နှာခေါင်းအစာသွင်းပိုက် ထည့်သွင်းခြင်း “Nasogastric Intubation” (April 2023)

“နှာခေါင်းအစာသွင်းပိုက် ထည့်သွင်းခြင်း” (Nasogastric intubation)

နှာခေါင်းအစာသွင်းပိုက် (Nasogastric tube) ဆိုတာ ပလတ်စတစ် (ဒါမှမဟုတ်) ရာဘာနဲ့ပြုလုပ်ထားတဲ့ သေးငယ်ပျော့​ပျောင်းတဲ့ပိုက်ပဲ ဖြစ်ပါတယ်။ နှာခေါင်းပေါက်ကတစ်ဆင့် လည်ချောင်းတစ်လျှောက်မှ အစာအိမ်ထဲသို့ ထည့်သွင်းရခြင်း ဖြစ်ပါတယ်။ အဲ့ဒီလို နှာခေါင်းအစာသွင်းပိုက်ထည့်သွင်းခြင်းကို (Nasogastric intubation) လို့ခေါ်ပါတယ်။

..

..

◽ဘာကြောင့်နှာခေါင်းအစာသွင်းပိုက် သုံးရသလဲ ?

အကြောင်းအမျိုးမျိုးကြောင့် ပါးစပ်ကနေ အစာမစားနိုင်တဲ့အခါ နှာခေါင်းအစာသွင်းပိုက်ကတစ်ဆင့် အာဟာရနဲ့ ဆေးဝါးတွေကို အရည်ပုံစံနဲ့ ထည့်သွင်းပေးရပါတယ်။ နှာခေါင်းအစာသွင်းပိုက်ထည့်ဖို့ လိုအပ်တဲ့ အကြောင်းအရင်းတွေကတော့ …

* အစာအာဟာရနှင့် ဆေးဝါးများထည့်သွင်းရန်

* အစာအိမ်ထဲမှ အရည်နှင့်လေများကို ဖယ်ရှားရန်

* ဓာတ်မှန်ရိုက်ရန်အတွက် အစာအိမ်ထဲသို့ ပုံဖော်ဆေးရည် (contrast) ထည့်ခြင်း

* ခွဲစိတ်ပြီးနောက် အူမကြီးကို အနားပေးရန်…. စတာတွေ ဖြစ်ပါတယ်။

.

နှာခေါင်းအစာသွင်းပိုက်ထည့်ခြင်းကို လူကြီးတွေမှာသာမက ကလေးငယ်တွေမှာလည်း ပြုလုပ်လေ့ရှိပါတယ်။ ကလေးငယ်တွေ အစာမျိုချရခက်တဲ့အခါ၊ အစာမချေဖျက်နိုင်တဲ့အခါ၊ အူ ရောင်ရမ်းတာတွေနဲ့ အခြားသော ရောဂါအခြေအနေတွေရှိတဲ့အခါ နှာခေါင်းအစာသွင်းပိုက်ထည့်ဖို့ လိုနိုင်ပါတယ်။

နှာခေါင်းအစာသွင်းပိုက်ကို အချို့သော ဝမ်းဗိုက်ခွဲစိတ်မှုခံယူပြီးနောက်မှာလည်း ထည့်သွင်းလေ့ရှိပါတယ်။ အမြဲတမ်းထည့်ဖို့ လိုတာမျိုးတော့မဟုတ်ပါ။ ဒါ့ကြောင့် ခွဲစိတ်မှုမပြုလုပ်ခင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး နှာခေါင်းအစာသွင်းပိုက်ထည့်ဖို့ လို/မလို ဆုံးဖြတ်သင့်ပါတယ်။

ဒီနိုင်ငံမှာတော့ အစာကို မမျိုနိုင်တဲ့ လေဖြတ်ရောဂါ၊ ဦးနှောက်နဲ့ ‌လည်ချောင်းပိုင်းဆိုင်ရာ ရောဂါတွေမှာ အစာအာဟာရနဲ့ ဆေးဝါးတွေထည့်သွင်းဖို့ နှာခေါင်းအစာသွင်းပိုက်ကို အချိန်အတိုင်းအတာတစ်ခုအထိ (ဒါမှမဟုတ်) ရေရှည်ထည့်သွင်းတာမျိုး လုပ်လေ့ရှိပါတယ်။

..

..

