ဆေးလိပ်သောက်ခြင်းက အဆုတ်ရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း‌ စတဲ့‌ရောဂါတွေကို ဖြစ်စေနိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် လူအများ သတိမမူမိကြတဲ့ အရေးကြီးတဲ့အချက်ကတော့ ဆေးလိပ်နဲ့ စိတ်ကျန်းမာရေးရဲ့ တိုက်ရိုက်ဆက်နွှယ်မှုပါ။

‎လူအချို့က စိတ်ညစ်တဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ ဒါမှမဟုတ် အာရုံစူးစိုက်မှုနဲ့ စိတ်ခံစားမှုပိုမို‌ကောင်းမွန်လာချင်တဲ့အခါ ဆေးလိပ်ကို “ ထွက်ပေါက်” တစ်ခုအနေနဲ့ အသုံးပြုတတ်ကြပါတယ်။ ဆေးလိပ်သောက်လိုက်ရင် စိတ်အေးသွားသလို၊ တည်ငြိမ်သွားသလို ခံစားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူတွေဟာ သာမန်ထက် ပိုပြီးဆေးလိပ်သောက်မိတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ ခဏတာ ခံစားချက်မျှသာဖြစ်ပြီး ရေရှည်မှာတော့ စိတ်ကျန်းမာရေးကို ပိုမိုဆိုးရွားစေပါတယ်။
‎…


‎ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဟာ သောက်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း ဦးနှောက်ထဲကို ရောက်ရှိသွားပါတယ်။ အဲဒီအခါ ဦးနှောက်ထဲက စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စိတ်ပျော်ဟော်မုန်း (Neurotransmitters) တွေကို အောက်ပါအတိုင်း ပြောင်းလဲပစ်လိုက်ပါတယ်။

‎🌲ဒိုပါမင်း (Dopamine)

စိတ်ကျေနပ်ပျော်ရွှင်မှုကို ပေးစွမ်းပါတယ်။

‎နီကိုတင်းဟာ ဦးနှောက်ရဲ့ ဆုပေးစနစ် (Reward Center) ကို လှုံ့ဆော်ပြီး ဒိုပါမင်းတွေကို အဆမတန် ထွက်လာစေကာ လူကို ချက်ချင်းဆိုသလို စိတ်ကျေနပ်မှု ရရှိစေပါတယ်။

‎ဒါပေမယ့် ရေရှည်မှာ ဦးနှောက်က ဒိုပါမင်းရဲ့ အလုပ်လုပ်နိုင်စွမ်းကို လျှော့ချလိုက်တဲ့အတွက် နောက်ပိုင်းမှာ ပုံမှန်စိတ်ချမ်းသာမှုမျိုးရဖို့ ဆေးလိပ်ကို ပိုပိုတိုးသောက်ရတဲ့ “ စွဲလမ်းမှုသံသရာ” ကို ဖြစ်ပေါ်စေပါတယ်။
‎.

‎🌲ဆီရိုတိုနင် (Serotonin)

စိတ်တည်ငြိမ်အေးချမ်းမှုကို ခံစားရစေပါတယ်။

‎နီကိုတင်းက ဆီရိုတိုနင်ထုတ်လုပ်မှုကို ယာယီမြှင့်တင်ပေးတာကြောင့် ဆေးလိပ်သောက်နေစဉ်အတွင်း စိတ်လှုပ်ရှားမှုတွေဟာ ငြိမ်ကျသွားသလို ခံစားရစေပါတယ်။

‎အာနိသင်ကုန်သွားတဲ့အခါမှာတော့ ဆီရိုတိုနင်ပမာဏဟာ ပုံမှန်အောက်ကို ရောက်သွားပြီး စိတ်တိုလွယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနဲ့ စိတ်မအေးချမ်းခြင်းတွေကို ပိုမိုခံစားရလာစေပါတယ်။
‎.

‎🌲 နော်အက်ပီနက်ဖရင်း (Norepinephrine)

အာရုံစူးစိုက်မှုကောင်းစေပြီး တက်ကြွရွှင်လန်းလာစေပါတယ်။

‎ဒီဓာတ်ပစ္စည်းဟာ ဦးနှောက်ကို နိုးကြားစေပြီး အလုပ်လုပ်နိုင်စွမ်းဟာ မြင့်တက်လာသလိုမျိုး ယာယီလှည့်စားနိုင်စွမ်း ရှိပါတယ်။

‎ဒါပေမယ့် ဒီလိုအတုအယောင်တက်ကြွမှုဟာ ဦးနှောက်ကို အမြဲတမ်း ပင်ပန်းနွမ်းနယ်စေပြီး ဆေးလိပ်မရှိရင် ဘာကိုမှ အာရုံစိုက်လို့မရတော့တဲ့ အခြေအနေထိ ဖြစ်သွားစေနိုင်ပါတယ်။
‎.

