နွေရာသီပူပူမှာ ဘယ်လို အစားအသောက်တွေ ရွေးစားကြမလဲ 🤔

ရာသီဥတုပူလာတော့ အစားအသောက် ပျက်လာကြတယ်။ ဆောင်းတွင်းတုန်းကလို တစ်ချိန်လုံး ဗိုက်ဆာတာမျိုး မဖြစ်ကြတော့ဘူး။ အစာအိမ်အနာ ရှိတဲ့သူတွေတောင် အစာမစားပေမယ့်လည်း အနာမဖြစ်ဘဲ သက်သာနေကြတယ်။ စားလိုက်ပြီးရင်လည်း တအားပူ၊ အိပ်ငိုက်လာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်ပါရော။

ဒီလိုမျိုး ဖြစ်နေသူတွေအတွက် နွေရာသီနဲ့ကိုက်ညီမယ့်ယ့် အစားအသောက်ပုံစံလေးတွေ အကြံပြုပေးချင်တာကတော့ . . .
👇👇

နွေရာသီမှာ ပြင်ပအပူချိန်များတာကြောင့် ရေများများသောက်ပေးပါ။ မိမိဆီးအရောင်က ကောက်ရိုးလိုအရောင်နုနုလေး သွားတဲ့အထိ ရေသောက်ပေးပါ။ ရှောင်သင့်၊ လျှော့သင့်တာတွေကတော့ အရည်တွေထဲမှာဆို ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ နောက်ပြီး ယမကာပေါ့။ ကဖင်းဓာတ်ပါတာတွေက ဆီးသွားများစေပြီး ရေဓာတ်ပိုခန်းခြောက်စေနိုင်လို့ လျှော့သောက်ပါ။

ယမကာဆိုရင်လည်း သောက်ပြီးရင် အပူချိန်တက်လာတာမို့ နဂိုသွေးတိုးအခံရှိသူမျိုးတွေမှာ သွေးကြောအကျုံ့အကျယ် အပြောင်းအလဲဖြစ်တာမျိုး သွေးဆောင့်တက်ပြီး ဦးနှောက်သွေးကြောပေါက်တာ၊ ပိတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
.

သောက်သင့်တာတွေ စားသင့်တာတွေကတော့ . . .

အေးအေးလေးဖြစ်စေဖို့ ရေခဲအကြေလေးတွေနဲ့ ဓာတ်ဆားလေး ဖျော်သောက်တာမျိုး လုပ်နိုင်ပါတယ်။

သံပုရာရည် အေးအေးလေးသောက်ရင်လည်း ဗီတာမင်စီဓာတ် ရစေတဲ့အတွက် ကောင်းပါတယ်။

အချိုမကဲတဲ့ ရေခဲခြစ်၊ ရေခဲသုပ်၊ ရေခဲအေးအေးလေးနဲ့ အချိုမကဲ၊ အုန်းနို့မများတဲ့ ရွေရင်အေးလေး၊ မုန့်လက်ဆောင်၊ သာကူကျဲကျဲအေးအေးတို့လည်း သုံးဆောင်နိုင်ပါတယ်။

အုန်းရေသောက်တာ၊ ဇွန်းခြစ်အုန်းသီးလေးစားတာဟာလည်း လိုအပ်တဲ့ ဆားဓာတ်၊ ရေဓာတ်နဲ့အတူ ကောင်းမွန်တဲ့ အဆီဓာတ်တွေကို ရရှိစေပါတယ်။ အုန်းသီးစားတာတို့ အုန်းရေသောက်တာတို့နဲ့ ပတ်သက်ပြီး အပူကန်စေတယ်လို့ ရှေးစကားများရှိပါတယ်။ ဒါဟာ အုန်းသီးဟာ အဆီများတဲ့အစားအစာဖြစ်တော့ ချေဖျက်တဲ့အခါ ကိုယ်တွင်းအပူတွေ ထွက်ပါတယ်။ ဒီတော့ အစာမကြေသလို ခံစားရတာ၊ အရေပြားနီတာ၊ ပူနေတာမျိုးတွေ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့်ကျန်းမာရေးထိခိုက်စေတာမျိုး မဟုတ်တဲ့အတွက် အုန်းရည်သောက်တာ၊ အုန်းသီးနုနုစားတာမျိုး လုပ်နိုင်ပါတယ်။ အုန်းသီးရင့်လည်း အနည်းငယ်တော့ အမျှင်ခြစ်ထားတာမျိုးစားရင် safe ဖြစ်ပါသေးတယ်။

