” ဘာမှမလုပ်ဘဲ နားနေရတာကိုက အပြစ်တစ်ခုလို ဖြစ်နေပြီလား”
ဖုန်းလေးကို အသာချ၊ ဆိုဖာပေါ်မှာ ခဏလေး မှီလိုက်ရုံရှိသေးတယ်… စိတ်ထဲမှာ “ ဟိုအဝတ်တွေကို လျှော်ဖို့ ကျန်သေးတယ်” ၊ “ မနက်ဖြန်အတွက် ဒါလေး ကြိုလုပ်ထားသင့်တယ်” ဆိုတဲ့ အတွေးတွေက တန်းစီပြီးဝင်လာတာမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ ပြောရရင် ဘာမှမလုပ်ဘဲ ထိုင်နေရတာကိုက တစ်ခုခု လိုအပ်နေသလိုလို၊ သူများတွေထက် နောက်ကျကျန်ခဲ့သလိုလို ခံစားနေရတာမျိုးပေါ့။
တကယ်တော့ ဒီခံစားချက်က အခုခေတ်မှာ လူတော်တော်များများ ခံစားနေရတဲ့ “ Productivity Guilt” (အလုပ်မလုပ်ရရင် အပြစ်ရှိသလို ခံစားရခြင်း) ဆိုတဲ့ အခြေအနေတစ်ခုပါ။
နားနားနေနေ ထိုင်နေတာတောင် စိတ်က အနားမရဘဲ “ ငါ အချိန်ဖြုန်းနေတာလား” ၊ “ နောက်တစ်ခု ဘာလုပ်ရမလဲ” ဆိုပြီး တွေးပူနေတတ်တာမျိုးပါ။ လူ့အဖွဲ့အစည်းကလည်း ကျွန်မတို့ကို အမြဲတမ်း တစ်ခုခုလုပ်နေဖို့ကိုပဲ သင်ပြထားပြီး အနားယူတာကိုတော့ “ ပျင်းရိခြင်း” လို့ သတ်မှတ်ထားတတ်ကြပါတယ်။
…
…
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
🌴 အမြဲတမ်း အလုပ်လုပ်ဖြစ်နေမှ တန်ဖိုးရှိတယ်လို့ ထင်နေခြင်း
ကျွန်မတို့ လူ့အဖွဲ့အစည်းက အမြဲကြိုးစားနေတဲ့သူ၊ အလုပ်နဲ့လက်နဲ့ မပြတ်သူတွေကိုပဲ အမွှမ်းတင်လွန်းတော့ နားနေတဲ့အချိန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့သလို ခံစားရတာပါ။
.
🌴 Social Media ရဲ့ ရိုက်ခတ်မှု
ဖုန်းဖွင့်လိုက်တိုင်း သူများတွေက အောင်မြင်နေတာ၊ အလုပ်ရှုပ်နေတာတွေကို မြင်ရတဲ့အခါ “ ငါပဲ နားနေမိတာလား” ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ဝင်လာတတ်ပါတယ်။
.
🌴 အနာဂတ်အတွက် ကြိုပူတတ်တဲ့ အကျင့်
အခုလက်ရှိမှာ အဆင်ပြေနေပေမယ့် “ နောက်မှ အလုပ်တွေပုံသွားရင် ဒုက္ခ” ဆိုတဲ့ ကြိုတင်ပူပန်မှုက ကိုယ့်ရဲ့နားချိန်ကို ဖျက်ဆီးပစ်နိုင်ပါတယ်။
…
…
အဲဒီလိုအချိန်တွေမှာဆိုရင် ထိုင်နေရင်းနဲ့ကို အရမ်းမောပန်းနေတယ်လို့ ခံစားရမယ်။ ပြေးလွှားနေတာမျိုး မဟုတ်ပေမယ့် ခန္ဓာကိုယ်က လေးလံနေမယ်။ အနားယူဖို့ ကြိုးစားနေပေမယ့် စိတ်ထဲမှာတော့ နောက်ထပ်လုပ်ရမယ့် အလုပ်စာရင်းတွေကို စစ်ဆေးနေတဲ့အတွက် စိတ်ရောလူရော Rest Mode (အနားယူသည့် အခြေအနေ) ထဲကို မဝင်နိုင်တော့တာ ဖြစ်ပါတယ်။
အလုပ်စာရင်းတွေ၊ တာဝန်တွေနဲ့မို့ “ ပြီးအောင်လုပ်ရမယ်” ဆိုတဲ့ ဖိအားတွေကို စိတ်ထဲက မချနိုင်ဘဲ အမြဲတမ်း သယ်ထားမိနေတဲ့အခါ ခေါင်းကြီးက ပူနေသလိုမျိုး၊ တစ်ခုခုကို ခေါင်းပေါ်မှာ ရွက်ထားရသလိုမျိုး ခံစားရတော့တာပါပဲ။
ဒီလိုနဲ့ ညဘက်ဆိုရင် အိပ်ရာဝင်ပေမယ့် စပြီးအိပ်ပျော်ဖို့က ခက်တာမျိုး၊ တစ်နေ့လုံး ပင်ပန်းထားလို့ ညကျရင်တော့ ကောင်းကောင်းအိပ်ပျော်မှာပဲလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ဦးနှောက်ကို ပိတ်ချလို့ မရတော့တာမျိုး၊ ခန္ဓာကိုယ်က နားချင်ပေမယ့် စိတ်ကတော့ “ ဒါပြီးရင် ဘာလုပ်မယ်၊ ဟိုဟာ ဘာဖြစ်သွားလဲ” ဆိုတဲ့ အတွေးတွေထဲမှာ ပိတ်မိနေတော့ မျက်စိကြောင်ပြီး အိပ်မရတာမျိုးတွေဟာ ဖြစ်လာပါတော့တယ်။
…
…
မြင်သာအောင် လက်တွေ့ဘဝက ဥပမာအချို့ကို ပြောပြပါရစေ။
၁။ ကော်ဖီသောက်ချိန်
ကော်ဖီလေးသောက်ရင်း အပြင်က သစ်ပင်လေးတွေကို ကြည့်နေမယ့်အစား ဖုန်းထဲက အလုပ်တွေ၊ Email တွေကို စစ်နေမိတာမျိုး။
.
