ဗိုက်ပြည့်သွားပေမယ့် ဆက်စားမိနေတုန်းလား။

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ထမင်းဝိုင်းမှာ မိသားစုစုံစုံလင်လင်နဲ့ မြိန်ယှက်စွာ စားသောက်ရတာကို နှစ်သက်ကြပါတယ်။ တစ်ခါတလေ ဟင်းကောင်းတာကြောင့်ဖြစ်စေ၊ စကားပြောကောင်းတာကြောင့်ဖြစ်စေ ဗိုက်ပြည့်နေပြီဆိုတာ သိပေမယ့်လည်း ဆက်ပြီး စားမိနေတတ်ကြပါတယ်။

ဒီလို ဗိုက်ပြည့်နေပေမယ့် ဆက်စားမိနေခြင်း (Overeating) ဟာ ခန္ဓာကိုယ်ကို လေးလံထိုင်းမှိုင်းစေရုံတင်မကဘဲ ရေရှည်မှာ အစာခြေစနစ် ပြဿနာတွေနဲ့ ကိုယ်အလေးချိန် တက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်ကို အလွန်အကျွံမဟုတ်ဘဲ နည်းစနစ်တကျ စားတတ်ဖို့အတွက် အရိုးရှင်းဆုံး နည်းလမ်း (၄) ခုကို မျှဝေပေးချင်ပါတယ်။

၁။ အစားအသောက်ပမာဏကို တွက်ချက်ပါ။

အစားအသောက် ပမာဏကို ထိန်းညှိဖို့အတွက် ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေ မလိုပါဘူး။ မိမိစားမယ့် ပန်းကန်ပြားကို စိတ်ကူးနဲ့ အပိုင်း (၃) ပိုင်း ခွဲခြားလိုက်ရုံနဲ့တင် အာဟာရပြည့်ဝပြီး ပမာဏမျှတတဲ့ အစားအစာတစ်ခု ဖြစ်လာမှာပါ။

ပန်းကန်ရဲ့တစ်ဝက်ကို ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေအတွက် သတ်မှတ်ပါ။ (ဥပမာ – အစိမ်းရောင်ရှိတဲ့ ဟင်းရွက်များ၊ အသုပ်များ) အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဗိုက်ပြည့်လွယ်စေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ပန်းကန်ရဲ့ လေးပုံတစ်ပုံ (၁/၄) ကိုတော့ အသား၊ ငါး၊ ဥအမျိုးမျိုး (သို့) ပဲအမျိုးမျိုး စတဲ့ ပရိုတင်းဓာတ်တွေကို ထည့်ပါ။

ကျန်ရှိတဲ့ လေးပုံတစ်ပုံ (၁/၄) ကိုမှ ထမင်း (သို့) ကစီဓာတ် ပါဝင်တဲ့ အစားအစာတွေအတွက် အသုံးပြုပါ။ ထမင်းကို ပန်းကန်အပြည့် ထည့်စားမယ့်အစား ဒီလို လေးပုံတစ်ပုံလောက်ပဲ ထည့်စားခြင်းဖြင့် ကယ်လိုရီ ပိုလျှံမှုကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
.

၂။ ပန်းကန်အရွယ်အစားကို ပြောင်းလဲကြည့်ပါ။

ဒါဟာ စိတ်ပညာသဘောတရားအရ အလွန်ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ပန်းကန်အကြီးကြီးနဲ့ စားတဲ့အခါ အစားအစာ ပမာဏနည်းနေတယ်လို့ ထင်ရပြီး ပိုထည့်မိတတ်ပါတယ်။ ပန်းကန်အလယ်အလတ် (သို့) အသေးကို ပြောင်းသုံးခြင်းဖြင့် ပန်းကန်ထဲမှာ အစားအစာ ပြည့်နေတယ်လို့ မျက်စိကတစ်ဆင့် ဦးနှောက်ကို အချက်ပြနိုင်တာကြောင့် ပိုစားမိခြင်းကို (၂၀%) ခန့် လျှော့ချနိုင်ပါတယ်။
.

၃။ စားနေစဉ် အာရုံမပျံ့ပါစေနဲ့။

ဖုန်းကြည့်ရင်း၊ တီဗွီကြည့်ရင်း စားခြင်းဟာ ဘယ်လောက်စားမိသွားလဲဆိုတာကို သတိမပြုမိစေပါဘူး။ စားနေတဲ့ အစားအစာရဲ့ အရသာ၊ အနံ့နဲ့ အရောင်အသွေးကို အာရုံစိုက်ပြီးစားခြင်း (Mindful Eating) က ပိုမိုကျေနပ်အားရစေပြီး ဗိုက်ပြည့်တဲ့အချက်ပြမှုကို ပိုမိုသိရှိစေပါတယ်။

၄။ အစာကို ဖြည်းဖြည်းချင်း ဝါးစားပါ။

ကျွန်မတို့ စားလိုက်တဲ့ အစားအစာကြောင့် ဗိုက်ပြည့်သွားပြီဆိုတဲ့ အချက်ပြမှုကို ဦးနှောက်ဆီရောက်ဖို့ မိနစ် (၂၀) ခန့် ကြာတတ်ပါတယ်။ အမြန်စားသူတွေဟာ ဦးနှောက်က ဗိုက်ပြည့်ပြီလို့ အချက်မပြခင်မှာဘဲ လိုအပ်တာထက် ပိုစားမိသွားလေ့ ရှိပါတယ်။ ဒါကြောင့် အစာကို ကြေညက်အောင် ဖြည်းဖြည်းချင်း ဝါးစားဖို့ လိုအပ်ပါတယ်။
.

ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်းဆိုတာ မိမိနှစ်သက်တဲ့ အစားအစာတွေကို လုံးဝမစားဘဲ နေတာမျိုး မဟုတ်ပါဘူး။ မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပမာဏကို သိရှိပြီး စနစ်တကျ စားသောက်ခြင်းသာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါရစေ….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here