နို့တိုက်ကျွေးနေချိန်မှာ ဖြစ်တတ်တဲ့ ရင်သားတင်းမာခြင်းဆိုတာကတော့ ရင်သားထဲမှာ နို့ရည်တွေပြည့်လျှံနေပြီး ရောင်ရမ်းတာ၊ နာကျင်တာ၊ မာကျောတင်းမာနေတာမျိုးကို ခေါ်တာပါရှင့်။

ဒါဟာ များသောအားဖြင့် ကလေးနို့တိုက်စ ရက်ပိုင်းတွေမှာ ခန္ဓာကိုယ်က နို့ထွက်နှုန်းကို အသားကျအောင် ညှိနေတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းတွေမှာလည်း ကလေးက နို့ကို ကောင်းကောင်းမစို့လို့ နို့ကုန်စင်အောင် မထုတ်နိုင်တဲ့အခါမျိုးမှာလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုနဲ့ ရင်သားတင်းမာလာတဲ့အခါ ကလေးက နို့ကို ကောင်းကောင်းမငုံနိုင်တော့ဘဲ နို့စို့ရပိုခက်ခဲစေနိုင်ပါတယ်။ အဲဒီအခြေအနေကနေ Mastitis (ရင်သားရောင်ရမ်းတဲ့ ပြဿနာ) လိုမျိုးအထိ ဖြစ်လာနိုင်ပါတယ်။

❓နို့ခဲခြင်းရဲ့လက္ခဏာတွေကဘာလဲ။

နို့ခဲခြင်းရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

✅ ရင်သားများ ရောင်ရမ်းပြီး မာကျောကာ နာကျင်ခြင်း။

✅ ထိလိုက်တဲ့အခါ နာကျင်တာ ဒါမှမဟုတ် နွေးနေတာမျိုး ခံစားရခြင်း။

✅ ရင်သားထဲမှာ နို့ရည်တွေပြည့်ပြီး လေးလံနေသလို ခံစားရခြင်း။

✅ နို့သီးခေါင်းတွေက တင်းပြီး ပြားချပ်သွားတတ်လို့ ကလေးက နို့စို့ရခက်ခဲခြင်း။

✅ တချို့အခြေအနေတွေမှာ ကိုယ်အနည်းငယ် ပူနေတတ်ခြင်း (ဖျားခြင်း)။

❓နို့ခဲခြင်း ဘာကြောင့်ဖြစ်ရတာလဲ။

နို့ခဲခြင်းက ခန္ဓာကိုယ်ကနေ ကလေးသောက်သုံးတဲ့ ပမာဏထက် နို့ရည်ကို ပိုပြီးထုတ်လုပ်မိတဲ့အခါမှာ ဖြစ်တတ်ပါတယ်။

အဓိကအားဖြင့် အောက်ပါအခြေအနေတွေမှာ ဖြစ်နိုင်ပါတယ် . . .

✅ ကလေးက နို့ကို ကောင်းကောင်းမငုံနိုင်ဘဲ ကောင်းကောင်းမစို့နိုင်တဲ့အခါ။

✅ ကလေးက နို့တစ်ကြိမ်လောက် မစို့ဖြစ်လိုက်တဲ့အခါ။

✅ ကလေးတောင်းတိုင်း မတိုက်ဘဲ အချိန်ဇယားနဲ့ သတ်မှတ်ပြီး တိုက်ကျွေးတဲ့အခါ။

✅ မိခင်နို့တိုက်တာနဲ့ နို့ဘူးတိုက်တာကို တွဲပြီးတိုက်ကျွေးတဲ့အခါ (Mixed Feeding)။

✅ ကလေးသောက်တာထက် ပိုပြီးနို့ထွက်တဲ့အခါ။

❓နို့ခဲခြင်းကို သက်သာအောင် ဘယ်လိုလုပ်မလဲ။

၁။ နို့ကို မကြာခဏနဲ့ ကောင်းကောင်းတိုက်ကျွေးပါ။ ကလေးက နို့ကို ကောင်းကောင်းငုံနိုင်အောင် သေချာဂရုစိုက်ပြီး အထူးသဖြင့် မွေးစရက်ပိုင်းတွေမှာ နို့ကို မကြာခဏတိုက်ပေးပါ။
.

၂။ လက်နဲ့ညှစ်ထုတ်တာ ဒါမှမဟုတ် နို့ညှစ်စက်သုံးတာ။

နို့မတိုက်ခင်မှာ ရင်သားတင်းအားကို လျှော့ချပြီး ရင်သားပျော့သွားအောင် လက်နဲ့ညင်ညင်သာသာ ညှစ်ထုတ်တာ ဒါမှမဟုတ် နို့ညှစ်စက်နဲ့ အနည်းငယ်ညှစ်ထုတ်ပေးပါ။
.