၂။ အားလပ်ရက်
တနင်္ဂနွေနေ့လို နားနေရမယ့်ရက်မှာတောင် “ မနက်ဖြန် တနင်္လာနေ့အတွက် ဘာတွေပြင်ဆင်ရမလဲ” ဆိုတာကို တစ်နေ့လုံးတွေးပြီး ပင်ပန်းနေတာမျိုး။
.
၃။ ညအိပ်ရာဝင်ချိန်
ခန္ဓာကိုယ်က ပင်ပန်းလို့ အိပ်ချင်နေပေမယ့် ခေါင်းထဲမှာတော့ မနက်ဖြန်လုပ်ရမယ့် အလုပ်အစီအစဉ် (To-do list) တွေကို စာရင်းလုပ်ရင်း အိပ်မပျော်နိုင်တာမျိုး။
…
…
ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲ။
၁။ “ နားနေခြင်း” ကိုလည်း To-Do List ထဲ ထည့်လိုက်ပါ။
အလုပ်စာရင်းထဲမှာ “ ၃ နာရီကနေ ၄ နာရီအထိ ဘာမှမလုပ်ဘဲ နားမည်” ဆိုတာကို တရားဝင်ထည့်ထားလိုက်ပါ။ ဒါဆိုရင် နားနေတာဟာ အချိန်ဖြုန်းတာမဟုတ်ဘဲ “ Plan အတိုင်း၊ စီစဉ်ထားတဲ့အတိုင်း လုပ်နေတာ” ဖြစ်သွားလို့ အပြစ်ရှိစိတ်ဟာ လျော့သွားပါလိမ့်မယ်။
.
၂။ ခန္ဓာကိုယ်ကို သတိပြုပါ။
အတွေးတွေက နောက်ထပ်လုပ်ရမယ့် အလုပ်တွေဆီ ရောက်နေပြီဆိုရင် အခုလက်ရှိ ကိုယ်ထိုင်နေတဲ့ ကုလားထိုင်ရဲ့ အထိအတွေ့၊ ကိုယ်သောက်နေတဲ့ ရေရဲ့အရသာ၊ ကိုယ့်အနားက အသံတွေကိုပဲ အာရုံစိုက်လိုက်ပါ။ “ အခုက နားရမယ့်အချိန်၊ အလုပ်ကိစ္စက အလုပ်ချိန်မှ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပါ။
.
၃။ “ အကုန်လုံးကို အပြီးလုပ်နိုင်စရာ မလိုဘူး” ဆိုတာ လက်ခံပါ။
အလုပ်ဆိုတာက ဘယ်တော့မှ ပြီးသွားမှာ မဟုတ်ပါဘူး။ တစ်ခုပြီးရင် တစ်ခုလာနေမှာပါ။ အားလုံးပြီးမှ နားမယ်လို့ တွေးမယ့်အစား နားပြီးမှ ပြန်လုပ်မယ်လို့ ပြောင်းတွေးကြည့်ပါ။ ဓာတ်ခဲအားကုန်ရင် ဘယ်စက်မှ အလုပ်မလုပ်နိုင်သလိုမျိုးပေါ့။
.
၄။ နားနေတာဟာ အလုပ်ပိုကောင်းဖို့အတွက် ရင်းနှီးမြှုပ်နှံမှုလို့ မှတ်ယူပါ။
ခရီးဝေးသွားဖို့ ကားတစ်စီးကို ဆီဖြည့်ရသလိုပါပဲ။ နားနေတာဟာ ပျင်းနေတာမဟုတ်ဘဲ နောက်ထပ်အလုပ်တွေအတွက် အားအင်ပြန်ဖြည့်ခြင်းပါ။
…
…
ဒါကြောင့် ဒီနေ့မှာတော့…
ကိုယ့်ကိုယ်ကို နားခွင့်ပြုလိုက်ပါ။
ဘာမှမလုပ်ဘဲ ခဏလောက် နေကြည့်ပါ။
ကောင်းကင်ကို မော့ကြည့်ပါ။
လေနုအေးကို ခံစားပါ။
ပြီးရင် ကိုယ့်ကိုယ်ကိုယ် ပြောပါ။
” ငါလည်း အနားယူဖို့ ထိုက်တန်ပါတယ်” . . . ။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

