“ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း (Counseling) ယူဖို့ ဘာကြောင့် တွန့်ဆုတ်ကြတာလဲ”

လူတိုင်းနီးပါး ကိုယ့်ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန် စိတ်ဖိစီးမှုတွေ၊ ခေါင်းခဲရတဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ ကိုယ်တိုင်ဖြေရှင်းဖို့ ဘယ်ကစပြီး ဘယ်လိုကိုင်တွယ်ရမှန်း မသိအောင် ခက်ခဲလာတဲ့အခါ Counseling (စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ကုသမှုခံယူခြင်း) ဆိုတာ အကူအညီတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် လူတော်တော်များများက counseling ယူဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။

✅ “ ပြဿနာအတွက် ဖြေရှင်းနည်းပဲ လိုချင်တယ်”

လူအများစုက ပြဿနာတစ်ခုကြုံလာရင် ချက်ချင်းဖြေရှင်းနည်း (solution) ကို လိုချင်တတ်ကြပါတယ်။

ဥပမာ။ ရောဂါတစ်ခုဖြစ်ရင် ဘယ်ဆေးသောက်ရင် ချက်ချင်းပျောက်မလဲ ဆိုတာမျိုးပေါ့။

Counseling ဆိုတာကတော့ ကိုယ်ကြုံနေရတဲ့ ပြဿနာကို ချက်ချင်းအဖြေရှာ အကြံဉာဏ်ပေးတာမျိုးမဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင် ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်ပြီး ကိုယ်တိုင် ဖြေရှင်းနိုင်အောင် လမ်းညွှန်ပေးတာ ဖြစ်ပါတယ်။

ဒါကို တချို့က “ အကြံဉာဏ်ပေးတာ မဟုတ်ရင် ဘာလို့ အချိန်ကုန်ခံပြီး လုပ်ရမှာလဲ” လို့ ထင်ပြီး counseling ယူဖို့ စိတ်မဝင်စားကြတော့ပါဘူး။
.

✅ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဖွင့်ပြောရမှာ ကြောက်တယ်

တချို့လူတွေက ကိုယ့်ခံစားချက်တွေ၊ အတွေးတွေကို သူစိမ်းတစ်ယောက်ကို ဖွင့်ပြောရမှာကို ဝန်လေးပြီး ကြောက်ရွံ့တတ်ကြပါတယ်။

ကိုယ်ပြောလိုက်တဲ့ စကားတွေ၊ အကြောင်းအရာတွေဟာ ဘယ်သူ့ကိုမှ ပြန်မပြောဘဲ လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားပေးတယ်ဆိုတာကို ကောင်းကောင်းနားမလည်တာကြောင့်လည်း counseling ယူဖို့ ဝန်လေးနေကြတာပါ။ တကယ်တော့ ကျွန်မတို့က counseling ပေးတဲ့အခါ ကိုယ့် Client ရဲ့ အချက်အလက်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေအားလုံးကို လျှို့ဝှက်ထားရှိတာကြောင့် ဒါကို အထူးတလည် စိတ်ပူဖို့ မလိုအပ်ပါဘူး။
.

✅ “ ငါ့ပြဿနာက counseling မလိုလောက်ပါဘူး”

တချို့လူတွေက ကိုယ်ကြုံနေရတဲ့ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှုတွေကို “ ဒါက သာမန်ပါပဲ၊ counseling ယူလောက်တဲ့အထိ မဟုတ်ပါဘူး” လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သေးငယ်တယ်လို့ ထင်ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေကနေပဲ အချိန်ကြာလာတဲ့အခါ ပိုကြီးမားတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာတတ်တာပါ။ ဒါကြောင့် ကိုယ်တိုင် ဖြေရှင်းလို့ မရနိုင်တော့ဘူးလို့ ခံစားမိတဲ့အခါ၊ ဘယ်စပြီးကိုင်တွယ်ရမှန်း မသိတော့လောက်အောင်မွန်းကျပ်မှုကို ခံစားရတဲ့အခါ Counseling ယူဖို့ အရေးကြီးပါတယ်။
.

