ကျွန်မတို့ဟာ အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံ၊ အရသာအာရုံနဲ့ အထိအတွေ့အာရုံဆိုတဲ့ အာရုံငါးပါးအကြောင်းကို ကောင်းကောင်းသိကြပါတယ်။ ဒါပေမယ့် ဒါတွေအပြင် လူတိုင်းမှာ တိတ်တဆိတ် အလုပ်လုပ်နေတဲ့ တကယ့် “ဆဋ္ဌမအာရုံ” (The Sixth Sense) တစ်ခု ရှိပါသေးတယ်။ အဲဒါကို “Proprioception” (ကိုယ်ခန္ဓာ တည်နေရာသိအာရုံ) လို့ ခေါ်ပါတယ်။

အလွယ်ဆုံး စမ်းသပ်ကြည့်ရအောင်။ အခုပဲ မျက်လုံးကို မှိတ်လိုက်ပါ။ ပြီးရင် သင့်လက်ညှိုးနဲ့ သင့်နှာခေါင်းထိပ်ကို ထိကြည့်ပါ။ မျက်စိမှိတ်ထားပေမယ့် သင့်လက်က နှာခေါင်းဆီကို တည့်တည့်မတ်မတ် ရောက်သွားပါလိမ့်မယ်။

မျက်လုံးနဲ့ မကြည့်ဘဲ လက်နဲ့လည်း တခြားနေရာတွေကို လျှောက်မစမ်းဘဲ ကိုယ့်လက်မောင်းက ဘယ်လောက်အကွာအဝေးမှာရှိလဲ၊ ဘယ်လိုလှုပ်ရှားနေလဲဆိုတာကို အလိုလိုသိနေတာဟာ Proprioception ကြောင့် ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ အာရုံကြောစနစ်အရ ကြွက်သားတွေ၊ အရွတ်တွေနဲ့ အဆစ်အမြစ်တွေထဲမှာ Proprioceptors လို့ခေါ်တဲ့ အာရုံခံမော်လီကျူးလေးတွေ သန်းနဲ့ချီ ရှိနေပါတယ်။ သူတို့က ခန္ဓာကိုယ်ရဲ့ အနေအထား၊ ဆန့်ထုတ်မှုနဲ့ လှုပ်ရှားမှု ပြောင်းလဲသမျှကို ဦးနှောက် (အထူးသဖြင့် Cerebellum ခေါ် ဦးနှောက်ငယ်) ဆီသို့ မိုက်ခရိုစက္ကန့်ပိုင်းအတွင်း အဆက်မပြတ် သတင်းပို့ပေးနေတာ ဖြစ်ပါတယ်။

ဒီအာရုံကြောစနစ်သာ မရှိရင် ကျွန်မတို့ဟာ ခန္ဓာကိုယ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။

▪️ Proprioception အာရုံကြောစနစ် အားနည်းလာရင် ဘာဖြစ်မလဲ။

ဒီအာရုံခံစနစ်က အသက်ကြီးလာတာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ သွေးချို၊ ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်တာ (Neuropathy) ဒါမှမဟုတ် အဆစ်အမြစ် ဒဏ်ရာရတာတွေကြောင့် အားနည်းသွားတတ်ပါတယ်။

အားနည်းလာတဲ့အခါ –

• ဟန်ချက်မထိန်းနိုင်ခြင်း
ခဏခဏ ခလုတ်တိုက်တာ၊ ဟန်ချက်မထိန်းနိုင်ဘဲ ချော်လဲတာမျိုး ဖြစ်တတ်ပါတယ်။

• အကွာအဝေးကို မှန်းဆရခက်ခြင်း
ပစ္စည်းတွေကို ကိုင်ရင် လွတ်ကျတာ၊ အကွာအဝေးကို မှန်းဆရ ခက်ခဲတာမျိုးတွေ ကြုံရတတ်ပါတယ်။

• အမှောင်ထဲတွင် ယိမ်းထိုးခြင်း
အမှောင်ထဲမှာ လမ်းလျှောက်ရင် ပိုပြီး ယိမ်းထိုးတာမျိုးတွေ ကြုံရတတ်ပါတယ်။
.

▪️ ဒီ “ဆဋ္ဌမအာရုံ” ကို ဘယ်လိုပြန်ပြီး ထက်မြက်အောင် လုပ်မလဲ။

ဦးနှောက်ဆဲလ်တွေ ပြန်လည်ဖွံ့ဖြိုးနိုင်စွမ်းအရ ဒီအာရုံကို လေ့ကျင့်ခန်းတွေနဲ့ ပြန်ပြီး အားကောင်းအောင် လုပ်လို့ရပါတယ်။

၁။ ဟန်ချက်ထိန်း လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

ခြေတစ်ဖက်တည်းနဲ့ မတ်တတ်ရပ်ပြီး စက္ကန့် ၃၀ အထိ ထိန်းထားတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။ ပိုပြီး ကျွမ်းကျင်လာရင် မျက်စိမှိတ်ပြီး ခြေတစ်ဖက်တည်း ရပ်ကြည့်ပါ။

၂။ ယောဂ လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

ယောဂ လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ရဲ့ အဆစ်အမြစ်၊ အရွတ်တွေနဲ့ ဦးနှောက်ရဲ့ ချိတ်ဆက်မှုကို အားကောင်းစေပြီး Core ကြွက်သားတွေကို ပိုမိုသိရှိစေပါတယ်။

၃။ မျက်စိမှိတ်ပြီး လှုပ်ရှားမှုအချို့ လုပ်ကြည့်ပါ။

ဘေးကင်းတဲ့ နေရာမျိုးမှာ (ဥပမာ – ကိုယ့်အိပ်ခန်းထဲမှာ) မျက်စိမှိတ်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်တာ၊ အကြောဆန့်တာမျိုး လုပ်ပေးခြင်းက ဦးနှောက်ကို အမြင်အာရုံအပေါ်မှာပဲ အားမကိုးဘဲ ကိုယ်ခန္ဓာအာရုံခံစနစ်ကို ပိုသုံးလာအောင် လှုံ့ဆော်ပေးပါတယ်။

ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အပြင် စမတ်ကျပြီး ဟန်ချက်ညီတဲ့ လှုပ်ရှားမှုတွေကို ပိုင်ဆိုင်နိုင်ဖို့ သင့်ရဲ့ ဆဋ္ဌမအာရုံ (Proprioception) ကိုလည်း ပုံမှန် လေ့ကျင့်ပေးဖို့ မမေ့ပါနဲ့…..။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here