💔 ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း

“ လိုချင်တဲ့အရာ” လို့ ပြောလိုက်ရင် ပုံမှန်အားဖြင့် ကျွန်မတို့ဟာ လက်ထဲမှာ ကိုင်တွယ်လို့ရတဲ့၊ မျက်စိနဲ့ မြင်ရတဲ့ ဒြပ်ပစ္စည်းတွေပဲ အရင်ဆုံး ပြေးမြင်မိတတ်ကြပါတယ်။

တကယ်တော့ ကျွန်မတို့ရဲ့ စိတ်နှလုံးသားထဲမှာ အများစု တောင်းဆိုနေတာကတော့ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက် (Emotional Needs) တွေပါပဲ။

ဒီလိုအပ်ချက်လေးတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေလို မဟုတ်ဘဲ နူးညံ့သိမ်မွေ့လွန်းလို့ အများစုက သတိမထားမိဘဲ လျစ်လျူရှုထားမိတတ်ကြပါတယ်။

ကျွန်မတို့ နေ့စဉ်ဘဝမှာ ဖြစ်ပေါ်နေတဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ အချင်းချင်းကြားက အဆင်မပြေမှုတွေနဲ့ ပဋိပက္ခလေးတွေဟာ တကယ်တမ်း ဘယ်သူ့ကိုမှ တိုက်ရိုက် အပြစ်တင်စရာ မလိုပါဘူး။

ဒီအရာတွေ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့

  • ကိုယ့်ရဲ့စိတ်ဝိညာဉ်က တကယ်တမ်း ဘာကို တောင့်တနေသလဲ (Need) ဆိုတာကို မသိသေးတာရယ်
  • အဲဒီတောင့်တမှုကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြည့်ဆည်းပေးဖို့ (Meet) မလုပ်တတ်တာရယ်ကြောင့်ပါပဲ။

လိုချင်တာတစ်မျိုး၊ ရနေတာကတစ်မျိုး ဖြစ်တဲ့အခါ စိတ်ထဲမှာ လစ်ဟာနေတဲ့ ခံစားချက်ကြီးနဲ့ အမြဲတမ်း ပူလောင်နေရတတ်ပါတယ်။

ဥပမာ။ တကယ်တမ်း လိုအပ်နေတာက နွေးထွေးတဲ့ အားပေးမှု (Need for Warmth) ဖြစ်ပေမယ့် အဲဒါကို တောင်းဆိုမယ့်အစား စိတ်ဆိုးဒေါသထွက်ပြီး ပတ်ဝန်းကျင်ကို ဝေဖန်ပြောဆိုနေမိတာမျိုး‌ပေါ့။ အဲဒီနောက်ဆက်တွဲကတော့ ကိုယ်လိုချင်တဲ့ နွေးထွေးမှုအစား အခြားမလိုချင်တဲ့ တုံ့ပြန်မှုတွေပဲ ရလာပါတော့တယ်။

ဒါကြောင့် ကိုယ်ဘာလိုအပ်နေတာလဲဆိုတာ သိဖို့ဆိုရင်

✅ ကိုယ့်စိတ်ထဲက တံခါးကို ဖွင့်ကြည့်ပါ။

ဒီခရီးလမ်းမှာ ပထမဆုံး လိုအပ်တာကတော့ ကိုယ့်ကိုယ်ကိုယ် သတ္တိရှိရှိ ပြန်လည် စူးစမ်းကြည့်ဖို့ပါပဲ။

“ ငါ အခု လိုအပ်နေတာ ဘာလဲ” ဆိုတဲ့မေးခွန်းကို မေးကြည့်ပါ။

လူသားတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ အစာအာဟာရလို့ ပြောရမယ့် အခြေခံလိုအပ်ချက်တွေ ရှိနေတတ်ပါတယ်။ လက်ရှိကိုယ့်ရဲ့ ခံစားချက်တွေကို သေချာနားထောင်ရင်း၊ ဒီအချက်တွေထဲက ဘယ်ဟာက အားနည်းနေလဲဆိုတာ ရှာကြည့်ပါ။