◽နှာခေါင်းအစာသွင်းပိုက်ကို ဘယ်လိုထည့်သွင်းကြသလဲ?

နှာခေါင်းအစာသွင်းပိုက်ကို အများအားဖြင့် ဆရာဝန် (ဒါမှမဟုတ်) ကျွမ်းကျင်တဲ့ သူနာပြုက ဆေးရုံမှာ ထည့်ပေးပါတယ်။ တစ်ခါတလေ လူနာကို အိပ်ပျော်အောင်လုပ်ပြီးမှ ထည့်တာမျိုးရှိသလို အများစုကတော့ ပုံမှန်နိုးနေတဲ့အချိန်မျိုးမှ ထည့်ပါတယ်။

နှာခေါင်းဝတစ်ဝိုက်ကို ထုံဆေး (ဒါမှမဟုတ်) ထုံဆေးစပရေးသုံးပြီးနောက် နှာခေါင်းအစာသွင်းပိုက်ကို ချောဆီ (lubricant gel) သုတ်ပြီး နှာခေါင်းဝကနေ အစာရေမျိုပြွန်၊ ဒီ့နောက် အစာအိမ်ထဲကို ထည့်ရပါတယ်။ ဒီလိုထည့်နေချိန်မှာ ဆရာဝန်က နှာခေါင်းအစာသွင်းပိုက်ကို မျိုချဖို့ပြောပါလိမ့်မယ်။

ဒီလို နှာခေါင်းအစာသွင်းပိုက်ထည့်သွင်းခြင်းဟာ လူနာကို ကသိကအောက်ဖြစ်နိုင်ပေမယ့် တအားမနာပါဘူး။ ပိုက်ထည့်ပြီးနောက် အစာအိမ်ထဲကအက်ဆစ်ရည်ကို pH စမ်းတာ (ဒါမှမဟုတ်) အပြင်ဘက်က ပိုက်ထိပ်ကို ရေထဲစိမ်ကြည့်ပြီး အမြှုပ်တွေ၊ ပူစီပေါင်းတွေ ထွက်လာ/မလာ စမ်းသပ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ပြီးလည်း ပိုက်ထည့်ထားတဲ့နေရာ မှန်/မမှန် စစ်ဆေးနိုင်ပါတယ်။

နေရာမှန်ပြီ၊ အဆင်ပြေပြီဆိုရင်တော့ နှာခေါင်းအဝနားကပိုက်ကို နေရာမရွေ့အောင် တိပ်နဲ့ကပ်ရပါတယ်။

..

..

◽နှာခေါင်းအစာသွင်းပိုက်ထည့်ခြင်းက ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်လဲ?

နှာခေါင်းအစာသွင်းပိုက်ထည့်ထားသူတွေအနေနဲ့ အောက်ပါဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။

* ဝမ်းပျက်ဝမ်းလျှောခြင်း — အဖြစ်အများဆုံးဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောကနေတစ်ဆင့် electrolytes မညီမျှတာ၊ အာဟာရချို့တဲ့တာနဲ့ ပိုးဝင်တာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ နှာခေါင်းအစာသွင်းပိုက်ထည့်ထားရင်း ဝမ်းလျှောလာပြီဆိုရင် မပေါ့ဆဘဲ ဆရာဝန်ကို ပြောပြပေးပါ။

* ထိခိုက်ဒဏ်ရာရခြင်း — ပိုက်ထည့်နေချိန်မှာ အစာရေမျို၊ လည်ချောင်း၊ အသက်ရှူလမ်းကြောင်းနဲ့ အစာအိမ်ကို ဒဏ်ဖြစ်တာမျိုးတွေ ဖြစ်နိုင်ခြေရှိပါတယ်။ ပုံမှန်အားဖြင့် ပြဿနာမရှိတတ်ပေမယ့် တစ်ခါတစ်ရံ နှာခေါင်းအစာသွင်းပိုက်ထည့်ခြင်းကနေ အသက်အန္တရာယ် ဖြစ်တတ်တာမျိုးလည်း ရှိပါတယ်။ တချို့ပြင်းထန်ရောဂါရှိသူတွေမှာ နှာခေါင်းအစာသွင်းပိုက်ကို သေချာမမျိုချနိုင်တာကြောင့် ဒဏ်ဖြစ်နိုင်ခြေ များပါတယ်။

