‎မေ့ချင်တဲ့မှတ်ဉာဏ်တွေက ဘာလို့ ပိုစွဲနေရတာလဲ။

‎လူတိုင်းမှာ မေ့ပစ်ချင်တဲ့ အတိတ်တစ်ခု ဒါမှမဟုတ် ဖြစ်ရပ်တစ်ခုတော့ အနည်းဆုံး ရှိတတ်ကြပါတယ်။ ထူးဆန်းတာက မေ့ဖို့ကြိုးစားလေလေ အဲဒီပုံရိပ်တွေက ပိုပြီးထင်ရှားလာလေလေ ဖြစ်နေတာပါပဲ။

‎မေ့တတ်တာကို ဦးနှောက်ရဲ့ အလွဲ (error) တစ်ခုလို့ လက်ခံထားကြပေမယ့် တကယ်တမ်းကျတော့ မေ့ချင်လွန်းလို့ အတင်းဖျောက်ဖျက်ပစ်ချင်တဲ့ အမှတ်တရတွေကျမှ ဦးနှောက်ထဲမှာ ကျောက်စာတစ်ခုလို စွဲထင်နေတတ်တာဟာ ထူးတော့ထူးဆန်းပါတယ်။
‎…
‎…

‎ဘာလို့ မေ့ချင်တဲ့အရာတွေက စွဲနေရတာလဲ။

‎ကျွန်မတို့ ဦးနှောက်ထဲမှာ Amygdala လို့ခေါ်တဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းလေးက ရှိပါတယ်။ ဒီအပိုင်းလေးက ကျွန်မတို့ ကြောက်တာ၊ ဝမ်းနည်းတာ၊ ရှက်ရွံ့တာ‌တွေလို ပြင်းထန်တဲ့ စိတ်ခံစားမှုမျိုးတွေကို ကြုံရတဲ့အခါ သတိပေးချက်တစ်ခုလို ဦးနှောက်က လုပ်ဆောင်ပါတယ်။ “ ဒါဟာ အရေးကြီးတယ်။ နောက်တစ်ခါ ဒီလိုမျိုး အန္တရာယ်မဖြစ်အောင် ကာကွယ်ဖို့ ကောင်းကောင်းမှတ်ထားရမယ်” ဆိုပြီး ခံစားချက်ပြင်းထန်တဲ့ အဖြစ်အပျက်တွေကို ရေရှည်မှတ်ဉာဏ်ထဲကို အတင်းအကျပ် ထည့်သွင်းလိုက်တာပါ။

‎ဒါကြောင့် ပျော်စရာကောင်းတဲ့ အမှတ်တရတွေထက် အရှက်ရစရာ၊ နာကျင်စရာ အဖြစ်အပျက်တွေက ပိုပြီး ကြာကြာစွဲနေတတ်တာပါ။
‎…
‎…

‎ဒီနေရာမှာ “ မေ့ဖို့ကြိုးစားလေ ပိုသတိရလေ” ဆိုတဲ့ ဦးနှောက်ရဲ့ လှည့်ကွက်လေးကို ပြောပြပါရစေ။

‎ဒီဖြစ်စဉ်ကိုတော့ စိတ်ပညာမှာ Ironic Process Theory လို့ ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင် ဦးနှောက်ရဲ့ ဆန့်ကျင်ဘက်သဘောဆောင်တဲ့ လုပ်ဆောင်ချက်ပါ။

‎ဥပမာလေး ကြည့်ရအောင်။

‎” ဖြူဖွေးနေတဲ့ ဆင်ကြီးတစ်‌ကောင်အကြောင်းကို လုံးဝ (လုံးဝ) မစဉ်းစားပါနဲ့” လို့ တစ်ယောက်ယောက်က ပြောလိုက်တာနဲ့ ကိုယ့်ခေါင်းထဲကို ချက်ချင်းရောက်လာတာက ဘာဖြစ်မလဲ။ ဆင်ဖြူကြီးပဲ မဟုတ်လား။

‎ဒီလိုပါပဲ။ တစ်ခုခုကို မေ့ပစ်ဖို့ ကြိုးစားတဲ့အခါ ဦးနှောက်က အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ပါတယ်။

‎ပထမတစ်ခုက စောင့်ကြည့်ခြင်းပါ။ မေ့ပစ်ရမယ့်အရာကို စဉ်းစားမိ/မမိ ဆိုတာကို ဦးနှောက်က အဆက်မပြတ် စောင့်ကြည့်နေတယ်။

‎ဒုတိယတစ်ခုက ဖယ်ရှားခြင်းပါ။ အဲဒီအတွေး ဝင်လာပြီဆိုရင် တခြားအတွေးတစ်ခုနဲ့ အစားထိုးဖို့ ကြိုးစားပါတယ်။

