မှန်ထဲက ရန်သူ (သို့မဟုတ်) Self-toxicity
‎(ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အဆိပ်ခတ်နေမိပြီလား…)

‎ကျွန်တော်တို့ဟာ ဘဝမှာ မပျော်ရွှင်ရခြင်း၊ စိတ်ဆင်းရဲရခြင်း‌တွေကို ကြုံတွေ့ရတဲ့အခါ လက်ညှိုးထိုးစရာ တရားခံတွေကို အပြင်လောကမှာ ရှာဖွေတတ်ကြပါတယ်။ “ သူက ငါ့အပေါ် ကောင်းမှမကောင်းတာ၊ ပတ်ဝန်းကျင်က မကောင်းလို့၊ ကံကိုက ဆိုးတာ” စသဖြင့် အပြစ်တင်စရာရှာတွေ့မှ စိတ်သက်သာရာ ရတတ်ကြပါတယ်။

‎ဒါပေမယ့် ကိုယ့်ဘဝရဲ့ အကြီးမားဆုံးသော ရန်သူဟာ မှန်ထဲမှာ မမြင်နေရတဲ့ “ ကိုယ်ကိုယ်တိုင်” ဖြစ်နေတတ်တာကို သတိပြုမိပါရဲ့လား။ ဒုက္ခပေးတတ်တဲ့လူ (Toxic People) တွေကို ရှောင်ဖယ်ဖို့ ကြိုးစားနေတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမိ‌နေတဲ့ Self-toxicity တွေကိုတော့ မသိကျိုးကျွံ ပြုနေတတ်ကြပါတယ်။
‎…
‎…

‎ကိုယ့်မှာရော Self-Toxicity ရှိနေပြီလားဆိုတာကို အခုပြောပြမယ့် လက္ခဏာရပ်တွေနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။

‎🍀 ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမိနေပြီလား။

‎အောက်မှာပြောပြမယ့်အချက်တွေထဲကနေ ၃ ချက်ထက်ပိုပြီး ရှိနေပြီဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားဖို့ လိုအပ်နေပါပြီ။

‎၁။ အဆိုးတွေချည်း တစ်ချိန်လုံးတွေးမိနေခြင်း

‎တခြားသူက ကိုယ့်ကို “ နင်ညံ့တယ်” လို့ ပြောရင် ဒေါသထွက်ပေမယ့် ကိုယ့်စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် “ ငါက အသုံးမကျဘူး၊ ငါက ဘာမှလုပ်တတ်တာ မဟုတ်ဘူး၊ ငါကိုယ်တိုင်က ညံ့နေတာပါ” လို့ နေ့စဉ် ပြောနေမိပါသလား။ ကိုယ့်ကိုယ်ကိုယ် အားပေးရမယ့်အစား နှိမ့်ချပြီး ပြောဆိုနေခြင်းဟာ အဆိုးရွားဆုံး ဒုက္ခပေးမိနေခြင်း ဖြစ်ပါတယ်။
‎.

‎၂။ လွန်ကဲစွာ ပြီးပြည့်စုံမှုကို ရှာဖွေခြင်း

‎” အကောင်းဆုံးမှ မဟုတ်ရင် ဘာမှမလုပ်ဘူး” ဆိုတဲ့ စိတ်။ ၉၉ မှတ်ရတာတောင် ပျော်ရမယ့်အစား လိုနေတဲ့ ၁ မှတ်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာမျိုးပါ။ ဒါဟာ တိုးတက်လိုစိတ် မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ကိုယ်တိုင် ညှဉ်းပန်းနှိပ်စက်ခြင်းသာ ဖြစ်ပါတယ်။
‎.

‎၃။ အတိတ်နှင့် အနာဂတ်ထဲတွင် ပိတ်မိနေခြင်း

‎ပြီးခဲ့တဲ့ အမှားတွေကို ပြန်တွေးပြီး နောင်တရနေတာ (သို့မဟုတ်) မဖြစ်သေးတဲ့ အနာဂတ်အတွက် ကြိုပြီး ပူပန်နေတာတွေကြောင့် “ ပစ္စုပ္ပန်တည့်တည့်” မှာ မနေနိုင်တော့ခြင်းဟာလည်း လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။
‎.

