တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။
” ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ”
” ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်”
” အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့”
တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ “ ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား” ဆိုပြီး သံသယဝင်ဖူးကြပါလိမ့်မယ်။
တကယ်တော့ တစ်ယောက်တည်း ကိုယ့်ကိုယ်ကို စကားပြန်ပြောနေတတ်တာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုပါ။ စိုးရိမ်စရာ မလိုပါဘူးနော်။
ဒါကို စိတ်ပညာအရ “ External Self-talk” လို့ ခေါ်ပါတယ်။ လူတော်တော်များများဟာ ဒါကို ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်တတ်ကြပေမယ့် လက်တွေ့မှာတော့ ဒါဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုကောင်းစေတဲ့ အလေ့အကျင့်တစ်ခုတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
…
…
ဘာကြောင့် ကိုယ့်ဘာသာကိုယ် စကားပြောမိတာလဲ။
🌴 အာရုံစူးစိုက်မှု ပိုကောင်းစေဖို့ (Better Focus)
အလုပ်တွေ တအားများနေတဲ့အခါ ဒါမှမဟုတ် ရှုပ်ထွေးတဲ့အလုပ်တစ်ခုကို လုပ်နေရတဲ့အခါ “ ကဲ… အခု ဒီဖိုင် (file) ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်” စသဖြင့် အသံထွက်ပြောလိုက်တာဟာ ဦးနှောက်ကို အာရုံပြန်စုခိုင်းလိုက်တာနဲ့ တူပါတယ်။
ဥပမာ – ပစ္စည်းတစ်ခုခုပျောက်နေလို့ ရှာတဲ့အခါ “ သော့က ဘယ်ရောက်သွားပါလိမ့်။ စားပွဲပေါ်မှာလား” လို့ ရေရွတ်ပြီးရှာရင် ပိုမြန်မြန်တွေ့တတ်တာမျိုးပါ။
.
🌴 ကိုယ့်ကိုယ်ကို အားပေးခြင်း
ခက်ခဲတဲ့အလုပ်တစ်ခုကို လုပ်နေရချိန်မှာ “ ငါလုပ်နိုင်တယ်” ၊ “ ငါကျော်ဖြတ်နိုင်တယ်” လို့ အသံထွက်ပြောလိုက်တဲ့အခါ ကိုယ့်အသံကိုယ်ပြန်ကြားရပြီး စိတ်တည်ငြိမ်မှုကို ရနိုင်သလို ပိုပြီးလည်း အားတက်လာစေပါတယ်။
.
🌴 မှတ်ဉာဏ်ကို အထောက်အကူပြုဖို့
အသံထွက်ပြောလိုက်တဲ့ အချက်အလက်တွေက စိတ်ထဲမှာပဲတွေးနေတဲ့ အချက်အလက်တွေထက် ဦးနှောက်ထဲမှာ ပိုပြီးစွဲမြဲသွားတတ်ပါတယ်။
ဥပမာ- ဈေးသွားဝယ်တဲ့အခါ “ ကြက်သွန်ဖြူ၊ ငါးခြောက်၊ ပဲမှုန့်” ဆိုပြီး ဝယ်ရမယ့်ပစ္စည်းစာရင်းကို ရွတ်ဆိုသွားတာမျိုးက ဈေးဝယ်ရင် မေ့တတ်တဲ့အကျင့်ကို လျှော့ချပေးပါတယ်။
.
🌴 စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ (Emotional Regulation)
စိတ်လှုပ်ရှားနေတဲ့အခါ ဒါမှမဟုတ် ဒေါသထွက်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အသံထွက်ပြီး နှစ်သိမ့်တာမျိုးပါ။ တစ်ယောက်ယောက်အပေါ် မကျေနပ်ချက်တွေကို တစ်ယောက်တည်း ပွစိပွစိပြောလိုက်တာကလည်း စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။
.
🌴 အတွေးတွေကို စနစ်တကျ စီစဉ်ခြင်း
ခေါင်းထဲမှာ အတွေးတွေက ရှုပ်ပွနေတဲ့အခါ အရင်ဆုံး ဒေတာအချက်အလက်ကို စုမယ်။ ပြီးရင် ဘာလုပ်မယ်၊ ဘယ်ကစမယ်လို့ အသံထွက်ပြီးစီစဉ်တာက လုပ်ငန်းစဉ်တွေကို ပိုရှင်းလင်းသွားစေပါတယ်။
…
…
ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ။
ဒီအလေ့အကျင့်ဟာ လူတိုင်းမှာ ရှိနိုင်ပေမယ့် အခုပြောပြမယ့်သူမျိုးတွေမှာ ပိုတွေ့ရတတ်ပါတယ်။
🌴တစ်ကိုယ်တည်း နေထိုင်သူများ
အိမ်မှာ တစ်ယောက်တည်းရှိတဲ့အခါ အဖော်ရသလို ခံစားရလို့ ပိုပြောဖြစ်တတ်ပါတယ်။
.
