“ သင့်အနမ်းက ကလေးငယ်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်”
ကလေးငယ်လေးတွေကို ဘာကြောင့်မှ၊ ဘယ်တော့မှ မနမ်းသင့်ဘူးဆိုတာလေးကို ရှင်းပြပါရစေ။
ခုမှ မိဘစဖြစ်ခါစ စုံတွဲအများစုဟာ သူတို့ရဲ့ မွေးကင်းစကလေးလေးတွေကို တခြားသူတွေ နမ်းရှုံ့ရာကနေ ဘယ်လိုအန္တရာယ်တွေ ဖြစ်လာနိုင်လဲဆိုတာကို သတိမထားမိကြပါဘူး။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဗြိတိန် ပရဟိတအဖွဲ့အစည်းတစ်ခု ကောက်ခံခဲ့တဲ့ စစ်တမ်းတစ်ခုမှာ သစ်လွင်မိဘတွေနဲ့ အနာဂတ်မိဘလောင်း ၅၄ ရာခိုင်နှုန်းလောက်ဟာ “ သူတို့ရဲ့ မွေးကင်းစကလေးတွေကို သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ နမ်းတာကို ခွင့်ပြုမှာဖြစ်ပြီး၊ ဒါဟာ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို သတိမထားမိကြဘူး” လို့ ဖော်ပြထားပါတယ်။
ဒီတွေ့ရှိချက်ဟာ ကလေးငယ်တွေအတွက်တော့ အန္တရာယ်များလှပါတယ်။
…
…
🔺မွေးကင်းစ ကလေးတစ်ယောက်ကို နမ်းတာဟာ ဘာကြောင့် ဒီလောက်တောင် အန္တရာယ်များနေရတာလဲ 🤔
ကလေးငယ်လေးတွေ မွေးဖွားလာချိန်မှာ သူတို့ရဲ့ ခုခံအားစနစ်က အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ကူးစက်ခံရဖို့ အခွင့်အလမ်းက ပိုများပါတယ်။
မွေးစသုံးလလောက်မှာ ကလေးငယ်ရဲ့ ခုခံအားစနစ်မှာ ရောဂါပိုးတွေကို တိုက်ထုတ်ပေးမယ့် သွေးဖြူဥ ကိုယ်ခံအားဆဲလ်လေးတွေဟာ လူကြီးတွေထက် အများကြီး နည်းပါးနေပါတယ်။ ဒါကြောင့် လူကြီးတွေ ဒါမှမဟုတ် ကလေးကြီးတွေမှာ သာမန်လက္ခဏာလောက်ပဲပြတဲ့ ကူးစက်ရောဂါတွေဟာ ဒီကလေးငယ်လေးတွေအတွက်တော့ အသက်အန္တရာယ်အထိ စိုးရိမ်စေရတာပေါ့။
ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်မှုက ဥပမာတစ်ခုပါပဲ။
လူကြီးတွေမှာ ရေယုန်လောက်ပဲ ဖြစ်ပေမယ့် ကလေးငယ်တွေမှာတော့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် အမြန်ဆုံးနဲ့ ပြင်းပြင်းထန်ထန် ဖျားနာသွားနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးက ကလေးရဲ့ မျက်လုံး၊ ပါးစပ် ဒါမှမဟုတ် အရေပြားလောက်မှာပဲ ဖြစ်တယ်ဆိုရင်တော့ (ဗိုင်းရပ်စ် ပိုးသတ်ဆေးနဲ့) ကုသအပြီး အများစုက ပြန်ကောင်းသွားနိုင်ပေမယ့် . . . တကယ်လို့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ကလေးရဲ့ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်လာပြီဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကလေးက ငယ်လေလေ ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရဖို့ ပိုလွယ်လေလေဖြစ်ပြီး အထူးသဖြင့် မွေးဖွားပြီး လေးပတ်အတွင်းမှာ ပိုပြီးအန္တရာယ်ရှိပါတယ်။
.
ဒါ့အပြင် မွေးကင်းစကလေးတွေဟာ ကလေးကြီးတွေနဲ့ လူကြီးတွေထက်စာရင် ကူးစက်ဘက်တီးရီးယား ပိုးမွှားဒဏ်ကိုလည်း ပိုပြီးခံရလွယ်ပါတယ်။ အထူးသဖြင့် Group B Streptococci(GBS) လို့ခေါ်တဲ့ ဆဲလ်အတွင်းပိုင်းထဲထိ ဝင်ရောက်နိုင်တဲ့ ရောဂါပိုးတွေကို ခံနိုင်ရည်မရှိကြပါဘူး။
ဒီဘက်တီးရီးယားပိုးတွေဟာ များသောအားဖြင့် လူကြီးတွေရဲ့ အစာအိမ်၊ အူလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါတွေမှာ နေထိုင်တတ်ကြပြီး ကလေးငယ်လေးတွေမှာ GBS ပိုး ကူးစက်ခံရရင်တော့ အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာနဲ့ ပိုးဝင်ပြီး သွေးဆိပ်တက်တာတွေကို ဖြစ်စေပါတယ်။
.