ဒါပေမယ့် အုန်းနို့ကြွယ်၀တာတွေဖြစ်တဲ့ အုန်းထမင်း၊ အုန့်နို့ဆမ်းမုန့်၊ အရည်သောက်အမျိုးမျိုး၊ အုန်းနို့သာကူပြင် စတာတွေဟာတော့ နွေရာသီမှာ မလိုက်ဖက်လှပါဘူး။ အစာချေဖျက်နိုင်ဖို့ရာ ခက်ခဲတဲ့အတွက်ပါ။ အပူကန်တယ်ဆိုတာ အုန်းနို့ကိုပြောတာလို့ အလွယ်မှတ်ယူနိုင်ပါတယ်။
.

ဒါ့အပြင်

ရေနွေးကြမ်းလေးသောက်၊ လက်ဖက်လေး သုပ်စားတာမျိုးလည်း လုပ်နိုင်ပါတယ်။ Antioxidant, Epigallocatechin gallate (EGCG) စတာတွေ ပါ၀င်လို့ ကောင်းမွန်ပါတယ်။

မကြာခင်မှာ ရာသီကုန်တော့မယ့် အသီးအနှံတွေ . . . စတော်ဘယ်ရီတို့လိုလည်း များများစားထားပါ။ လိမ္မော်သီးလည်း များများစားပါ။

နွေရာသီမှာ ပေါပေါများများရနိုင်တဲ့ သဘာ၀ရဲ့ လက်ဆောင်လည်းဖြစ်၊ နွေစာလည်းဖြစ်၊ အရည်ရွမ်းတဲ့အသီးအနှံတွေဖြစ်တဲ့ ဖရဲသီး၊ သခွားမွှေးသီးတို့ကို များများစားပေးပါ။ အရည်ရွှမ်းတဲ့အပြင် သူ့မှာပါတဲ့ ဓာတ်တွေဖြစ်တဲ့ lycopene, citrulline, vitamin C က အပူဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတာတွေကို ပြန်ပြုပြင်ပေးနိုင်ပါသတဲ့။

Beta cartone, carotenoid, lycopene ကြွယ်၀တဲ့ ခရမ်းချဥ်သီး၊ လိမ္မော်သီး၊ မုန်လာဥနီ (ခါကျက်ဥ)၊ ရွှေဖရုံသီး စတာတွေဟာ အရောင်ခြယ်ပစ္စည်း များများပါပါတယ်။ ဒီလို အရောင်ရင့် အစားအစာမျိုးတွေကို စားပေးတဲ့အခါ အရေပြားပေါ်မှာ အရောင်ခြယ်ပစ္စည်းလေးတွေက ရောက်ရှိလာပြီး ပြင်းထန်လှတဲ့ နေရောင်ခြည်ကို တစ်နည်းတစ်ဖုံ ကာပေးနိုင်ပါတယ်။