✅ ”စိတ်ရောဂါရှိမှ Counseling ဆိုတာ ယူရတယ်”

ဒီအချက်ကတော့ Counseling ယူဖို့ လူတွေတွန့်ဆုတ်ရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။

လူအများစုက “ Counseling ယူတယ်ဆိုတာ စိတ်မမှန်တဲ့သူ၊ စိတ်ရောဂါရှိတဲ့သူတွေမှ ယူရတာ” လို့ ထင်ကြပြီး counseling ယူရမှာကို ရှက်ရွံ့တတ်ကြပါတယ်။ တကယ်တော့ counseling ဆိုတာ စိတ်ရောဂါရှိသူတွေအတွက်တင် မဟုတ်ပါဘူး။ စိတ်ဖိစီးမှုများတဲ့သူတွေ၊ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေတဲ့သူတွေ၊ မိသားစု/သမီးရည်းစားဆက်ဆံရေး ပြဿနာရှိနေတဲ့သူတွေ၊ ပူဆွေးဝမ်းနည်းနေတဲ့သူတွေ စတဲ့ ဘဝရဲ့အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အကူအညီလိုအပ်နေတဲ့ လူတိုင်းအတွက် ရည်ရွယ်ပါတယ်။

ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်တာဟာ ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုစိုက်တာနဲ့ အတူတူပါပဲ။
.

✅ Counseling အကြောင်း သေချာနားမလည်တာ

လူအများစုက counseling ဆိုတာ ဘာလဲ၊ ဘယ်လိုလုပ်ဆောင်လဲ၊ ဘယ်သူတွေအတွက်လဲ ဆိုတာကို ပြည့်ပြည့်စုံစုံ နားမလည်ကြသေးတာကြောင့်လည်း ယူဖို့ စဉ်းစားမရတာမျိုး ဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် ကျွန်မတို့နိုင်ငံမှာ အသိပညာပေးခြင်းက အလွန်ချို့တဲ့ခဲ့ပါတယ်။

ဆိုတော့ Counseling ယူခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။

😇 စိတ်ဖိစီးမှု လျော့ကျလာမယ်။

စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ဖွင့်ပြောခွင့်ရတဲ့အခါ အရင်ဆုံး စိတ်ပေါ့ပါးပြီး စိတ်ဖိစီးမှုတွေ အနည်းနဲ့အများ လျော့ကျသွားနိုင်ပါတယ်။
.

😇 ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာမယ်။

ကိုယ့်ရဲ့ ခံစားချက်တွေ၊ အတွေးတွေ၊ အပြုအမူတွေရဲ့ အရင်းအမြစ်ကို Counselor နဲ့စကားပြောရင်းမှ သတိပြုမိလာနိုင်ပါတယ်။
.

😇 ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာမယ်။

မိသားစု၊ ချစ်သူ၊ မိတ်ဆွေသူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးပြဿနာတွေ ရှိနေရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို သဘောပေါက်လာနိုင်ပါတယ်။
.

😇 ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာမယ်။

ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရခက်တဲ့အခါ ရှင်းလင်းပြတ်သားတဲ့ အတွေးအမြင်တွေ ရရှိအောင် ကူညီပေးနိုင်ပါတယ်။
.

😇 ပြဿနာတွေကို ရင်ဆိုင်လာနိုင်မယ်။

ဘဝမှာ ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ဘယ်လိုနည်းလမ်းနဲ့ကိုင်တွယ်မယ်၊ မကိုင်တွယ်နိုင်တဲ့အခါ ဘယ်လိုစိတ်ထားမယ် စသဖြင့် ရင်ဆိုင်နိုင်စွမ်းတွေ တိုးလာနိုင်ပါတယ်။
.

ခြုံငုံပြောရရင် Counseling ဆိုတာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်ဖို့၊ ပိုချစ်တတ်ဖို့နဲ့ ဘဝရဲ့ အခက်အခဲတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် အကောင်းဆုံး အထောက်အပံ့တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေ စိတ်ပိုင်းဆိုင်ရာ အခက်အခဲကြုံနေတယ်ဆိုရင် Counseling ယူပါ၊ ယူဖို့ မတွန့်ဆုတ်သင့်ကြောင်းကိုလည်း အချင်းချင်း လက်ဆင့်ကမ်း သတင်းပါးစေရင်း…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here