‎ဒီဟော်မုန်းတွေကြောင့် ဆေးလိပ်သောက်ချိန်မှာ စိတ်ချမ်းသာသလို ထင်ရပေမယ့် နီကိုတင်းအာနိသင် ကုန်သွားတဲ့အခါမှာတော့ စိတ်မတည်ငြိမ်မှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေက အဆမတန် ပြန်တက်လာပါတယ်။ ဒါကြောင့်ပဲ လူတွေဟာ အဲဒီမကောင်းတဲ့ ခံစားချက်ကို ဖယ်ရှားဖို့ ဆေးလိပ်နောက်တစ်လိပ်ကို ထပ်သောက်ရင်း “ ဆေးလိပ်စွဲခြင်း သံသရာ” ထဲက ရုန်းမထွက်နိုင် ဖြစ်ကြရပါတယ်။
‎…


‎ဆေးလိပ်ကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ကျန်းမာရေး ပြဿနာများ

‎၁။ စိုးရိမ်ပူပန်မှုရောဂါ (Anxiety)

‎ဆေးလိပ်က နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် ရင်တုန်တာ၊ အသက်ရှူမဝတာတွေ ဖြစ်လာပြီး စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါ (Anxiety) နဲ့ ရုတ်တရက် ထိတ်လန့်တုန်လှုပ်တဲ့ရောဂါ (Panic Attack) ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေပါတယ်။

‎နီကိုတင်းကြောင့် ခန္ဓာကိုယ်ထဲမှာ Stress Hormone လို့ခေါ်တဲ့ ကော်တီစော (Cortisol) တွေ ပိုထွက်လာပြီး စိတ်ဂနာမငြိမ်မှုကို ပိုမိုဖြစ်ပွားစေတတ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားချိန်မှာ ခံစားရတဲ့ ဝေဒနာ (Withdrawal Symptoms) တွေကလည်း စိုးရိမ်ပူပန်မှုရောဂါ အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
‎.

‎၂။ စိတ်ဓာတ်ကျဝေဒနာ (Depression)

‎ဆေးလိပ်သောက်ခြင်းက စိတ်ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း (Coping Mechanism) ကို ကျဆင်းစေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေသူတွေမှာ မျှော်လင့်ချက်မဲ့သလို ခံစားရတာနဲ့ အားမရှိသလို အမြဲနုံးချိနေတာမျိုးတွေကို ပိုဆိုးစေပါတယ်။

‎ဆေးလိပ်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ထဲက ပျော်ရွှင်မှုကို ထိန်းညှိပေးတဲ့ အင်ဇိုင်း (MAO) တွေကို ဟန့်တားပစ်တာကြောင့် စိတ်ခံစားချက် အတက်အကျကို မထိန်းချုပ်နိုင်တော့ဘဲ စိတ်ဓာတ်ကျဆင်းမှုထဲကို ပိုမိုနစ်မွန်းသွားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်က စိတ်ကျရောဂါအတွက် သောက်ရတဲ့ ဆေးဝါးတွေရဲ့ အာနိသင်ကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။
‎.

‎၃။ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ (Sleep Problems)

‎ဆေးလိပ်သောက်သူတွေဟာ အိပ်ပျော်ဖို့ ခက်ခဲတတ်သလို အိပ်မက်ဆိုးတွေ မက်တတ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်မပျော်တဲ့အတွက် နောက်တစ်နေ့မှာ စိတ်မကြည်မလင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အား (Mental Resilience) ကျဆင်းလာပါတယ်။

‎နီကိုတင်းဟာ လူကို လန်းဆန်းစေတဲ့ (Stimulant) အာနိသင်ရှိတာကြောင့် ဆေးလိပ်ကို အိပ်ခါနီးညဘက်သောက်တဲ့အခါ အိပ်စက်ခြင်းသံသရာ (Sleep Cycle) ကို ထိခိုက်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်ရမယ့် အချိန်ကို လျော့နည်းစေပါတယ်။ အိပ်ရေးမဝတဲ့အခါ ဦးနှောက်က စိတ်ဖိစီးမှုတွေကို မခုခံနိုင်တော့ဘဲ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်စိတ်တွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။
‎.

