စိတ်ခံစားမှုတွေနဲ့ မိမိစားတဲ့ အစားအစာတွေက ဆက်စပ်နေတယ်ဆိုတာ ယုံပါသလား။
စိတ်ခံစားမှု (မုဒ်) ကို ဖြစ်စေတဲ့ ဟော်မုန်းလေးတွေအကြောင်း ကြားဖူးကြမှာပါ။ ဆီရိုတိုနင် (Serotonin)၊ ဒိုပါမင်း (Dopamine) နဲ့ Acetylcholine ကဲ့သို့ အချက်ပြပစ္စည်းလေးတွေ အကြောင်းပေါ့။
- Serotonin
Mood/စိတ်ကို တည်ငြိမ်စေပြီး အအိပ်အစားမှန်စေအောင် လုပ်ပါတယ်။ Serotonin ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ အူလမ်းကြောင်းကနေ ရနိုင်ပါတယ်။ စားတဲ့အထဲမှာပါတဲ့ Tryptophan ဆိုတဲ့ အမိုင်နိုအက်ဆစ် (အသားဓာတ် တစ်မျိုး) ကနေ Serotonin ကို ကိုယ်တွင်းမှာ လုပ်ပါတယ်။ ဒါကြောင့် သွယ်ဝိုက်ပြောရရင်တော့ Tryptophan ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသား၊ ငါး၊ နို့ထွက်ပစ္စည်းများ၊ ပဲနို့ကဲ့သို့ ပဲပိစပ်ထွက်ပစ္စည်းများ၊ အစေ့အဆံအမျိုးမျိုးကို စုံလင်အောင် စားပေးသင့်ပါတယ်။
Serotonin အချက်ပြမှုကို ဦးနှောက်က သိရှိနိုင်မှုများအောင်တော့ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေက လုပ်ပေးပါတယ်။ ဒါကြောင့် ဒိန်ချဉ်တို့လို အချဉ်ဖောက်ထားတာတွေ စားပေးပါ။
…
- Dopamine (Motivation & drive)
ပြောရရင် သူက လန်းဆန်းတက်ကြွပြီး ဉာဏ်အလင်းတွေပွင့်တဲ့ ခံစားမှုမျိုးကို လုပ်ပေးပါတယ်။ လုပ်ချင်ကိုင်ချင်စိတ် ဖြစ်တယ်ပေါ့လေ။ သူ့ကိုတော့ Tyrosine ဆိုတဲ့ အသားဓာတ်ရဲ့ အမိုင်နိုအက်ဆစ်ကရပါတယ်။ ဥ၊ အမဲသား၊ ဖရုံစေ့နဲ့ ငှက်ပျောသီး စတာတွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
Serotonin နဲ့ Dopamine တို့ကို ပြုလုပ်ဖို့အတွက် Vitamin B complex (B12, folate) စတာတွေ လိုပါတယ်။ သူတို့ကိုတော့ အစိမ်းရောင်အရွက်အမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး စတာတွေကနေ ရနိုင်ပါတယ်။
…
- Acetylcholine
သူကတော့ နာ့ဗ်ကြောတွေရဲ့ အချက်ပြစနစ်ပေါ့။ သူရှိရင် အာရုံစိုက်နိုင်တယ်။ အာရုံကြောတွေက အလုပ်တွင်စေနိုင်တယ်။ ပြီးတော့ မှတ်ဉာဏ်အားလည်း ကောင်းစေပါတယ်။ Choline ကြွယ်ဝတဲ့ ဥအနှစ်တို့၊ ဘရိုကိုလီ (ပန်းဂေါ်ဖီစိမ်း) တို့ကို စားခြင်းဖြင့် Acetylcholine ရနိုင်ပါတယ်။
… - Gut-brain axis
