“ကလေးတွေမှာ ဖြစ်တတ်တဲ့ မျက်စိယားယံခြင်းနဲ့ မျက်ချေးထွက်ခြင်း”

မေမေ၊ ဖေဖေတို့အနေနဲ့ မိမိတို့ရဲ့ သားငယ်၊ သမီးငယ်လေးတွေမှာ ဖျားတာနာတာ၊ ဒါ့အပြင် ပြင်းထန်တဲ့ မျက်စိပိုးဝင်လက္ခဏာတွေမရှိဘဲ မျက်စိယားယံတာ၊ မျက်လုံးမအီမသာဖြစ်တာနဲ့ မျက်ချေးထွက်တာမျိုးတွေကို ကြုံတွေ့ဖူးကြမယ်ဆိုရင် ဒါဟာ “ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ မျက်စိအမြှေးပါးရောင်ခြင်း” (Allergic Conjunctivitis) ဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။

အပူချိန်ပြောင်းလဲတာ၊ ဖုန်မှုန့်တွေ၊ ပန်းဝတ်မှုန်တွေ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန် အမွှေးအမျှင်တွေကြောင့် အခုလို မျက်စိဓာတ်မတည့်မှုတွေ ဖြစ်ပွားတတ်ပါတယ်။

ဒီလိုဖြစ်လာရင် ဘာတွေလုပ်ပေးသင့်တယ်ဆိုတာလေး မျှဝေအသိပေးချင်ပါတယ်။

  • ပြုစုစောင့်ရှောက်ပေးနိုင်မယ့် နည်းလမ်းများ

ဒီလိုအခြေအနေမျိုးဟာ စိုးရိမ်စရာမရှိပါဘူး။ မေမေတို့ကိုယ်တိုင် အိမ်မှာတင် သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

  • မျက်လုံးကို အအေးဝတ်ကလေး တင်ပေးပါ။
    သန့်ရှင်းတဲ့ ပဝါလေးကို ရေအေးအေး ဒါမှမဟုတ် ရေခဲရေထဲနှစ်၊ ညှစ်ပြီး ကလေးရဲ့ ပိတ်ထားတဲ့ မျက်လုံးပေါ်မှာ တင်ပေးပါ။ အဲဒီလို လုပ်ပေးခြင်းအားဖြင့် သွေးကြောတွေကို ကျဉ်းစေပြီး ယားယံတာနဲ့ ရောင်ရမ်းတာကို သိသိသာသာ သက်သာစေပါတယ်။
  • မျက်လုံးကို သန့်ရှင်းရေးလုပ်ပါ
    ကျိုချက်ပြီးသား ရေကြက်သီးနွေး (ခပ်နွေးနွေးလေးသာ) ထဲကို ဂွမ်းဖတ်လေးနှစ်ပြီး ကလေးမျက်လုံးကို မျက်တွင်း (နှာခေါင်းဘက်) မှ မျက်ရည်ထောင့် (အပြင်ဘက်) သို့ တစ်ချက်တည်းသာ သုတ်ပေးပါ။ သုတ်ပြီးတိုင်း ထိုဂွမ်းဖတ်ကို လွှင့်ပစ်ပြီး ဂွမ်းဖတ်အသစ် ပြောင်းသုံးပါ။
  • မျက်လုံးလုံးဝမပွတ်ပါစေနဲ့
    ကလေးကို မျက်လုံးမပွတ်မိအောင် အထူးသတိပေးပါ။ မျက်လုံးပွတ်ခြင်းက ဓာတ်မတည့်မှုကို ပိုမိုဆိုးရွားစေပြီး လက်ကနေတစ်ဆင့် ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားပါ
    ကလေးရဲ့မျက်လုံးကို မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးတိုင်း မိဘများရဲ့လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ။ ကလေးအသုံးပြုတဲ့ မျက်နှာသုတ်ပဝါ၊ ဖျာ၊ ခေါင်းအုံးတွေကို အခြားမိသားစုဝင်တွေနဲ့ ရောနှောမသုံးပါစေနဲ့။
  • ကျောင်းပေးတက်နိုင်ပါတယ်
    ကလေးမှာ ကိုယ်ပူဖျားနာတာ မရှိဘဲ မျက်စိယားယံရုံသက်သက်ဆိုပါက ကျောင်းနားစရာမလိုဘဲ ကျောင်း ပုံမှန်တက်နိုင်ပါတယ်။
    .
  • အသုံးပြုနိုင်သော မျက်စဉ်းဆေးများ (ဆရာဝန်/ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ရန်လိုအပ်ပါသည်)
  • မျက်ရည်တု (Artificial Tears)
    တာရှည်ခံဆေးဝါး မပါဝင်သော မျက်ရည်တုကို အသုံးပြုပြီး မျက်လုံးထဲဝင်နေနိုင်တဲ့ ဓာတ်မတည့်ဖြစ်စေတဲ့ ပစ္စည်းတွေကို ဆေးကြောပေးနိုင်ပါတယ်။
  • ဓာတ်မတည့်မှုပျောက် မျက်စဉ်းများ
    ယားယံခြင်းကို အမြန်သက်သာစေရန် Antihistamine မျက်စဉ်းများ သို့မဟုတ် Sodium cromoglicate ကဲ့သို့ မျက်စဉ်းများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါတယ်။
    .
  • မိဘများ အထူးသတိပြုရန် (ရိုးရာအယူအဆအမှားများနှင့် ရှောင်ရန်အချက်များ)