နေပူရင် နေကာခရင်မ် SPF suncream တွေ အိမ်ထဲနေတောင် လိမ်းသင့်ပါသတဲ့။ လိမ်းရတာတွေက အပြင်ကနေလာတဲ့ နေရောင်ခြည်ထဲမှာပါတဲ့ UVA, UVB, UVC တွေကို အခံတစ်ထပ် ကာပေးသလို ဆောင်ရွက်ပေးတာပါ။ ဒီလိုပဲ အရောင်ရင့် အစားအစာတွေကလည်း အခံကဲ့သို့ လုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့် ဒီအာနိသင်ကို ရဖို့တော့ ၁ ပတ်၊ ၂ပတ်လောက် အများကြီး ကြိုစားထားပြီးမှ အာနိသင်ရနိုင်ပါတယ်။ နေကာခရင်မ်လို နေပူထဲထွက်ခါနီးမှ လိမ်းသလို ကပ်ပြီးစားရတာမျိုးတော့ မဟုတ်ပါဘူးနော်။ သုတေသနစာတမ်းတွေမှာတော့ တစ်နေ့ကို ခရမ်းချဥ်သီးအနှစ် ၄ ဇွန်းခန့်၊ ၃ လလောက် စားပေးတဲ့သူတွေမှာ နေပူကြောင့်အရေပြားပျက်စီးတာ ၃၃ ရာခိုင်နှုန်း လျှော့ချပေးပါသတဲ့။
.

ဆက်စပ်ပြီးပြောရရင် နေပူကြောင့် ပျက်စီးရတဲ့ အရေပြားပေါ်က ဆဲလ်လေးတွေဟာ Reactive Oxygen Species (ROS) ဆိုတဲ့ ဓာတ်ပြုပစ္စည်းလေးတွေ ထွက်လာပါတယ်။ သူတို့တွေဟာ အိုမင်းရင့်ရော်ခြင်း၊ ရောင်ရမ်းခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ Antioxidants ကြွယ်၀တဲ့ အစားအစာတွေ၊ Vitamin A, Vitamin C, Vitamin E ကြွယ်၀တဲ့ အစားအစာတွေဟာ ဒီ ROS တွေကို တားဆီးပြီး သူ့နေရာမှန်သူ ပြန်နေစေပါတယ်။ ဒါကြောင့် သရက်သီး၊ သင်္ဘောသီး၊ ရွှေဖရုံသီး၊ ခရမ်းချဥ်သီး၊ ထောပတ်သီး၊ မာလကာသီး အစေ့အဆန်တွေ များများစားပေးသင့်ပါတယ်။
.

ခရမ်းချဥ်သီးငပိချက်၊ ခရမ်းချဥ်သီးသုပ် စတာတွေဟာ မိုးကျရင် စျေးကြီးပေမယ့် အခုလိုပူတဲ့အချိန် စျေးပေါချိန်မှာတော့ ကွက်တိပါပဲ။ ခရမ်းချဥ်သီးကိုချက်လိုက်တဲ့အခါ antioxidant အာနိသင်က ပိုများပါတယ်။ အစာလည်း ကြေလွယ်တာပေါ့။

အတို့အမြုပ်တွေထဲမှာ သရက်သီးတို့စရာ၊ သခွားသီးတို့စရာလေးတွေဟာ နွေရဲ့လက်ဆောင်တွေပါပဲ။ တို့စရာ သရက်သီးစိပ်လေးနဲ့ နေပူပေမယ့် ထမင်းမြိန်စေပါတယ်။

ချဥ်ရည်ဟင်းလို အရည်များများသောက်ရမယ့်ဟင်းလျာမျိုး စားတာကလည်း အစားလည်း၀င်၊ အရည်ဓာတ်လည်းရကာ လန်းဆန်းစေပါတယ်။

သကြန်ထမင်းကို ရေခဲအေးအေးလေးနဲ့ စားရဖို့လည်းစာရေးသူက စောင့်မျှော်နေပါတယ်။

နောက်ထပ် နွေမှာ စာဖတ်သူတို့ ကြိုက်နှစ်သက် လိုက်ဖက်တယ်ထင်တဲ့ အစားအစာလေးတွေရှိလည်း မျှ၀ေပေးသွားကြပါဦး….။

အာဟာရဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here