အလာ့ဂျစ် ဖြစ်ဖူးကြတယ်ဟုတ်။

အင်ပြင်တွေထ၊ အဖုတွေထွက်လာ၊ တစ်ကိုယ်လုံး ယားယံလာပြီး ရှိန်းတိန်းဖိန်းတိန်း ဖြစ်တာမျိုးလေ။ အဲဒီအခါကျရင် ဘာလုပ်ကြလဲ။ တမာရွက်ပြုတ်ရည် ချိုးဖူးလား၊ ထုံးတို့ဖူးလား၊ စီထရစ်ဇင်း သောက်ဖူးလား၊ ဘာမီတွန်ကို သနပ်ခါးကျောက်ပျဉ်နဲ့ ကြိတ်ပြီး လိမ်းဖူးလား။ အတော်ရင်းနှီးမယ် ထင်တယ်နော်။ ထားပါတော့လေ။

အဲဒီလို အလာ့ဂျစ်ဖြစ်တာကို ဓာတ်မတည့်လို့ဖြစ်တာမှန်း သိကြမှာပဲ။ ဒါဆို ဘယ်လိုကုကြမလဲ၊ ပြန်မဖြစ်အောင် လုပ်ကြည့်ကြမလား။ တအားတော့ မမျှော်လင့်ပါနဲ့ဦး။ ဆက်ဖတ်ကြည့်ရအောင်။

လူတစ်ယောက်နဲ့ တစ်ယောက် မတည့်တဲ့အရာတွေ မတူကြပါဘူး။ ဗုဒ္ဓဘာသာစကားနဲ့ ပြောရရင်တော့ သူ့ကံနဲ့သူ လာတာပေါ့လေ။ ဥပမာဗျာ ကျွန်တော်ဆိုရင် ပုရွက်ဆိတ်နဲ့ မတည့်ဘူး။ ပုရွက်ဆိတ်ကလေး ကိုက်တာ၊ ထိတာနဲ့ အင်ပြင်တွေ ထလာတာ။ ကျွန်တော့်ညီမဆိုရင် သံချေးနဲ့ မတည့်ဘူး။ ထိလိုက်တာနဲ့ အင်ပြင်ကွက်တွေ ထလာတာပဲ။

ဘာလို့ဖြစ်ရတာလဲဆိုတော့ လူမှာရှိတဲ့ ခန္ဓာကိုယ် ခုခံအားစနစ် (Immune System) က အခြားသူတွေအဖို့ အန္တရာယ်မရှိတဲ့ ပရိုတင်း (Protein) ဓာတ် တစ်ခုခုကို အန္တရာယ်ရှိတယ်ဆိုပြီး မှားပြီး မှတ်ယူလိုက်တယ်။ အဲဒီအခါမှာ ခုခံအားစနစ်က တုံ့ပြန်ရာကနေရလာတဲ့ ရလဒ်တစ်ခုပဲ။

မတည့်တာကလည်း ပုံစံအမျိုးမျိုးနဲ့နော်။

၁။ အစားအသောက်နဲ့ မတည့်တာ
အစာအိမ်ကနေတစ်ဆင့် စားလိုက်တာက သွေးထဲကိုရောက်ပြီး ခန္ဓာကိုယ်အနှံ့မှာ တုံ့ပြန်မှုဖြစ်တာ။ တချို့က မြေပဲနဲ့မတည့်တာ၊ ပင်လယ်စာနဲ့ မတည့်တာ၊ ပင်နီဆီလင်နဲ့ မတည့်တာမျိုးတွေပေါ့။ ဒီလိုလူတွေကတော့ အစားအစာ ဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။ ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သောက်ဖို့ မလုပ်သင့်ပါဘူး။ ဒီလူနာက ဘယ်ဆေးနဲ့ မတည့်တာလဲဆိုတာကတော့ ဆရာဝန်လည်း ကြိုမသိနိုင်ဘူးပေါ့။ ဆရာဝန်က ဓာတ်မတည့်တာ ဖြစ်လေ့မရှိတဲ့ ဆေးမျိုးကို ရွေးချယ်ပေးနိုင်တာကို ဆိုလိုတာပါ။

၂။ ရှူရှိုက်မိတာတွေနဲ့ မတည့်တာ
အသက်ရှူလမ်းကြောင်းမှတစ်ဆင့် နှာခေါင်းနဲ့ အဆုတ်ထဲကို ဝင်တာ။ တချို့က ပန်းဝတ်မှုန်နဲ့မတည့်၊ တချို့က ခွေးမွေးကြောင်မွေးနဲ့ မတည့်တာမျိုးပေါ့။ သူတို့ကတော့ ဖုန်စုပ်စက်/လေသန့်စက် အသုံးပြုသင့်ပါတယ်။ အိပ်ရာခင်းတွေကိုလည်း ပုံမှန်လျှော်၊ နွေဦးဆောင်းဦးပေါက်လာပြီဆိုရင် နှာခေါင်းစည်း (Mask) တပ်တာမျိုးပေါ့။

၃။ အရေပြားကနေတစ်ဆင့် မတည့်တာ
ဥပမာ – ကျွန်တော်ပေါ့။ တချို့ကတော့ သံနဲ့မတည့်တာရှိတယ်၊ ရေမွှေးနဲ့မတည့်တာရှိတယ်၊ လိမ်းဆေးနဲ့မတည့်တာရှိတယ်။ ထူးထူးဆန်းဆန်း ကမ္ဘာပေါ်မှာ ရေနဲ့ဓာတ်မတည့်လို့ တစ်သက်လုံး ရေမချိုးရတဲ့ လူနာလည်း သမိုင်းမှာ ရှိဖူးပါတယ်။ ဒီလိုလူတွေကျတော့ Hypoallergenic လို့ရေးထားတဲ့ အရေပြားသုံးပစ္စည်းတွေကို ရွေးချယ်သင့်ပါတယ်။

