🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)
လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။
ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း တောင့်တကြတာက “ အိမ်” ပါပဲ။
” အိမ်” ဆိုတာ အုတ်ခဲတွေ၊ ဘိလပ်မြေတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ အိမ်ဆိုတာ “ လူတစ်ယောက်” ဖြစ်နေတတ်ပါတယ်။
သင့်ဘဝမှာ လူပေါင်းများစွာနဲ့ ဆုံတွေ့ဖူးမှာပါ။ တချို့လူတွေနဲ့ တွေ့ရင် စိတ်တွေ ပိုရှုပ်ရတယ်။ ပင်ပန်းရတယ်။ တချို့လူတွေနဲ့ တွေ့ရင် ဟန်ဆောင်ထားရလို့ ပိုမောရတယ်။ ဒါပေမယ့် တချို့လူတွေနဲ့ တွေ့လိုက်ရတဲ့အခါမှာတော့ ကိုယ့်အိမ်တံခါးဝကို ရောက်သွားသလို၊ သယ်ပိုးထားရတဲ့ ကျောပိုးအိတ်အလေးကြီးကို ချလိုက်ရသလိုမျိုး “ နွမ်းလျမောပန်းမှုတွေကို သက်သာစေတဲ့ ခံစားမှု” ကို ရဖူးကြမှာပါ။
အဲဒီလို လူမျိုးကို “ အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ” လို့ တင်စားခေါ်ဝေါ်ချင်ပါတယ်။
…
…
🏡 အိမ်ပြန်ရောက်ခြင်း၏ အရသာ
အိမ်တစ်လုံးနဲ့တူတဲ့ သူတစ်ယောက်ရဲ့ အနားကို ရောက်သွားတဲ့အခါ ခံစားရတဲ့ အဓိကခံစားချက်ကတော့ “ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု” (Psychological Safety) ပါပဲ။
၁။ မျက်နှာဖုံးတွေ ချွတ်ထားခွင့်ရတယ်။
အပြင်လောကမှာ ကျွန်တော်တို့ဟာ “ တော်တဲ့ဝန်ထမ်း” ၊ “ လိမ္မာတဲ့ သားသမီး” ၊ “ ရင့်ကျက်တဲ့ လူကြီး” စသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ထားရပါတယ်။ အဲဒီမျက်နှာဖုံးတွေက လေးလံပါတယ်။ ဟန်ဆောင်ပြီးနေရတာဟာ ပင်ပန်းလွန်းလှပါတယ်။ အိမ်နဲ့တူတဲ့သူရဲ့ ရှေ့ရောက်ရင်တော့ အဲဒီမျက်နှာဖုံးတွေကို ချွတ်ထားလိုက်လို့ ရပါပြီ။ ကိုယ်အားငယ်ရင် အားငယ်ကြောင်း၊ ကြောက်ရင် ကြောက်တဲ့အကြောင်း၊ မသိရင် မသိကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခွင့် ရပါတယ်။ “ ငါ့ကို အထင်သေးသွားမလား” ဆိုတဲ့ စိုးရိမ်စိတ်က လုံးဝကို မရှိတော့တာပါ။
.
၂။ တိတ်ဆိတ်ခြင်းက သက်သောင့်သက်သာ ဖြစ်နေတယ်။
သာမန်လူတွေနဲ့ အတူရှိနေရင် စကားမပြောဘဲ တိတ်ဆိတ်နေတဲ့ အချိန်တွေက တစ်ခါတရံမှာ နေရထိုင်ရ ခက်ခဲစေတတ်ပါတယ်။ “ ဘာစကား ပြောရမလဲ” ဆိုပြီး စဉ်းစားရင်း ဦးနှောက်ခြောက်ရပါတယ်။ ဒါပေမယ့် အိမ်နဲ့တူတဲ့သူနဲ့ အတူရှိနေရင်တော့ ဘာစကားမှ မပြောဘဲ ငြိမ်ငြိမ်လေး ထိုင်နေရတာကအစ သက်သောင့်သက်သာ ဖြစ်နေတတ်ပါတယ်။ တစ်ခန်းတည်း အတူရှိနေပြီး သူက စာဖတ်နေမယ်၊ ကိုယ်က ဖုန်းသုံးနေမယ်။ စကားတစ်ခွန်းမှ မပြောဖြစ်ရင်တောင် အဲဒီ တိတ်ဆိတ်မှုက “ ငြိမ်းချမ်းမှု” ကို ပေးပါတယ်။
.