နောက်တစ်ချက်အနေနဲ့ ကလေးငယ်လေးတွေဟာ လူကြီးတွေအတွက် အန္တရာယ်မရှိတဲ့ E. coli ဘက်တီးရီးယား အမျိုးအစားတွေကြောင့်လည်း အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာနဲ့ သွေးဆိပ်တက်တာတွေ ဖြစ်စေနိုင်ကာ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
…
…
ဒါကြောင့် မိမိတို့ရဲ့ ဆွေမျိုးမိတ်ဆွေတွေအနေနဲ့ သူတို့ရဲ့ချစ်ခင်မှုကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ဖော်ပြချင်ရင် ကလေးကို နမ်းတာ ဒါမှမဟုတ် ထိတွေ့တာမျိုး မလုပ်ဖို့ ကလေးမိဘတွေအနေနဲ့ တောင်းဆိုရမှာ ဖြစ်ပါတယ်။ ကလေးရဲ့ကျန်းမာရေးကို တကယ်ပဲ ဂရုစိုက်တယ်ဆိုရင် ဒီလိုတောင်းဆိုတာကို သူတို့ စိတ်ဆိုးမှာ မဟုတ်ပါဘူး။
မိဘတွေအနေနဲ့လည်း ငါတို့တွေ အလွန်အကျွံ ဖြစ်နေတာလားလို့ မတွေးသင့်ပါဘူး။ ဆွေမျိုးမိတ်ဆွေတွေဘက်က တွေးထားရမှာကလည်း ကလေးကို အန္တရာယ်မဖြစ်စေဖို့ပါပဲ။
ဒါပေမယ့် ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခုကြောင့် ကလေးငယ်တစ်ဦးကို နမ်းရတော့မယ်ဆိုရင်တော့ ကူးစက်နိုင်ခြေကို လျှော့ချနိုင်မယ့် အချက်အချို့ ရှိနေပါတယ်။
ဒါတွေကတော့ . . .
- ပထမဆုံးအနေနဲ့ လက်ကို သေချာစွာ ဆေးကြောပါ။
- ကလေးကို ပါးစပ် ဒါမှမဟုတ် မျက်နှာပေါ်မှာ မနမ်းပါနဲ့။ ကလေးရဲ့ ခြေထောက် ဒါမှမဟုတ် ခေါင်းနောက်စေ့လေးကိုပဲ နမ်းပါ။
- တကယ်လို့ သင့်မှာ ရောဂါတစ်ခုခု ကူးစက်ခံထားရတယ်လို့ ခံစားနေရရင်၊ အထူးသဖြင့် ကလေးက တစ်လတောင် မပြည့်သေးဘူးဆိုရင် ကလေးဆီ လာလည်ဖို့ တကယ်လိုအပ်ရဲ့လားဆိုတာ ပြန်စဉ်းစားပါ။
- ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေက ကလေးငယ်လေးတွေအတွက် တကယ့်ကို ပြင်းထန်တာကြောင့် သင့်မှာ ရေယုန်ရှိနေရင် ပတ်တီး ဒါမှမဟုတ် အကာအကွယ်တစ်ခုခုနဲ့ သေချာအုပ်ထားပေးပါ။
- တကယ်လို့ သင် နေမကောင်းဖြစ်နေပေမယ့် ကလေးဆီ မဖြစ်မနေ လာရမယ်ဆိုရင်တော့ နှာခေါင်းစည်း တပ်ထားပါ။ ပြီးတော့ ကလေးနားကို အနီးကပ် မသွားပါနဲ့။ အထူးသဖြင့် သင့်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိနေရင် ပိုသတိထားပါ။
- ကလေးငယ်လေးတွေဟာ ကူးစက်ရောဂါဒဏ်ကို အလွန်ခံရလွယ်တယ်ဆိုတာ အမြဲသတိရပါ။ သူတို့ကို နမ်းတာဟာ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခု ဖြစ်နိုင်ပေမယ့် ဒါဟာ မွေးကင်းစကလေးလေးကို ပြင်းပြင်းထန်ထန် ဖျားနာသွားစေနိုင်ပါတယ်။ တကယ်လို့ အဲဒီလိုမျိုး ဖြစ်သွားခဲ့ရင် သင်လည်း တကယ့်ကို စိတ်မကောင်း ဖြစ်ရပါလိမ့်မယ်။
…
…
ချစ်ခြင်းမေတ္တာဆိုတာ အသိပညာနဲ့ယှဉ်မှသာ ဘေးကင်းနိုင်မှာပါ။
လူကြီးတွေအတွက် သာမန်လိုထင်ရတဲ့ ရေယုန်လို ရောဂါပိုးလေးတွေဟာ ခုခံအား မဖွံဖြိုးသေးတဲ့ ကလေးငယ်လေးတွေအတွက်တော့ လူသတ်လက်နက်တစ်ခုလို ပြင်းထန်သွားနိုင်တာကို သတိပြုရပါမယ်။
မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖိုအတွက်ဆို ငြင်းဆိုသင့်တာတွေ ဒါမှမဟုတ် စည်းကမ်းထုတ်သင့်တာတွေကို အားမနာရဘူးဆိုတဲ့ လူမှုရေးဆိုင်ရာအသိ ရှိထားသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ ကလေးတစ်ယောက်ရဲ့ ဘေးကင်းရေးဟာ ဘယ်သူ့မျက်နှာထက်မဆို ပိုအရေးကြီးတယ်ဆိုတာ သိရှိပြီး ကလေးငယ်များ ကျန်းမာစွာကြီးထွားဖွံဖြိုးဖို မိဘတိုင်းမှာ တာဝန်ရှိပါတယ်ဆိုတာ အသိပေးရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ပါတယ်…။
ဒေါက်ပီ (တယ်လီကျန်းမာ)
Reference 📖 https://theconversation.com/why-you-should-never-kiss-a-baby-243661
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