‎၄။ ဦးနှောက်နှင့် မှတ်ဉာဏ်

‎ရေရှည်သောက်သုံးခြင်းက ဦးနှောက်ဆီကို အောက်စီဂျင်ရောက်ရှိမှုအပေါ် အဟန့်အတားဖြစ်စေတာကြောင့် မှတ်ဉာဏ်လျော့နည်းတာ၊ မေ့လွယ်တာနဲ့ အာရုံစိုက်မရတာတွေကို ဖြစ်စေပါတယ်။

‎ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ရဲ့ အပြင်ဘက်လွှာ (Cerebral Cortex) ဟာ ပုံမှန်ထက် ပိုမို‌သေးငယ်သွားတတ်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို သိသိသာသာ ကျဆင်းစေပါတယ်။ ဒါ့အပြင် ရေရှည်မှာ အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမား (Alzheimer’s) နဲ့ သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေကိုလည်း ပိုမိုမြင့်တက်စေပါတယ်။
‎.

‎၅။ လူငယ်များနှင့် ဆေးလိပ်အန္တရာယ်

‎လူငယ်တွေရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲအဆင့်ပဲ ရှိပါသေးတယ်။ ဒီအချိန်မှာ ဆေးလိပ်သောက်ခြင်းက စိတ်ထိန်းချုပ်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ပျက်စီးစေပြီး စိတ်ကျန်းမာရေး ပြဿနာတွေကို ပိုမိုပြင်းထန်စွာ ခံစားရစေပါတယ်။

‎ဦးနှောက်ရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်း (Prefrontal Cortex) ဟာ ဆေးလိပ်ကြောင့် ဖွံ့ဖြိုးမှု နှောင့်နှေးသွားပြီး စိတ်ခံစားချက်ကို မထိန်းနိုင်ဘဲ ရုန့်ရင်းကြမ်းတမ်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း စွဲလမ်းမှုဆိုင်ရာ ပြဿနာတွေနဲ့ တခြားသော စိတ်ကျန်းမာရေး ဝေဒနာတွေကို ကုသရခက်ခဲသွားစေနိုင်ပါတယ်။
‎…


‎ဆေးလိပ်ဖြတ်ခြင်းမှ ရရှိမည့် “ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ”

‎ဆေးလိပ်ဖြတ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ပြန်လည်ကျန်းမာရုံတင်မကဘဲ စိတ်ဝိညာဉ်ပါ ပြန်လည်ရှင်သန်လာနိုင်ပါတယ်။

အဲဒါတွေကတော့ . . .

‎✅ စစ်မှန်တဲ့ စိတ်တည်ငြိမ်အေးချမ်းမှု ရရှိလာခြင်း
‎✅ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း
‎✅ ပြဿနာတွေကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း
‎✅ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာခြင်း
‎✅ မိမိကိုယ်ကိုယ် ယုံကြည်မှု (Self-esteem) မြင့်တက်လာခြင်းဆိုတာတွေ ဖြစ်ပါတယ်။
‎.
‎.
‎အချုပ်ဆိုရရင်‌တော့ ဆေးလိပ်ဟာ စိတ်ဖိစီးမှုအတွက် “ ဆေး” မဟုတ်ဘဲ စိတ်ကျန်းမာရေးကို ဖျက်ဆီးနေတဲ့ “ အဆိပ်” သာ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပြီးတဲ့နောက် ဦးနှောက်အတွင်းမှာရှိတဲ့ ဓာတုပစ္စည်တွေက ပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်လာပြီး သဘာဝအတိုင်း ပျော်ရွှင်ကြည်နူးမှုကို ခံစားနိုင်စွမ်း ရှိလာပါလိမ့်မယ်။ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပြန်လည်ရရှိလာခြင်းက ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး လူမှုပတ်ဝန်းကျင်မှာ ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်စေမှာပါ။

အမှန်တကယ်တော့ ဆေးလိပ်ဖြတ်လိုက်ခြင်းဟာ သင့်ရဲ့ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းမှုကို ပြန်လည်ဖော်ဆောင်ပေးမယ့် အကောင်းဆုံးသော နည်းလမ်းတစ်ခုပါပဲ….။

‎အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here