၃။ အားပြန်ပြည့်စေတယ်။
ဖုန်းဘက်ထရီ ကုန်သွားရင် အားသွင်းကြိုး ရှာရသလိုပါပဲ။ လောကဓံကြောင့် စိတ်ဓာတ်ကျပြီး အားကုန်နေတဲ့အချိန်မှာ အဲဒီလူနဲ့ စကားပြောလိုက်ရရင် ဒါမှမဟုတ် သူ့ဘေးနားမှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်ရရင်ကို ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေက ပြန်ပြည့်လာသလို ခံစားရပါတယ်။ သူတို့က ကိုယ့်ဆီက စွမ်းအင်ကို စုပ်ယူသွားသူ (Energy Drainer) မဟုတ်ဘဲ၊ စွမ်းအင်ပြန်ဖြည့်ပေးသူ (Energy Giver) တွေ ဖြစ်ပါတယ်။
…
…
ဒီစာကို ဖတ်နေရင်းနဲ့ သင့်ခေါင်းထဲမှာ လူတစ်ယောက်ယောက်ရဲ့ မျက်နှာကို မြင်ယောင်မိပါသလား။ သူဟာ သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်နိုင်တယ်။ ချစ်သူ ဖြစ်နိုင်တယ်။ မိဘ ဖြစ်နိုင်တယ်။ အသိမိတ်ဆွေတွေထဲကလည်း ဖြစ်နိုင်ပါတယ်။
အကယ်၍ လူတစ်ယောက်ယောက်ရဲ့မျက်နှာပေါ်လာတယ်ဆိုရင်တော့ သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားပါပဲ။ အဲဒီလူကို တန်ဖိုးထားပါ။ လက်လွှတ်မခံပါနဲ့။ ဘာလို့လဲဆိုတော့ နေစရာ “ အိမ်” (House) တွေကို ပိုက်ဆံနဲ့ ဝယ်လို့ရပေမယ့် စိတ်နှလုံးနားခိုစရာ “ အိမ်” (Home) တွေကိုတော့ ဘယ်ငွေကြေးနဲ့မှ ဝယ်ယူလို့ မရနိုင်လို့ပါပဲ။
ဘယ်သူ့မျက်နှာမှ ပေါ်မလာခဲ့ရင်လည်း ဝမ်းမနည်းပါနဲ့။ ကမ္ဘာကြီးက သင့်ကို အိမ်တစ်လုံး မပေးခဲ့ရင် သင်ကိုယ်တိုင်က သူများတွေအတွက် “ အိမ်တစ်လုံး” ဖြစ်လာအောင် ကြိုးစားယူလို့ ရပါတယ်။
…
…
🏡 အိမ်တစ်လုံး ဖြစ်လာဖို့ တည်ဆောက်ခြင်း
” ငါ့ဘဝမှာတော့ အိမ်နဲ့တူတဲ့သူမျိုး မရှိသေးဘူး” လို့ တွေးမိရင် ဝမ်းမနည်းပါနဲ့။ ကိုယ်တိုင်က သူတစ်ပါးအတွက် နားခိုချင်စရာကောင်းတဲ့ “ အိမ်တစ်လုံး” ဖြစ်အောင် ကြိုးစားလို့ရနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်က အိမ်တစ်လုံးဖြစ်လာရင် အိမ်နဲ့တူတဲ့လူတွေကိုလည်း ပြန်ပြီးတော့ ရနိုင်ပါတယ်။
၁။ ဝေဖန်ပိုင်းခြားခြင်းကင်းတဲ့ ဇုန်
အိမ်ဆိုတာ အပြင်မှာ ဘယ်လောက်ပေရေအောင် ဆော့လာခဲ့ ဆော့လာခဲ့၊ ကိုယ့်ကိုလက်ခံပေးတဲ့ နေရာမျိုးပါ။ ဒါကြောင့် သူတစ်ပါးအတွက် အိမ်တစ်လုံး ဖြစ်ချင်ရင် “ Judge လုပ်ခြင်း” (ဝေဖန်ပိုင်းခြားခြင်း) ကို အရင်လျှော့ချရပါမယ်။ လူတွေဟာ သူတို့ရဲ့ခံစားချက်ကို အရင် အသိအမှတ်ပြုပေးလိုက်မှ အိမ်ထဲဝင်ခွင့်ရတယ်လို့ ခံစားရမှာပါ။
.
၂။ လုံခြုံစိတ်ချရသော ခေါင်မိုး
အိမ်တစ်လုံးမှာ အမိုးအကာလုံခြုံဖို့ လိုပါတယ်။ မိုးယိုနေတဲ့ အိမ်မှာ ဘယ်သူမှ မနေချင်ပါဘူး။ လူမှုဆက်ဆံရေးမှာ “ မိုးယိုတယ်” ဆိုတာ ကိုယ့်ကို ယုံကြည်ပြီး ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူတစ်ပါးကို ပြန်ဖောက်သည်ချခြင်းပါပဲ။ “ Vault” (လျှို့ဝှက်ချက်တွေကို သိမ်းဆည်းရာ မီးခံသေတ္တာ) တစ်လုံးလို ဖြစ်အောင် ကျင့်ကြံပါ။ “ သူ့ကို ပြောပြလိုက်ရင် ဘယ်သူမှ ပြန်မသိနိုင်တော့ဘူး” ဆိုတဲ့ ယုံကြည်မှု (Trust) ကို တည်ဆောက်ပါ။ ဒါဟာ လုံခြုံမှု (Safety) ရဲ့ အခြေခံအုတ်မြစ်ပါပဲ။
.
၃။ တည်ငြိမ်တဲ့ ကြမ်းခင်း
အိမ်ဆိုတာ ကိုယ်ပြန်လာတိုင်း နေရာမရွေ့ဘဲ ရှိနေတတ်ပါတယ်။ ဒီလိုပါပဲ။ စိတ်လှုပ်ရှားစရာ ကောင်းဖို့ထက် “ ခန့်မှန်းရလွယ်ကူခြင်း” (Consistency) က ပိုအရေးကြီးပါတယ်။
စိတ်ဆိုးလိုက်၊ စိတ်ကောက်လိုက်၊ ဒေါသထွက်လိုက်နဲ့ မိုးလေဝသမမှန်တဲ့ သူတစ်ယောက်ဟာ နေလို့ကောင်းတဲ့ အိမ်မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း (Emotional Regulation) ရှိအောင် ကြိုးစားပါ။ သူများတွေ ပြာယာခတ်နေချိန်မှာ ကိုယ်က တည်ငြိမ်စွာနဲ့ အားပေးနိုင်သူ ဖြစ်ပါစေ။ မုန်တိုင်းထန်နေချိန်မှာ ခိုင်ခံ့တဲ့ ကြမ်းခင်းတစ်ခုလို သူတို့ကို မြဲမြံစွာ ရပ်တည်ပေးနိုင်ပါစေ။
.