🌴 တီထွင်ဖန်တီးမှုရှိသူများ
စာရေးဆရာ၊ ပန်းချီဆရာ၊ ဂီတပညာရှင်တွေလို စိတ်ကူးသစ်တွေကို စကားလုံးအဖြစ် ပြောင်းလဲတတ်တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။
.
🌴 ဖိစီးမှုများတဲ့အလုပ်ကို လုပ်ရသူများ
ဆုံးဖြတ်ချက်အမြန်ချရသူတွေနဲ့ စေ့စပ်သေချာသူတွေဟာ အမှားအယွင်းမရှိအောင် အဆင့်ဆင့်ကို ရေရွတ်စစ်ဆေးတတ်ကြပါတယ်။
…
…
ဒီတော့ စိတ်ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင်ရော ဘယ်လိုနေမလဲ။
စိတ်ကျန်းမာရေး ပညာရှင်တွေရဲ့အဆိုအရ တစ်ယောက်တည်းစကားပြောတာဟာ အောက်ပါအချက်တွေအတွက် အထောက်အကူပြုပါတယ်တဲ့။
🌴 ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာခြင်း
ကိုယ့်ခံစားချက်တွေကို အသံထွက်ပြောလိုက်တဲ့အခါ ကိုယ်ဘာဖြစ်ချင်နေလဲဆိုတာက ပိုရှင်းလင်းလာပါတယ်။
.
🌴 ပြဿနာဖြေရှင်းနိုင်စွမ်း မြင့်မားလာခြင်း
ကိုယ့်ဘာသာကိုယ် ပြန်ဆွေးနွေးခြင်းက ဖြေရှင်းနည်းအသစ်တွေကို ရှာဖွေတွေ့ရှိစေပါတယ်။
.
🌴 စိတ်ခံစားမှုကို ထိန်းညှိပေးခြင်း
ဝမ်းနည်းတာ၊ ဒေါသထွက်တာတွေကို ကိုယ့်ဘာသာကိုယ် ပြောဆိုလိုက်တာက ခံစားချက်တွေကို ထိန်းညှိပေးနိုင်ပါတယ်။
…
…
ဒါဆိုရင် ဘယ်အချိန်မှာဝောာ့ သတိထားသင့်လဲ။ (Red Flags)
တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က ပုံမှန်ဖြစ်ပေမယ့် အခုလိုအခြေအနေတွေပါလာရင်တော့ ကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။
🌴 အသံတွေ ကြားနေရခြင်း (Hallucinations)
ကိုယ့်ဘာသာကိုယ် ပြောတာမဟုတ်ဘဲ တခြားသူတစ်ယောက်ယောက်က လာပြောနေသလို အသံတွေ ကြားနေရတာမျိုးပေါ့။
.
🌴 မကောင်းတာတွေပဲ ပြောမိနေခြင်း
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ၊ ကျိန်ဆဲတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ တိုက်တွန်းတဲ့ စကားမျိုးတွေကို ပြောနေမိတာပါ။
.
🌴 လူမှုပတ်ဝန်းကျင်နဲ့ ကင်းကွာသွားခြင်း
အပြင်လောကကလူတွေနဲ့ မဆက်ဆံတော့ဘဲ ကိုယ့်ကမ္ဘာနဲ့ကိုယ်ပဲ စကားပြောနေတာမျိုးပါ။
.
🌴 မထိန်းချုပ်နိုင်တော့ခြင်း
တစ်ယောက်တည်းရှိချိန်တွေတင်မဟုတ်ဘဲ လူရှေ့သူရှေ့မှာပါ မထိန်းနိုင်တော့ဘဲ ပြောမိနေပြီး လူမှုရေးနဲ့ အလုပ်အကိုင်အခက်အခဲတွေ ရှိလာတာမျိုးဖြစ်ပါတယ်။
…
…
ဆိုတော့
တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါမဟုတ်ဘဲ ကိုယ့်ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးနေတာလို့ပဲ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်မထားဘဲ အဲဒါကို ကိုယ့်ရဲ့ အလုပ်စွမ်းဆောင်ရည်တက်စေတဲ့ နည်းလမ်းတစ်ခုအဖြစ်သာ သဘောထားလိုက်ပါနော်။
ဒါပေမယ့် အထက်မှာ ပြောပြခဲ့တဲ့ သတိထားသင့်တဲ့ လက္ခဏာတွေရှိလာရင်တော့ စိတ်ကျန်းမာရေးပညာရှင်နဲ့ ပြသပြီး အကြံဉာဏ်ရယူဖို့ တိုက်တွန်းလိုက်ပါရစေရှင်….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