‎၄။ တစ်ပါးသူနှင့် မိမိကိုယ်ကိုယ် နှိုင်းယှဉ်မိ‌နေခြင်း

‎ဆိုရှယ်မီဒီယာပေါ်က သူတစ်ပါးရဲ့ အကောင်းဆုံးအချိန်တွေနဲ့ မိမိရဲ့ အဆိုးဆုံးအချိန်တွေကို နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတာမျိုးပါ။ သူများအောင်မြင်တာကိုမြင်ရင် ကိုယ့်ကိုယ်ကိုယ် ကျရှုံးသူလို ခံစားနေရခြင်းဟာ စိတ်ပျက်အားငယ်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း နှင့် အလိုမကျခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ့်ကို စိတ်ညစ်စေတဲ့ အရာတွေ (Page တွေ၊ Account တွေ) ကို လျစ်လျူရှုလိုက်တာ (Unfollow လုပ်တာ၊ Mute လုပ်ထားလိုက်တာ) ဟာ အကောင်းဆုံးပါပဲ။
‎.

‎၅။ မိမိခံစားချက်များကို ဖိနှိပ်ထားခြင်း

‎” ငါ ဝမ်းနည်းလို့မဖြစ်ဘူး၊ ငါ သန်မာရမယ်” လို့ တွေးပြီး ကိုယ့်မှာရှိတဲ့ ခံစားချက်အစစ်အမှန်တွေကို လွတ်လပ်စွာ ထုတ်ဖော်မပြရဲဘဲ အတင်းအဓမ္မ ထိန်းချုပ်ထားတာမျိုးပါ။ ရေရှည်မှာ ဒါက စိတ်ကိုထိန်းချုပ်ရခက်ခဲခြင်းနဲ့ စိုးရိမ်စိတ်တွေကို ဖြစ်စေပါတယ်။

‎မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်ဖို့ (Self reflection‌ လေးရဖို့) အတွက် ဒီအချက်တွေထဲက ဘယ်အချက်တွေနဲ့ ကိုက်ညီနေသလဲဆိုတာ ကိုယ်ကိုယ်တိုင်ပဲ စဥ်းစားကြည့်လိုက်ပါ
‎…
‎…

‎🍀 Self-Toxicity ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ… 🍀

‎ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမိနေပြီဆိုတာကို သိလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီအခြေအနေတွေကနေ ကျော်လွှားလွန်မြောက်နိုင်တဲ့ နည်းလမ်းတွေကိုပါ သိထားပြီး ‌မွေးမြူလေ့ကျင့်ပေးမှသာ ကောင်းမွန်ပျော်ရွှင်ရတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

‎🌱 “ သူငယ်ချင်း သီအိုရီ” ကို ကျင့်သုံးပါ။

‎ကိုယ့်ကိုယ်ကိုယ် ဝေဖန်တော့မယ်ဆိုရင် ဒီမေးခွန်းကို အရင်မေးပါ။ “ ငါ အခုပြောမယ့်စကားကို ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကို ပြောထွက်ပါ့မလား”

‎ဥပမာ။ သူငယ်ချင်းက အမှားလုပ်မိရင် “ နင်က အသုံးမှ မကျတာ” လို့ သင်ပြောမှာလား ဒါမှမဟုတ် “ ဒီတစ်ခါတော့ ထားလိုက်ပါဟာ၊ နောက်တစ်ခါ ပြန်ကြိုးစားကြည့်ပါလား” လို့ ပြောမှာလား။

‎သူငယ်ချင်းကိုကျတော့ ကြင်နာတတ်ပြီး ကိုယ့်ကိုယ်ကိုယ်ကျမှ ရက်စက်နေတာကို အခုချက်ချင်း ရပ်တန့်လိုက်ပါ။
‎.