* ပိုက်ပြုတ်ထွက်ခြင်း — သေချာထည့်ထားရင်တောင် ပိုက် ပိတ်နိုင်ခြေနဲ့ ပြုတ်ထွက်နိုင်ခြေ များပါတယ်။ နှာခေါင်းအစာသွင်းပိုက်ထည့်သွင်းထားသူတွေရဲ့ ၈၂% လောက်မှာ ပိုက်ပြုတ်ထွက်နိုင်ပါတယ်။ မှတ်ဥာဏ်ပိုင်းဆိုင်ရာပြဿနာရှိတဲ့ အသက်ကြီးသူတွေမှာ ပုံမှန်အသိမရှိတော့ ပိုဖြစ်တတ်ပါတယ်။

* အစာများ အဆုတ်ထဲဝင်ခြင်း — တစ်ခါတလေ နှာခေါင်းအစာသွင်းပိုက်ထဲ ထည့်လိုက်တဲ့အစာနဲ့ဆေးဝါးတွေက အစာရေမျိုပြွန်တစ်လျှောက် ပြန်တက်လာပြီး အဆုတ်ထဲဝင်သွားတတ်ပါတယ်။ အဲ့လိုဖြစ်တာကို Aspiration pneumonia လို့ခေါ်ပြီး အသက်အန္တရာယ်ရှိတတ်တဲ့အပြင် နှာခေါင်းအစာသွင်းပိုက်ထည့်ထားသူတွေမှာ အဖြစ်အများဆုံး သေဆုံးရခြင်းအကြောင်းလည်း ဖြစ်ပါတယ်။

နှာခေါင်းအစာသွင်းပိုက်ထည့်ထားရတဲ့အခါ လူနာအများစုက နေရထိုင်ရခက်ပေမယ့် အချို့အခြေအနေတွေမှာ ခွဲစိတ်မှုမခံယူရအောင် လုပ်နိုင်တဲ့အပြင် အသက်လည်းကယ်နိုင်တဲ့ အကျိုးကျေးဇူးပေးနိုင်ပါတယ်။ ဒီလိုနှာခေါင်းအစာသွင်းပိုက် ထည့်ရတာဟာ ယာယီဖြစ်ပြီး လိုအပ်သလောက်သာ ထားရှိရတတ်ပါတယ်။

Reference: ????

https://www.verywellhealth.com/nasogastric-ng-tube-1943087: နှာခေါင်းအစာသွင်းပိုက် ထည့်သွင်းခြင်း “Nasogastric Intubation” (April 2023)

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#နှာခေါင်းအစာသွင်းပိုက်ထည့်သွင်းခြင်း#Nasogastric_intubation

Ministry of Health,

National Unity Government.

Published on: 18 April 2023

Last updated: 18 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဘာသာရေးနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများ Spiritual Beliefs

မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။ ဒီအရာတွေကို...

အဆုံးစီရင်ဖို တွေးတတ်ကြတာ ဘာကြောင့်လဲ

🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀 လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ "ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ" ပေါ့။ "ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား" လို့လည်း အခါခါတွေးမိတယ်။ တကယ်တော့ သူတို့ဟာ...

ပွဲဆူသွားတဲ့ ဆေးခြောက်ပိုစ့်လေးအတွက် ရှင်းလင်းချက်

ပြီးခဲ့တဲ့တစ်ပတ်က တယ်လီကျန်းမာရဲ့ ပိုစ့်လေးတစ်ခုအောက်မှာ အတော်လေး ပွဲဆူသွားတာကို သတိထားမိပါတယ်။ ပိုစ့်လေးကတော့ "ဝိ ဆိုတာ ချိုနဲ့လားကွဲ့" ဆိုတဲ့ ဆေးခြောက်ရဲ့ ဆိုးကျိုးတွေအကြောင်း ရှင်းပြထားတဲ့ ပညာပေးပိုစ့်လေးပါ။ ဒီပိုစ့်လေးအောက်မှာပဲ ဆေးခြောက်သုံးစွဲသူ လူငယ်တချို့က ပိုစ့်မှာရေးသားထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို လက်မခံနိုင်တဲ့ အမြင်သဘောထား မှတ်ချက်တွေ ရေးသားကြသလို တချို့ဆို...

အိပ်စက်ခြင်းဆိုင်ရာ အလွဲ

"အိပ်စက်ခြင်းဆိုင်ရာ အလွဲ" တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ "ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု...