ကျွန်တော် ရှေ့တစ်ခေါက်က တင်ပြခဲ့တဲ့ အယ်လ်ဇိုင်းမားရောဂါဟာ အဆိပ်သင့်ပရိုတင်း အမှိုက်တွေကြောင့် ဖြစ်တာဆိုတာ မှတ်မိကြမယ်ထင်ပါတယ်။ ဒါဆိုရင် သတိမေ့ခြင်း (Dementia) ကိုဖြစ်စေတဲ့ ဒုတိယအဖြစ်အများဆုံးကတော့ “သွေးကြောပိတ်/ပေါက်ခြင်းကြောင့်ဖြစ်သော သတိမေ့ရောဂါ” (Vascular Dementia) ဖြစ်ပါတယ်။ သူကတော့ ဦးနှောက်ထဲက သွေးလည်ပတ်မှုစနစ် ပျက်စီးသွားလို့ ဖြစ်ရတာပါ။ ရှင်းအောင်ပြောရရင်တော့ ဦးနှောက်ဆဲလ်တွေဆီကို သွေးနဲ့ အောက်ဆီဂျင်တွေ ကောင်းကောင်းမရောက်တော့ဘဲ ဆဲလ်တွေ အစာငတ်မွတ်ပြီး သေဆုံးသွားရတဲ့ ရောဂါလို့ပဲ ဆိုကြပါစို့။

  • တစ်ဆင့်ချင်း ပိုပိုဆိုးသွားတတ်တဲ့ သဘာဝ (Stepwise Decline)
    အယ်လ်ဇိုင်းမားရောဂါဟာ နေ့စဉ်နဲ့အမျှ တဖြည်းဖြည်းလေး တိုးပွားဆိုးရွားလာတတ်ပေမယ့် သွေးကြောကြောင့်ဖြစ်တဲ့ သတိမေ့ရောဂါကတော့ “လှေကားထစ်ခုန်တက်သလို” တစ်ဆင့်ချင်းစီ ရုတ်တရက် ဝုန်းခနဲဒိုင်းခနဲ ဆိုးသွားတတ်တဲ့ သဘောတရား ရှိပါတယ်။

လူနာဟာ ပထမတော့ အခြေအနေတစ်ခုမှာ ငြိမ်နေတတ်ပါတယ်။ ဒါပေမယ့် ဦးနှောက်ထဲမှာ သွေးကြောသေးသေးလေးတစ်ခု ထပ်ပိတ်သွားတဲ့အခါ (သို့မဟုတ်) လေဖြတ်သလိုမျိုး ဖြစ်သွားတဲ့အခါမှာ လူနာရဲ့ မှတ်ဉာဏ်နဲ့ စွမ်းဆောင်ရည်ဟာ ချက်ချင်းကြီး ရုတ်တရက် ထိုးကျသွားပါတယ်။

အဲဒီလို ဆိုးသွားတဲ့ အဆင့်မှာပဲ အဲဒီအတိုင်းလေး လအတော်ကြာအောင် ငြိမ်နေပြန်ပါတယ်။ နောက်ထပ် သွေးကြောအသေးလေးတစ်ခု ထပ်ပိတ်တဲ့အခါမှာတော့ နောက်တစ်ဆင့်ကို ရုတ်တရက် ထပ်ပြီးထိုးကျသွားပြန်ပါတယ်။
.

  • သတိမထားမိဘဲ ဖြစ်နေတတ်တဲ့ “လေဖြတ်ခြင်း အသေးစားလေးများ” (Mini-Strokes)
    ဒီရောဂါဟာ ပြင်းပြင်းထန်ထန် ရွဲ့စောင်း၊ ကိုယ်တစ်ခြမ်းသေသလို လေဖြတ်ဖူးတဲ့သူတွေမှာတင် ဖြစ်တာမဟုတ်ပါဘူး။ လူနာကိုယ်တိုင်ရော မိသားစုဝင်တွေပါ လုံးဝ သတိမထားမိလိုက်ဘဲ ဖြတ်သွားတတ်တဲ့ “လေဖြတ်ခြင်း အသေးစားလေးများ” (Mini-Strokes / TIA) ကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။

ဦးနှောက်ရဲ့ ဟိုးခပ်နက်နက် နေရာတွေမှာရှိတဲ့ သွေးကြောမျှင်လေးတွေ တစ်ခုပြီးတစ်ခု တိတ်တိတ်ကလေး ပိတ်ဆို့သွားတဲ့အခါ လူနာက ခြေလက်သေသွားတာမျိုးတော့ မရှိပေမယ့်လည်း တွေးခေါ်မှုအပိုင်း၊ ဆုံးဖြတ်ချက်ချမှုအပိုင်းတွေ တဖြည်းဖြည်း နှေးကွေးပြီး ပျက်စီးလာရတာမျိုး ဖြစ်ပါတယ်။
.