  • အသိအမှတ်ပြုခံရမှုလား
    ကိုယ်လုပ်တာတွေ၊ ကိုယ်ပြောတာတွေဟာ တန်ဖိုးရှိတယ်၊ အဓိပ္ပာယ်ရှိတယ်လို့ ခံစားချင်တဲ့စိတ်။
  • လုံခြုံနွေးထွေးမှုလား
    စိတ်ချလက်ချ အနားယူလို့ရတဲ့ နေရာ၊ လူ၊ ဆက်ဆံရေးမျိုးကို လိုချင်တာ။
  • ရင်းနှီးပွင့်လင်းမှုလား
    ကိုယ်ချစ်တဲ့သူတွေနဲ့ စိတ်ချင်းနီးစပ်ချင်တဲ့၊ နားလည်မှု ရယူချင်တဲ့ စိတ်။
  • ကိုယ်ပိုင်အခွင့်အရေးလား
    ကိုယ့်ဘဝအတွက် ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင် ချခွင့်ရှိချင်တဲ့ စိတ် . . . စသဖြင့် ဒီလို လိုအပ်ချက်ကို သိလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မြင်ယောင်ခြင်း (Self-Awareness) က ပိုမိုရှင်းလင်းလာပြီး စိတ်ရဲ့ အပူတွေလည်း အလိုလို လျော့ကျသွားပါလိမ့်မယ်။
    .

✅ နူးညံ့စွာ ဖွင့်ဟတောင်းဆိုပါ။

ကိုယ့်ရဲ့ “ Need” ကို ရှာတွေ့ပြီဆိုရင် နောက်တစ်ဆင့်က အဲဒါကို ပတ်ဝန်းကျင်ကလူတွေကို သိစေဖို့ သိမ်မွေ့တဲ့နည်းလမ်းနဲ့ ဖွင့်ဟပြောဆိုဖို့ပါပဲ။

ဒါဟာ အရှက်ရစရာ ဒါမှမဟုတ် အားနည်းတာမျိုး မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာမှုနဲ့ သတ္တိရှိတာကို ပြသတာပါ။

ကျွန်မတို့ဟာ တစ်ဖက်လူက ကိုယ့်စိတ်ကို ဖတ်နိုင်လိမ့်မယ်၊ ကိုယ့်ကို ချစ်ရင် ဒီလောက်တော့ သိသင့်တယ်လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာ ဘယ်သူမှ ကိုယ့်နှလုံးသားထဲ ဝင်မကြည့်နိုင်သလို ကိုယ့်စိတ်ကိုလည်း မဖတ်နိုင်ကြပါဘူး။

ဒီတော့ ကိုယ့်လိုအပ်ချက်ကို မပြောဘဲ စိတ်ဆိုးပြတာ၊ အပြစ်တင်တာဟာ ကိုယ့်ရဲ့ Need ကို ဘယ်တော့မှ ဖြည့်ဆည်းပေးမှာ မဟုတ်ပါဘူး။

ဥပမာ။ “ နင်က ဘယ်တော့မှ ငါ့အတွက် အချိန်မပေးဘူး” လို့ အပြစ်တင်မယ့်အစား “ ငါနင်နဲ့ စကားပြောဖို့ အချိန်ခဏရရင် ကောင်းမှာပဲ”

“မင်းရဲ့ ဂရုစိုက်မှု (Need) ကို ငါတကယ် လိုအပ်နေလို့ပါ။ ဒီနေ့ ခဏလောက် လမ်းလျှောက်ရင်း အေးအေးဆေးဆေး စကားပြောဖို့ အဆင်ပြေမလား” လို့ ပြေပြစ်ညင်သာစွာ တောင်းဆိုပါ။

ဒီလို Need နဲ့ Meet ကို တစ်ထပ်တည်းကျအောင် လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကျွန်မတို့ဟာ ကိုယ့်ရဲ့ စိတ်ခံစားမှုကမ္ဘာကို ပိုမိုတည်ငြိမ်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝကို ဖန်တီးနိုင်မယ်၊ ကတောက်ကဆဖြစ်မှုတွေ နည်းပါးပြီး ပိုပျော်ရွှင်နှစ်လိုဖွယ်ကောင်းတဲ့ ဆက်ဆံရေးတွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်ရှင်….။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here