၄။ နွေးထွေးလုံခြုံတဲ့ နားခိုရာ
ဒီခေတ်ကြီးမှာ လူတွေက ဖုန်းကိုပဲ ကြည့်နေကြပြီး လူကို မကြည့်ကြတော့ပါဘူး။ သူငယ်ချင်းတွေဆုံလို့ စကားပြောကြရင်တောင်မှ ဖုန်းနဲ့ မျက်နှာက မခွာနိုင်ကြပါဘူး။ တစ်ယောက်ယောက်က ကိုယ့်ကို စကားပြောနေရင် ဖုန်းကို ချထားလိုက်ပါ။ သူ့မျက်လုံးကို ကြည့်ပါ။ သူပြောတာကို ခေါင်းညိတ်ပါ။
” ငါ့အတွက် မင်းက အရေးကြီးပါတယ်” ဆိုတဲ့ ခံစားချက်ကို စကားလုံးနဲ့ ပြောစရာမလိုဘဲ သင့်ရဲ့ အမူအရာနဲ့ ပြသပါ။ အဲဒီ နွေးထွေးမှုက သူ့ရဲ့ အထီးကျန်ခြင်းတွေကို သက်သာသွားစေပါလိမ့်မယ်။
…
…
🏡 အိမ်နဲ့တူတဲ့သူတွေအတွက် သတိထားဖွယ်
သင်က ဧည့်သည်တွေ (မိတ်ဆွေ၊ ချစ်သူ၊ မိသားစု) အတွက် အိမ်တစ်လုံး ဖြစ်ပေးချင်တာက ကောင်းပါတယ်။ ဒါပေမယ့် “ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး သူများကို နွေးထွေးမှု ပေးစရာ မလိုပါဘူး” ။
ဆိုလိုတာက ကိုယ်တိုင်က စိတ်ပင်ပန်းပြီး ပြိုလဲလုနီးပါး ဖြစ်နေချိန်မှာ သူများကို လက်ခံဖို့ မကြိုးစားပါနဲ့။ အိမ်ရှင်က ကျန်းမာမှ ဧည့်သည်ကို ကောင်းကောင်းဧည့်ခံနိုင်မှာပါ။
ဒါကြောင့် ကိုယ်ပိုင်နယ်နိမိတ် (Boundaries) ကိုလည်း သတ်မှတ်ပါ။ ကိုယ်တိုင် အနားယူဖို့လည်း အချိန်ပေးပါ။ ကိုယ်တိုင်က ငြိမ်းချမ်းနေမှ သင့်အရိပ်အောက်ကို ခိုလှုံလာတဲ့သူတွေဟာလည်း ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။
…
…
လောကကြီးက တဖြည်းဖြည်းနဲ့ ပိုပြီး ဆူညံလာပါတယ်။ ပိုပြီး ရှုပ်ထွေးလာပါတယ်။ ကမ္ဘာကြီးမှာ အောင်မြင်တဲ့လူတွေ၊ တော်တဲ့လူတွေ၊ ချမ်းသာတဲ့လူတွေ အများကြီး ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် “ အိမ်ကလေးတစ်လုံးနဲ့ တူတဲ့လူ” တွေကတော့ အရမ်း ရှားပါးပါတယ်။ ကျွန်တော်တို့က သူရဲကောင်း (Hero) တွေ ဖြစ်ဖို့ မလိုပါဘူး။ ကမ္ဘာကြီးကို ကယ်တင်ဖို့လည်း မလိုအပ်ပါဘူး။
ကိုယ့်အနားကို ရောက်လာတဲ့၊ ပင်ပန်းနွမ်းနယ်နေတဲ့ လူသားတစ်ယောက်အတွက် စိတ်ချလက်ချ အနားယူနိုင်မယ့် “ အိမ်လေးတစ်လုံး” ဖြစ်ပေးနိုင်နေတာပဲ အကောင်းဆုံးဖြစ်ပါတယ်။
ဤကမ္ဘာလောကကြီးမှာ “ အိမ်ကလေးတစ်လုံးနဲ့ တူတဲ့သူ” တွေ ပေါများလာပါစေ။ “ အိမ်ရောက်ပြီ” ဆိုတဲ့ ခံစားချက်ကိုလည်း ရရှိနိုင်ကြပါစေ။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