  • အဓိက တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ –
  • တွေးခေါ်မှုနှင့် အစီအစဉ်ချမှု နှေးကွေးခြင်း
    အယ်လ်ဇိုင်းမားလို အရာရာကို လုံးဝမေ့သွားတာထက် အလုပ်တစ်ခုကို ဘယ်ကနေ ဘယ်လိုစလုပ်ရမှန်းမသိဘဲ တုံ့ဆိုင်းနေတာ၊ လုပ်မယ်ဆိုရင်လည်း စိတ်မတည်ငြိမ်တာတွေ ပိုသိသာလာပါတယ်။
  • လမ်းလျှောက်ပုံ ပြောင်းလဲလာခြင်း
    ခြေလှမ်းခပ်စိပ်စိပ်လေးတွေကိုမှ တရွတ်တိုက် လျှောက်လာတာ၊ ဟန်ချက်မထိန်းနိုင်တော့တာ။
  • ဆီးမထိန်းနိုင်ခြင်း
    ရောဂါအစောပိုင်းမှာတင် ဆီးခဏခဏ ထွက်ကျတတ်တာ။
  • စိတ်ခံစားချက် မတည်ငြိမ်ခြင်း
    အကြောင်းရင်းမရှိဘဲ ရုတ်တရက် ငိုတာ၊ ရယ်တာ (Pseudobulbar affect လို့ခေါ်ပါတယ်)။
    .
  • ကာကွယ်လို့ရတဲ့ နေထိုင်မှုပုံစံ (Lifestyle Risk Factors)

ဒီရောဂါရဲ့ အားသာချက်တစ်ခုကတော့ အယ်လ်ဇိုင်းမားထက်စာရင် ကြိုတင်ကာကွယ်ဖို့ ပိုပြီးလွယ်ကူတာပါ။ အထူးသဖြင့် နှလုံးတို့၊ သွေးကြောတို့နဲ့ဆိုင်တဲ့ ရောဂါအခံတွေကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

၁။ သွေးတိုးနှင့် ဆီးချိုရောဂါ ထိန်းညှိရပါမယ်။ သွေးတိုးတာနဲ့ ဆီးချိုတက်တာဟာ ဦးနှောက်သွေးကြောတွေကို အမြန်ဆုံးပျက်စီးစေတဲ့ တရားခံတွေ ဖြစ်ပါတယ်။ ဒီတော့ ဆေးကို စနစ်တကျ သောက်ပေးရပါမယ်။

၂။ ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်သောက်ခြင်းက သွေးကြောတွေကို ကျဉ်းစေပြီး သွေးခဲနိုင်ခြေကို ပိုပြီး မြင့်တက်စေလို့ပါ။

၃။ အစားအသောက် ဆင်ခြင်ရပါမယ်။ တအားငန်တာတွေ၊ ဆီကြော်မုန့်တွေ၊ တိရစ္ဆာန်အဆီတွေကို လျှော့စားပြီး အသီးအရွက် ပိုစားရပါမယ်။

၄။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့လိုပါမယ်။ တစ်နေ့ မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးရုံလေးနဲ့ ဦးနှောက်သွေးလှည့်ပတ်မှုကို အလွန်ကောင်းမွန်စေတာပါ။ 🙏

Reference

  • Sachdev P, Kalaria R, O’Brien J, Skoog I, Alladi S, Black SE, et al. Diagnostic criteria for vascular cognitive impairment and dementia: VASCOG statement. Alzheimer Dis Assoc Disord. 2014;28(3):206-218.
  • Gorelick PB, Scuteri A, Black SE, Decarli C, Greenberg SM, Iadecola C, et al. Vascular contributions to cognitive impairment and dementia: a statement for healthcare professionals from the American Heart Association/American Stroke Association. Stroke. 2011;42(9):2672-2713.

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here