ဦးနှောက်နဲ့ အူလမ်းကြောင်းအကြားမှာ အချက်ပြစနစ်ကြီး ရှိပါတယ်။ ဒီတော့ အူလမ်းကြောင်းက အချက်ပြစနစ်တွေဟာ အာရုံကြောစနစ်မှာ အလွန်အရေးပါတဲ့ Vagus nerve ကို လှုံ့ဆော်မှုတွေပေးပါတယ်။ ဒါကြောင့် အာရုံခံစနစ်တွေ များပြားကျယ်ပြန့်စွာ ပါဝင်တဲ့ ဒီလမ်းကြောင်းကို ဒုတိယဦးနှောက်အနေနဲ့တောင် ယူဆနိုင်ပါတယ်။ - ဦးနှောက်ရဲ့လောင်စာ
ဦးနှောက်က အာဟာရအနေနဲ့ ယူသုံးတာကတော့ ဂလူးကို့စ်ဖြစ်ပါတယ်။ ဒါကြောင့် သတိထားမိမလားမသိဘူး။ စာလုပ်တာ နည်းနည်းကြာလာရင် လူက တစ်ခုခုကို အချိုတည်းချင်သလိုလေး ဖြစ်လာတာ။ ဦးနှောက်က လူ့ခန္ဓာကိုယ်မှာ အလေးချိန်သာ သိပ်မစီးတာ သွေးတွင်းဂလူးကို့စ်ကိုတော့ ၂၅ ရာခိုင်နှုန်းလောက်တောင် ထုတ်ယူသုံးစွဲနေတာပါတဲ့။
ဒီအချက်နဲ့ ဆက်စပ်ပြောချင်တာကတော့ သွေးတွင်းဂလူးကို့စ် တည်ငြိမ်မှုပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ သွေးတွင်းဂလူးကို့စ်ဟာ ရှိသင့်တဲ့ (၁၀၀) ဝန်းကျင်လေးမှာ ရှိနေမှ စိတ်ဟာ တည်ငြိမ်ပါတယ်။ အစာမရှိရင်တောင် (၇၀) အောက် မကျရပါဘူး။ စားပြီးသွားရင်လည်း တအားမတက်သင့်ပါဘူး။ (၁၄၀) အောက်နားလေးမှာ ရှိသင့်ပါတယ်။
ဂလူးကို့စ်အတက်အကျတွေ မြန်မြန်ဆန်ဆန်ဖြစ်နေရင် စိတ်လည်း မတည်ငြိမ်ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဂလူးကို့စ်ကျပြီး ဗိုက်ဆာနေရင် စိတ်တိုလွယ်တာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဆီးချိုလူနာတွေမှာလည်း ဆီးချိုတက်နေရင် စိတ်မြန်တာ၊ စိတ်မတည်ငြိမ်တာတွေဖြစ်တာ သတိထားကြည့်ရင် ခံစားမိနိုင်ပါတယ်။
- စိတ်ဖိစီးမှုနဲ့ အစားအစာပုံစံတွေ၊ စားမိတာတွေ
ဒါလည်း သိပ်ဆိုင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်လာပြီဆိုရင် Stress အခြေအနေတစ်ခုကို သင့်ခန္ဓာကိုယ်ကနေ Stress hormone တွေ ထုတ်ပြီး တုံ့ပြန်ပါတယ်။ အရေးပေါ် ခွေးလိုက်လို့ပြေးရတဲ့ အခြေအနေကို Acute stress condition (သို့) Fight or flight mode အနေနဲ့ မြင်ကြည့်နိုင်ပါတယ်။ ဒီလိုအချိန်မှာတော့ ဘယ်သူမှ ဗိုက်မဆာဘူးပေါ့။ ဒီအချိန်မှာ ဗိုက်လည်းမဆာဘူး။ မစားလည်း အလုပ်လုပ်နိုင်တယ်။ ပြေးနိုင်လွှားနိုင်တာပေါ့။ ခန္ဓာကိုယ်က ဒီဖိစီးမှုကို တောင့်ခံထားဖို့ Cortisol ကဲ့သို့ ဟော်မုန်းတွေထုတ်ပြီး တုံ့ပြန်တာကိုး။ ဒီဟော်မုန်းတွေက သွေးတွင်းဂလူးကို့စ်ကို မကျသွားအောင်၊ တက်မြဲတက်နေအောင် ထိန်းထားပေးတယ်။ ဒီလိုနဲ့ ဒီဖိစီးမှုကို ကျော်နိုင်သွားပြီဆိုရင်တော့ ဟော်မုန်းတွေ ပုံမှန်ပြန်ဖြစ်ပြီး အားလုံး သူ့နေရာနဲ့သူ ပြန်နေကြတာပေါ့။