‎ဒီမှာ ပြဿနာက ဦးနှောက်က ‎မစဉ်းစားမိအောင်ဆိုပြီး စောင့်ကြည့်နေရတဲ့အလုပ်ကို လုပ်နေသရွေ့ အဲဒီအကြောင်းအရာဟာ ခေါင်းထဲမှာ အမြဲတမ်း ရှိနေတော့တာပါပဲ။
‎…
‎…

‎ဒါဆိုရင် ဒီမှတ်ဉာဏ်တွေကို ဘယ်လို ကိုင်တွယ်မလဲ။

‎” အတိတ်ကမှတ်ဉာဏ်ဆိုးတွေ” ကို အတင်းအကျပ် မေ့ပစ်ဖို့ကြိုးစားတာဟာ ရေနစ်နေတဲ့သူက ရေပေါ်တက်ဖို့ အတင်းရုန်းကန်ရင်း အားကုန်သွားသလိုမျိုးပါပဲ။ ရေထဲမှာ အေးအေးဆေးဆေး မျောနေတတ်အောင် သင်ယူရသလိုပဲ ဒီမှတ်ဉာဏ်တွေကိုလည်း အေးအေးဆေးဆေး ရင်ဆိုင်တတ်ဖို့ လိုပါတယ်။

‎🌴 လက်ခံလိုက်ပါ (Acceptance)

‎” ငါ ဒါကို မေ့ချင်နေတာပဲ။ ဒါဟာ ငါ့အတိတ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ” လို့ အသိအမှတ်ပြုလိုက်တာက စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါတယ်။ မေ့အောင်လုပ်ဖို့ဆိုတာ စွမ်းအင်အများကြီးကုန်စေတဲ့အလုပ်ပါ။
‎.

‎🌴 အတွေးကို လွှဲပြောင်းပါ (Reframing)

‎မှတ်ဉာဏ်ကို ဖျက်ပစ်လို့ မရပေမယ့် အဲဒီမှတ်ဉာဏ်အပေါ် ထားရှိတဲ့ သဘောထားကိုတော့ ပြောင်းလဲလို့ ရပါတယ်။ “ ဒီဖြစ်ရပ်ကြောင့် ငါ ဘာသင်ခန်းစာ ရခဲ့လဲ” ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ကြည့်တာမျိုး‌ပေါ့။ တစ်ခါတလေ အဆိုးဆုံးလို့ထင်ရတဲ့ အတွေ့အကြုံတွေကနေ ဘဝအတွက် တန်ဖိုးရှိတဲ့သင်ခန်းစာတွေ ရတတ်ပါတယ်မဟုတ်လား။
‎.

‎🌴 သတိကပ်ခြင်း (Mindfulness)

‎အတိတ်မှာပဲ ရှင်သန်နေမယ့်အစား လက်ရှိပစ္စုပ္ပန်အခိုက်အတန့်မှာ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုပဲ အာရုံစိုက်ပါ။ တဖြည်းဖြည်းလေ့ကျင့်ကြည့်ရင်းနဲ့ပဲ အတိတ်ကအတွေးတွေ ဝင်လာတိုင်း အဲဒါတွေနဲ့ မပါသွားဘဲ လက်ရှိအချိန်မှာပဲ နေတတ်လာပါလိမ့်မယ်။
‎.

‎🌴 ကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

‎တကယ်လို့ အဲဒီမှတ်ဉာဏ်တွေက အိပ်မက်ဆိုးတွေအထိ ဖြစ်လာပြီး နေ့စဉ်ဘဝကို ထိခိုက်လာရင်တော့ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ Cognitive Behavioral Therapy (CBT) လိုမျိုး စိတ်ကုထုံးတွေက ဒီလိုမှတ်ဉာဏ်တွေကို ကျန်းမာတဲ့နည်းလမ်းနဲ့ ကိုင်တွယ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
‎…
‎…

‎တကယ်တော့ အတိတ်ဆိုတာဟာ ခဲဖျက်နဲ့ ဖျက်ပစ်သလိုမျိုး ဖျက်ပစ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြန်ဖတ်လို့ရတဲ့ မှတ်စုစာအုပ်ဟောင်းတွေလိုပါပဲ။ အဲဒီစာအုပ်ကို ခဏခဏ ပြန်ဖွင့်ဖတ်နေမယ့်အစား စာအုပ်စင်ပေါ်မှာပဲ တင်ထားလိုက်ဖို့ ကြိုးစားကြည့်ပါ။

အဲဒီစာအုပ်က သင်ခန်းစာ ယူစရာပစ္စည်းတစ်ခုအဖြစ်ပဲ ရှိတော့မယ့် တစ်နေ့… နာကျင်စရာ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

‎သင်၏စိတ်ကလေးကျန်းမာစေဖို့
‎ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here