် ဆိုတာပါပဲ။ အတွေးဆိုတာ စိတ်ထဲမှာ ခဏတဖြုတ်သာ ဖြစ်ပေါ်လာပြီး အချိန်တန်ရင် သူ့အလိုလို ပြန်လည် ပျောက်ကွယ်သွားတတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ အမြဲတမ်း တည်မြဲနေတဲ့ အရာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအတွေးတွေ ဝင်လာတဲ့အခါ အဲဒီအတွေးတွေနောက်ကို ချက်ချင်း ကောက်ကောက်ပါအောင် လိုက်သွားပြီး လက်တွေ့ လုပ်ဆောင်မှုအဖြစ် ချက်ချင်း ပြောင်းလဲပစ်ဖို့ မလိုပါဘူး။ ခေါင်းထဲမှာ ဘယ်လောက်ပဲ အတွေးတွေ ဆူညံနေပါစေ၊ ခဏလောက် အရှိန်လေးလျှော့ကြည့်လိုက်ပါ။ အဲဒီ လုပ်ဆောင်မှုကို သင့်ဘက်ကနေ ရပ်တန့်ပစ်လို့ အပြည့်အဝ ရနိုင်ပါတယ်။

ဒီလို အတွေးတွေ ဝင်လာတဲ့အခါ စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ လက်တွေ့ကျကျ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒီနည်းလမ်းတွေကို အရေးပေါ် ချက်ချင်း လုပ်ဆောင်ရမယ့် ခြေလှမ်းတွေနဲ့ ရေရှည် ကုစားမှုတွေဆိုပြီး နှစ်ပိုင်း ခွဲခြားကြည့်လို့ ရပါတယ်။

🍀 ချက်ချင်း အကောင်အထည်ဖော်ရမည့် အရေးပေါ် ခြေလှမ်းများ

• အချိန်ခဏဆွဲထားပါ။

ပထမဆုံးနဲ့ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အချိန်ပြန်ပေးဖို့ပါပဲ။ “ဒီဆုံးဖြတ်ချက်ကို အခုချက်ချင်း ငါ ချစရာမလိုသေးဘူး။ ဒီနေ့တော့ ဘာမှမလုပ်သေးဘူး။ နောက်ထပ် ၂၄ နာရီလောက် ထပ်စောင့်ကြည့်ဦးမယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပါ။ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ ဒီလို အချိန်ဆွဲလိုက်ခြင်းအားဖြင့် ပြင်းထန်လွန်းနေတဲ့ စိတ်ခံစားမှုတွေ၊ စိတ်အဟုန်တွေဟာ အချိန်အနည်းငယ် ကြာသွားတဲ့အခါ တဖြည်းဖြည်း လျော့ကျသွားတတ်ပါတယ်။
.

• အန္တရာယ်ကင်းမည့် နေရာသို့ ပြောင်းရွှေ့ပါ။

မိမိကိုယ်ကိုယ် ထိခိုက်စေနိုင်တဲ့ အရာဝတ္ထုတွေ ဖြစ်တဲ့ ဓား၊ ကြိုး သို့မဟုတ် ဆေးဝါးတွေ ရှိတဲ့နေရာကနေ ချက်ချင်း ထွက်ခွာပါ။ အဲဒီနေရာမှာ ဆက်မနေပါနဲ့။ လူများတဲ့နေရာ သို့မဟုတ် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရှိတဲ့ အခန်းထဲကို သွားထိုင်ပါ။ လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ပြောင်းရွှေ့ပါ။ အရေးအကြီးဆုံးက အဲဒီအချိန်မှာ တစ်ယောက်တည်း အထီးကျန် မနေဖို့ပါပဲ။
.

• တစ်ယောက်ယောက်ကို ဆက်သွယ်ပါ။

ဒီလို ကြီးမားတဲ့ ခံစားချက်တွေကို ကိုယ်တစ်ယောက်တည်း ကျိတ်မှိတ်ပြီး မခံစားပါနဲ့။ ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိသားစုဝင် သို့မဟုတ် ကိုယ့်ကို နားလည်ပေးနိုင်မယ့် သူတစ်ဦးဦးကို ချက်ချင်း ဖုန်းဆက်ပြီး စကားပြောပါ။ အကယ်၍ ဘာမှမပြောချင်ဘူး ဆိုရင်တောင်မှ သူတို့ကို ဖုန်းဆက်ပြီး သင့်ဘေးနားမှာ အတူတူ လာနေပေးဖို့ အကူအညီတောင်းပါ။ အတူတူ ရှိနေပေးမယ့်သူ တစ်ယောက်ရှိတာကတင် အများကြီး သက်သာစေပါတယ်။
…
…

🍀 စိတ်နှင့် ခန္ဓာကိုယ်ကို တည်ငြိမ်စေမည့် နည်းလမ်းများ

ပြင်းထန်တဲ့ စိတ်ဝေဒနာကို လျှော့ချဖို့အတွက် အာရုံလွှဲမယ့် အရာတစ်ခုခုကို ချက်ချင်း လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကို Grounding techniques လို့ ခေါ်ပါတယ်။

• အပူအအေးဖြင့် အာရုံပြောင်းပါ။

ရေခဲတုံးတစ်တုံးကိုယူပြီး လက်ထဲမှာ ခပ်တင်းတင်း ဆုပ်ထားကြည့်ပါ။ ဒါမှမဟုတ် ရေအေးအေးနဲ့ မျက်နှာသစ်တာ၊ ရေချိုးတာမျိုး လုပ်ပေးပါ။ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အပူအအေး ခံစားမှုကို ရုတ်တရက် အာရုံပြောင်းလိုက်ခြင်းက ဦးနှောက်ရဲ့ နာကျင်မှုဗဟိုချက်ကို လျော့ကျစေပြီး စိတ်ကို ချက်ချင်း အနည်းငယ် တည်ငြိမ်သွားစေပါတယ်။
.