ကျွန်တော်တို့မြန်မာလူမျိုးတွေကြားမှာ မျက်စိနာ၊ မျက်စိယားရင် လုပ်လေ့ရှိတဲ့ တချို့ကိစ္စလေးတွေ ရှိပါတယ်။ အဲဒါတွေထဲက တချို့က မျက်စိထဲကို ပိုးဝင်တာ ပိုဆိုးစေပြီး အမြင်အာရုံ ထိခိုက်ပျက်စီးတဲ့အထိ ဒုက္ခပေးနိုင်တာကြောင့် လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်။

၁။ မိခင်နို့ရည်ညှစ်ထည့်ခြင်း လုံးဝမပြုလုပ်ရပါ။ မိခင်နို့ရည်ထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်နိုင်တာကြောင့် နုနယ်တဲ့ ကလေးမျက်လုံးထဲကို ထည့်မယ်ဆိုရင် ပိုးဝင်ပြီး မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

၂။ သခွားသီးကပ်ခြင်း၊ လက်ဖက်ရည်ကြမ်းဖြင့် ဆေးခြင်း လုံးဝမပြုလုပ်ရပါ။ ပိုးသတ်ထားခြင်းမရှိတဲ့ အရာဝတ္ထုတွေနဲ့ အရည်တွေဟာ မျက်လုံးမျက်နှာပြင်ကို ပွန်းပဲ့စေပြီး ပိုးမွှားများကို ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။

၃။ ဆားရည်ခတ်ခြင်း လုံးဝမပြုလုပ်ရပါ။ အိမ်သုံးဆားရည်ဟာ မျက်လုံးကို ပိုမိုကျိန်းစပ်စေပြီး အမြှေးပါးကို ပျက်စီးစေပါတယ်။

၄။ ပဋိဇီဝဆေး (Antibiotic) မျက်စဉ်းများ အလွယ်တကူမခတ်ပါနဲ့။ အဝါရောင်၊ အစိမ်းရောင် ပြည်လိုမျက်ချေး အများကြီးထွက်တဲ့ ပိုးဝင်ခြင်းလက္ခဏာမရှိဘဲ ပိုးသတ်မျက်စဉ်းတွေကို စိတ်တိုင်းကျ မသုံးရပါဘူး။ ဓာတ်မတည့်ခြင်းကို မသက်သာစေဘဲ ဆေးယဉ်ပါးမှုကိုသာ ဖြစ်စေပါတယ်။
.

  • ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ချက်ချင်းပြသရမလဲ။

၁။ ကလေးက မျက်လုံးထဲကနေ ပြင်းပြင်းထန်ထန် နာကျင်တယ်လို့ ပြောလာရင်
၂။ အလင်းရောင်ကို မကြည့်နိုင်ဘဲ စူးရှတာမျိုး၊ မျက်စိစူးတယ်လို့ ပြောတာမျိုး ဖြစ်လာရင်
၃။ အမြင်အာရုံ ဝေဝါးသွားရင် ဒါမှမဟုတ် ကြည့်ရတာ တစ်မျိုးဖြစ်နေရင်
၄။ မျက်ခွံတွေနဲ့ မျက်လုံးတစ်ဝိုက် နီရဲ၊ ရောင်ရမ်း၊ ပူနွေးလာရင်
၅။ မေမေတို့ နည်းလမ်းတကျ ပြုစုစောင့်ရှောက်ပေးသော်လည်း ၁ ပတ်မှ ၂ ပတ်အထိ လုံးဝမသက်သာရင်

အပေါ်မှာ ပြောထားတဲ့လက္ခဏာတွေ ရှိလာရင် အိမ်မှာ ဆက်လက်မကုသဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပြသရပါမယ်။

မေမေ၊ ဖေဖေတို့နှင့် ကလေးငယ်များ ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်….။ 🙏

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here