အလုပ်မှာ ဖိအားတွေ ကြာရှည်များတာ၊ နေရေး၊ စားရေး၊ ဝမ်းရေးကို ကြာရှည်ပူပန်နေရပြီဆိုရင်တော့ Chronic stress condition ဖြစ်လာတယ်။ တာရှည်ဖိအားများတယ်လို့ မြင်ယောင်ကြည့်နိုင်ပါတယ်။
ဒါဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ စုဆောင်းထားတဲ့ ဂလူးကို့စ်တွေ၊ အဆီတွေ၊ အားအင်တွေ မကုန်အောင်လို့ဆိုပြီး Cortisol ကဲ့သို့ Stress hormone တွေက ဗိုက်တွေဆာ၊ စားလို့ကောင်း၊ သောက်လို့ကောင်း၊ ရတဲ့နေရာကနေ အားအင်အာဟာရတွေရှာဖွေဖို့ လှုံ့ဆော်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာရင် ပိုစားဖြစ်တာပါ။ နောက်ပြီး အဆီအအိမ့်တွေ၊ အီတာတွေ၊ နည်းနည်းစား များများကယ်လိုရီဖြစ်မယ့် အစားအစာတွေကို ခံတွင်းတွေ့ ရှာဖွေလိုစိတ်တွေ ဖန်တီးပါတယ်။ ဒီလို သကြားများများ အဆီများများပါတဲ့ အစားအစာတွေ စားလိုက်တဲ့အခါ သင့်ဦးနှောက်က ဒိုပါမင်းများများထွက်စေပြီး နိဗ္ဗာန်ပါလား၊ နတ်သုဒ္ဓါပါလားလို့ ဘာသာပြန်လိုက်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးရင် အချိုပိုစားမိတတ်ကြ၊ အဆီအအိမ့် ပိုစားမိတတ်ကြတာပါ။
လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုဖြစ်စဉ်မှာ ပါဝင်တဲ့ ဦးနှောက်အချက်ပြစနစ် (Hypothalamic-pituitary axis/HPA) ကို ခုနက အချို၊ အဆီ၊ အဆိမ့်များတဲ့ အစားအစာတွေက ချော့မော့ပြီး စိတ်ငြိမ်အောင် လုပ်ပေးကြပါတယ်။ ဒါကြောင့် သင့်ဦးနှောက်ကနေ “သြော်… ဒီလိုဟာတွေစားရင် စိတ်ဖိစီးမှု လျော့စေပါလား” ဆိုပြီး မှတ်ထားလိုက်တော့ စိတ်ဖိစီးမှု များလာတိုင်းမှာ ဒီလိုအစားအစာတွေ စားမိအောင် တွန်းပို့ပေးပါတယ်။
ဒါဆိုရင် စိတ်ဖိစီးမှုဖြစ်တယ် –> ကယ်လိုရီများတာစားမိတယ် –> ဝလာတယ် –> စိတ်က မကြည်ဘူး –> သွေးတွင်းဂလူးကို့စ်တွေ မငြိမ်တော့ စိတ်ကမောက်ကမဖြစ်တယ် –> လေးလံထိုင်းမှိုင်းနေတယ် –> ဝလို့ ပိုပြီး စိတ်ဖိစီးလာတယ် –> ပိုစိတ်ညစ်လာပြန်တယ်။ ဒီလိုနဲ့ သံသရာ လည်နေတတ်ပါတယ်။
ဒီသံသရာကို ဖြတ်တောက်ဖို့ဆိုတာ မလွယ်ပေမယ့် လုပ်မယ်ဆို ဖြစ်နိုင်ပါတယ်။ အကြံပေးချက်တချို့ပါ တစ်ပါတည်း ထည့်သွင်းဖော်ပြလိုပါတယ်။