၃။ ရေနွေးဝတ်ကပ်ပေးပါ။

နို့မတိုက်ခင်မှာ ရေနွေးနွေးစိမ်ထားတဲ့ အဝတ်စလေးနဲ့ ကပ်ပေးတာ ဒါမှမဟုတ် ရေနွေးနဲ့ ရေချိုးပေးတာက နို့ရည်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။
.

၄။ ရေခဲဝတ်ကပ်ပေးပါ။

နို့တိုက်ပြီးတဲ့နောက်မှာတော့ ရောင်ရမ်းတာနဲ့ နာကျင်တာကို သက်သာစေဖို့ ရေခဲဝတ်ကို ရင်သားပေါ်မှာ ကပ်ပေးနိုင်ပါတယ်။
.

၅။ အကိုက်အခဲပျောက်ဆေး သောက်ပါ။

နာကျင်မှုကို သက်သာစေဖို့ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ ပါရာစီတမောလ် (Paracetamol) ဒါမှမဟုတ် Ibuprofen ကို သောက်နိုင်ပါတယ်။
.

၆။ နို့သီးခေါင်းတစ်ဝိုက်ကို နှိပ်နယ်ပြီး ပျော့ပျောင်းအောင်လုပ်ပါ။

ကလေးနို့စို့ရလွယ်ကူအောင် နို့သီးခေါင်းအညိုကွင်း (areola) တစ်ဝိုက်ကို ညင်ညင်သာသာဖိပြီး ပျော့သွားအောင်လုပ်ပေးပါ။
.

၇။ ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ရင်သားတင်းမာတာက မသက်သာဘဲ ပိုဆိုးလာရင်တော့ ဆရာဝန်၊ သားဖွားဆရာမ ဒါမှမဟုတ် နို့တိုက်ကျွေးခြင်းဆိုင်ရာ အကြံပေးပညာရှင် (Lactation Consultant) နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်ရှင့်။

❓နို့ခဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာလဲ။

ရင်သားတင်းမာတာက မသက်သာဘဲ ဆက်ဖြစ်နေမယ်ဆိုရင် Mastitis (ရင်သားရောင်ရမ်းတဲ့ ပြဿနာ) အထိ ဖြစ်လာနိုင်ပါတယ်။

❓နို့ခဲခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ။

✅ ကလေးကို မွေးစကတည်းက အချိန်ဇယားနဲ့မဟုတ်ဘဲ သူတောင်းတိုင်း မကြာခဏ တိုက်ကျွေးပါ။ ကလေးအများစုက တစ်နေ့ကို ၈ ကြိမ်ကနေ ၁၂ ကြိမ်လောက် နို့စို့ဖို့ လိုအပ်ပါတယ်။ ကလေးနဲ့ အခန်းတစ်ခုတည်းမှာ အတူတူအိပ်တာက မိခင်ရော ကလေးပါ နို့တိုက်တာကို အသားကျလာစေဖို့ အများကြီး အထောက်အကူပြုပါတယ်။

✅ ကလေးနို့စို့တဲ့အချိန်ကို ကန့်သတ်မထားပါနဲ့။ သူတို့ ဗိုက်ဝတဲ့အထိ ကြိုက်သလောက် စို့ပါစေ။

✅ သင့်ရင်သားတွေက တင်းပြီး နေရထိုင်ရခက်လာရင် (အထူးသဖြင့် ညဘက်တွေမှာ) ကလေးကိုနှိုးပြီးနို့တိုက်ပါ။

✅ ကလေးကို နို့တိုက်တဲ့အခါ ပုံစံမှန်မှန်ထားပြီး နို့ကို ကောင်းကောင်းငုံမိအောင် သေချာဂရုစိုက်ပါ။

✅ လိုအပ်ရင် ကလေးနို့ငုံရလွယ်အောင် လက်နဲ့ နို့ရည်အနည်းငယ် ညှစ်ထုတ်ပေးနိုင်ပါတယ်။

✅ ကလေးကို မိခင်နို့ရည်ကလွဲပြီး တခြားဘယ်အရည်ကိုမှ မတိုက်ကျွေးပါနဲ့။

အကယ်၍ ရင်သားတင်းမာလာပြီး နို့ခဲတဲ့လက္ခဏာတွေရှိလာရင်၊ မသက်သာဘဲ ပိုဆိုးလာရင် ဆရာဝန် သို့ တတ်ကျွမ်းတဲ့ သားဖွားဆရာမနဲ့ပြသပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်ရှင်…။

Reference : 📖
https:// www. pregnancybirthbaby. org. au / breast-engorgement#complications

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here