‎🌱 အတွေးများကို ပြန်လည်ပုံဖော်ပါ။

‎စိတ်ထဲမှာ အဆိုးမြင်တဲ့အတွေးတွေ ဝင်လာတိုင်း အကောင်းဘက်က ပြန်လှန်တွေးပါ။

ဥပမာအားဖြင့်

‎အတွေး။ “ ငါ ဒီအလုပ်ကို မလုပ်နိုင်ရင် ဒုက္ခရောက်တော့မှာလား မသိဘူး”

‎ကောင်းမွန်သော အတွေး။ “ ဒါက ငါ့အတွက် အခွင့်အလမ်းသစ်ပဲ။ ငါလုပ်နိုင်သလောက် အကောင်းဆုံး ကြိုးစားမယ်။ မလုပ်နိုင်ခဲ့လည်း အတွေ့အကြုံ အသစ်တစ်ခု တိုးတာပေါ့။”

‎.

‎🌱 ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပါ။

‎Self-toxicity ရှိသူတွေဟာ ကိုယ့်ခန္ဓာကိုယ်ကို လျစ်လျူရှုတတ်ကြပါတယ်။ ရေများများသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ လမ်းလျှောက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်နဲ့ ခန္ဓာကိုယ်ဟာ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ကျန်းမာလန်းဆန်းလာရင် စိတ်ထဲက အဆိပ်အတောက်တွေလည်း အလိုလို လျော့ပါးသွားတတ်ပါတယ်။
‎.

‎🌱 Social Media Detox လုပ်ပါ (ဆိုရှယ်မီဒီယာအဆိပ်အတောက်တွေကို ဖယ်ရှားပါ)

‎အဓိပ္ပါယ်က သူများတွေနဲ့ နှိုင်းယှဉ်ခြင်းက သင့်ကို စိတ်ဆင်းရဲစေတယ်ဆိုရင် ဖုန်းကြည့်တဲ့အချိန်ကို လျှော့ချပါ။ သူများတွေရဲ့ အကောင်းဆုံးပြကွက်တွေကိုကြည့်ပြီး ကိုယ့်ရဲ့နောက်ကွယ်က လက်တွေ့ဘဝနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဆိုရှယ်မီဒီယာတွေရဲ့သဘောတရားက ကိုယ့်ရဲ့ အကောင်းဆုံးသော တောက်ပမှုတွေကိုသာ ချပြတတ်ကြတာကို သတိချပ်ပါ။
‎.

‎🌱 ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။

‎မနက်အိပ်ရာထတိုင်း (သို့မဟုတ်) ညအိပ်ရာဝင်တိုင်း ကိုယ့်မှာရှိနေတဲ့ ကောင်းမွန်တဲ့အရာ ၃ ခုကို ချရေးပါ။ ဒါက ဦးနှောက်ကို အဆိုးမြင်ခြင်းကနေ အကောင်းမြင်ခြင်းဆီကို ဦးတည်ပေးနိုင်တဲ့ အကောင်းဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။
‎.

‎🌱 ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။

‎ဒါက အခက်ဆုံးနဲ့ အရေးအကြီးဆုံးပါ။ သင်ဟာ လူသားတစ်ယောက်မို့ အမှားလုပ်မိနိုင်ပါတယ်။ အတိတ်ကအမှားတွေဟာ သင်ယူဖို့အတွက်ပါ။ သင့်ကိုယ်သင် ထာဝရအမြဲတမ်း အပြစ်ပေးနေဖို့ မဟုတ်ပါဘူး။
‎…
‎…

‎သူတစ်ပါးက သင့်ကို အဆိပ်ခတ်ရင် ရှောင်ပြေးလို့ ရပေမယ့် သင်ကိုယ်တိုင်က သင့်ကို အဆိပ်ခတ်နေရင်တော့ ပြေးစရာမြေ မရှိပါဘူး။

‎ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ဝေဖန်အပြစ်တင်နေမယ့်အစား နွေးထွေးကြင်နာလိုက်ပါ။ သင်ဟာ ပြီးပြည့်စုံစွာပဲ သင်ဖြစ်နေတဲ့အတိုင်းလေးနဲ့တင် လုံလုံလောက်လောက် တန်ဖိုးရှိနေပြီးသားပါ။

‎ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး မိတ်ဆွေစစ်တစ်ယောက်လို ပြန်လည် ဆက်ဆံနိုင်ကြပါစေ….။

‎စေတနာဖြင့်
‎အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here