သွေးတွင်းဂလူးကို့စ် တည်ငြိမ်အောင် တစ်ခုခုစားတဲ့အခါ ကာဗိုဟိုက်ဒရိတ် များများပါတာတင်မဟုတ်ဘဲ အသားဓာတ်များများ၊ အဆီဓာတ် စသဖြင့် မျှတစွာစားပါ။ အသားဓာတ်ဟာ ဗိုက်ပြည့်မှုကို ခံစားရစေပါတယ်။ အဆာမမြန်ဘူးပေါ့။ အဆီနဲ့တွဲစားရင် အစာချေဖျက်ရ ကြာနိုင်ပါမယ်။ အမျှင်ဓာတ်ကတော့ အူလမ်းကြောင်းလှုပ်ရှားမှုကို မနှေးမမြန်နဲ့ ပုံမှန်နှုန်းမှာ ထိန်းထားပေးပြီး အူလမ်းကြောင်းထဲက ကောင်းတဲ့ ဘက်တီးရီးယားတွေကို အားပေးပြီး အချက်ပြစနစ်တွေ မှန်ကန်စေပါတယ်။
နောက်တစ်ခုက ပါးစပ်ထဲထည့်မိသမျှကို သတိပြုပါ။ မိမိရဲ့ဝင်လေထွက်လေကို မှတ်သလိုပဲ စားမိတာတွေကို ဘာပဲစားစား သတိမူမိမယ်ဆိုရင် မိမိအနေနဲ့ မိမိဘဝကို ပိုမိုစီမံနိုင်လာမှာပါ။ ဗိုက်မဆာဘဲ မစားလိုက်ပါနဲ့။ ဆာသလိုလိုဖြစ်လာရင် လမ်းလေးဘာလေးလျှောက်။ (၁၅) မိနစ်လောက်စောင့်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ အကြောလေးတွေ ဆန့်နှင့်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့အချိန်မှာ ဟော်မုန်းတွေ ပြန်ငြိမ်သက်သွားပါတယ်။ ပြီးမှ တကယ်ဆာနေသေးတယ်ဆိုရင် စားပါ။
တအားကြီးအဆာခံပြီး အစာဖြတ်ပြီးတော့လည်း မိမိကိုယ်ကို မညှဉ်းဆဲပါနဲ့။ အရသာရှိပြီး ကယ်လိုရီများတာတွေ စားမိရင် အပြစ်ရှိစိတ် မဖြစ်ဖို့လည်း လိုပါတယ်။ အပြစ်ရှိတယ်လို့၊ မကောင်းဘူးလို့ ခံစားလိုက်ရရင် Stress ဖြစ်ပြီး Stress hormone တွေထွက်လာတော့ စားထားတာတွေကို အဆီအနေနဲ့ ပိုသိမ်းဆည်းတော့ ပျော်ပျော်ကြီးစားတဲ့သူထက်တောင် ဝလွယ်စေပါတယ်တဲ့။
ဒါကြောင့် စိတ်တည်ငြိမ်အောင်ဆိုရင် အစာအုပ်စု အစုံစားပါ။ ဆန်၊ ဂျုံ၊ ပြောင်း စတဲ့ အုပ်စုသာမကဘဲ အသားအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆံများ၊ ပဲအမျိုးမျိုး၊ အသီးအနှံများ၊ သစ်သီးဝလံများ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီတွေဆိုတဲ့ အုပ်စုအစုံကို စားပေးသင့်ပါတယ်။ ဒါဆိုရင် သွေးတွင်းဂလူးကို့စ်လည်း တည်ငြိမ်မယ်။ စိတ်ကို သက်ရောက်မှုရှိတဲ့ အချက်ပြစနစ်တွေလည်း လုံလောက်စွာရရှိနိုင်မယ်။ အာရုံစူးစိုက်မှုလည်း ပိုကောင်းမွန်လာမှာပါ….။
အာဟာရဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