• ၅-၄-၃-၂-၁ နည်းလမ်းကို သုံးပါ။

ခေါင်းထဲက အတွေးတွေဆီကနေ အပြင်ဘက် ပတ်ဝန်းကျင်ကို အာရုံပြောင်းဖို့ ဒီနည်းလမ်းက အင်မတန်ထိရောက်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ မြင်ရတဲ့ အရာဝတ္ထု ၅ ခုကို ရှာပါ။ ကိုင်တွယ်ထိတွေ့လို့ရတဲ့ အရာ ၄ ခုကို လိုက်စမ်းကြည့်ပါ။ ကြားနေရတဲ့ အသံ ၃ ခုကို နားထောင်ပါ။ အနံ့ရနိုင်တဲ့ အရာ ၂ ခုကို ရှူရှိုက်ကြည့်ပါ။ အရသာခံလို့ရတဲ့ အရာ ၁ ခုကို ရှာဖွေပါ။ ဒီလို လုပ်ခြင်းအားဖြင့် စိတ်ကို လက်ရှိပစ္စုပ္ပန် အချိန်ကာလကို ပြန်လည်ရောက်ရှိလာစေပါတယ်။
.

• အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါ။

၄ စက္ကန့်ကြာအောင် အသက်ကို နှာခေါင်းကနေ ဖြည်းဖြည်းချင်း ရှူသွင်းပါ။ ၇ စက္ကန့်ကြာအောင် အသက်ကို အောင့်ထားပါ။ ပြီးရင် ၈ စက္ကန့်ကြာအောင် ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်ပါ။ ဒီလို သေသေချာချာ အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်တဲ့ လေ့ကျင့်ခန်းလုပ်တာက တင်းမာနေတဲ့ အာရုံကြောစနစ်ကို ချက်ချင်းငြိမ်ကျစေပြီး ဦးနှောက်ရဲ့ အာရုံစိုက်မှုကို ခဏတာ ပြောင်းလဲစေပါတယ်။
…
…

🍀 ရေရှည်အတွက် စိတ်ပိုင်းဆိုင်ရာ ကုစားခြင်း

အရေးပေါ် အခြေအနေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ရေရှည်အတွက် စနစ်တကျ ကုစားဖို့ လိုအပ်လာပါတယ်။

• ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကိုယ့်နာကျင်မှုတွေကို တကယ်နားလည်ပေးမယ့် စိတ်ကျန်းမာရေးဆရာဝန် ဒါမှမဟုတ် Counselor တွေနဲ့ စနစ်တကျ ကုသမှုခံယူတာဟာ အထိရောက်ဆုံးပါပဲ။ အခမဲ့ ဆွေးနွေးပေးတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး ရင်ဖွင့်တိုင်ပင်လို့ ရပါတယ်။
.

• ခံစားချက်များကို ချရေးပါ။

ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးတွေ၊ နာကျင်မှုတွေကို စာရွက်တစ်ရွက်ပေါ်မှာ အကုန်ချရေးလိုက်ပါ။ ဘယ်သူမှ ဖတ်ဖို့ မဟုတ်ပါဘူး။ ရေးချလိုက်ခြင်းက စိတ်ထဲက ဝန်ထုပ်ဝန်ပိုးတွေကို အပြင်ထုတ်ပစ်လိုက်သလိုဖြစ်ပြီး အများကြီး ပေါ့ပါးသွားစေပါတယ်။
.

• အဆိပ်အတောက်များကို ရှောင်ကြဉ်ပါ။

ဝမ်းနည်းမှု ပြင်းထန်နေချိန်မှာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲတာကို လုံးဝ ရှောင်ကြဉ်ပါ။ ဒါတွေက ဆင်ခြင်နိုင်စွမ်းကို လျော့ကျစေလို့ပါ။ ကိုယ့်ကို စိတ်ဓာတ်ကျစေတဲ့၊ ဖိအားပေးတဲ့ ပတ်ဝန်းကျင်ကနေလည်း ခေတ္တ ရှောင်ခွာနေသင့်ပါတယ်။
…
…

ဒီလို ပြင်းထန်တဲ့ နာကျင်မှုတွေကြားထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ သင့်ရဲ့သတ္တိကို ကျွန်တော် တကယ် လေးစားပါတယ်။ မှတ်ထားပေးပါ။ အကူအညီ တောင်းခံခြင်းဆိုတာ အားနည်းချက် မဟုတ်ပါဘူး။ ပြန်လည် နာလန်ထူဖို့ ကြိုးစားတဲ့ ခွန်အားတစ်ခုသာ ဖြစ်ပါတယ်။ သင်ဟာ ဒီကမ္ဘာကြီးပေါ်မှာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို အမြဲတမ်း သတိရပေးပါ။ မနက်ဖြန်တွေတိုင်းမှာ သင့်ကို နားလည်ပေးမယ့်သူတွေ၊ နွေးထွေးတဲ့ မေတ္တာတရားတွေ ဆက်ပြီး ရှိနေဦးမယ်ဆိုတာကို ယုံကြည်ထားစေချင်ပါတယ်…။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here