ဒါဆို ဘယ်လိုလုပ်ကြရပါ့။ နေပါဦး။ ပထမဆုံးအနေနဲ့ လုပ်သင့်တာက ဘာနဲ့မတည့်တာလဲဆိုတာ သိဖို့လုပ်ရမယ်လို့ မထင်ဘူးလား။ ဟိုဟာနဲ့ မတည့်တာလား မသိဘူးဆိုပြီး ရှောင်လိုက်၊ ဒီဟာက တည့်ပါတယ်ဆိုပြီး သုံးလိုက်လို့ လွဲသွားရင် ခက်ပေရောမဟုတ်လား။ ဒါဆို အလာ့ဂျစ် ဒိုင်ယာရီဆိုတာလေးက ဒီနေရာမှာ အရေးပါလာတယ်။
.

ဓာတ်မတည့်မှု မှတ်တမ်း (Allergy Diary)

အချို့အလာ့ဂျစ်က အစားအစာ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုနဲ့ ထိတွေ့ပြီးတာနဲ့ ချက်ချင်းလက္ခဏာ ပြချင်မှပြတာ။ နာရီပိုင်း၊ ရက်ပိုင်းကြာမှ လက္ခဏာပြတတ်တာလည်း ရှိသေးတယ်။ အဲဒါကြောင့် ကိုယ်ဘာစားခဲ့တယ်၊ ဘာသုံးခဲ့တယ်ဆိုတာကို မမှတ်ထားရင် ဘယ်အရာကြောင့်ဖြစ်တယ်ဆိုတာကို စုံစမ်းဖို့ ခက်သွားပါလေရော။ ဓာတ်မတည့်မှု မှတ်တမ်းမှာ ဒါလေးတွေ သေသေချာချာ ရေးမှတ်ထားရပါမယ်။

၁။ ရက်စွဲနှင့် အချိန် – လက္ခဏာ စတင်ဖြစ်ပေါ်သည့် အချိန်။

၂။ ထိတွေ့ခဲ့တဲ့ အရာများ – စားခဲ့တဲ့ အစားအစာ (ဖြစ်နိုင်ရင် ပါဝင်ပစ္စည်းတွေပါရေး)၊ ကိုယ်သုံးခဲ့တဲ့ သောက်ဆေး/ထိုးဆေး၊ အလှကုန်တွေ၊ သွားခဲ့တဲ့ နေရာ (ဥပမာ- ဖုန်ထူသောနေရာ၊ အပင်များရှိသောနေရာ)။

၃။ ပြသသည့် လက္ခဏာများ – အနီကွက်ထခြင်း၊ ယားယံခြင်း၊ နှာချေခြင်း၊ မျက်စိယားခြင်း။

၄။ ပြင်းထန်မှု အဆင့် (Severity Score) – ၁ မှ ၁၀ အထိ သတ်မှတ်၍ မှတ်သားခြင်း။ (၁ က မပြင်းထန်ဆုံး၊ ၁၀ က အဆိုးဆုံး)။

၅။ သက်သာစေသည့် အကြောင်းရင်း – ဆေးသောက်လိုက်လို့ (ဥပမာ – စီထရစ်ဇင်း၊ ဘာမီတွန်) သက်သာသွားလား၊ ရေအေးချိုးလိုက်လို့ သက်သာသွားသလား စသည်ဖြင့်။

အဲဒီလိုလေး ပြည့်ပြည့်စုံစုံလေး ရေးမှတ်ပါ။
.

အလာ့ဂျစ် ဒိုင်ယာရီ သုံးကြည့်ကြမယ်။

အဆင့် (၁) – တရားခံ ရှာမယ် (Elimination Phase)
ဒိုင်ယာရီမှာ လက္ခဏာ မကြာခဏ ဖြစ်စေတယ်လို့ သံသယရှိတဲ့ အစားအစာ ဒါမှမဟုတ် ပစ္စည်းကို ၂ ပတ်ကနေ ၄ ပတ်အထိ လုံးဝ စားသုံးခြင်း/ထိတွေ့ခြင်း မပြုလုပ်ဘဲ ရှောင်ကြည့်လိုက်ပါ။ လက္ခဏာတွေ အမှန်တကယ် သက်သာသွားလားဆိုတာ ဒိုင်ယာရီနဲ့ တိုက်ပြီးစစ်ကြည့်ပါ။

အဆင့် (၂) – ခုခံအားစနစ်ကို အနားပေးမယ် (Immune Rest Phase)
တွေ့ထားတဲ့ ဓာတ်မတည့်တာကို ဖြစ်စေတဲ့ ပစ္စည်းကို စနစ်တကျ ရှောင်ကြည့်မယ်။ ဒါဆို ခန္ဓာကိုယ်ရဲ့ ယားယံမှုတွေကိုဖြစ်စေတဲ့ ဓာတ်တုံ့ပြန်ရင်ထွက်တဲ့ IgE Antibody အဆင့်တို့၊ Histamine ထုတ်လွှတ်မှုတို့ကို လျှော့ချပြီးသားဖြစ်သွားပါမယ်။

အဆင့် (၃) – ရေရှည် ပျောက်ကင်းဖို့ လုပ်ကြည့်မယ် (Long-term Management & Immunotherapy)
စနစ်တကျ မှတ်တမ်းတင်ထားတဲ့ Allergy Diary ကို သမားတော်/ဆရာဝန်ကို ပြပါ။ ပန်းဝတ်မှုန် သို့မဟုတ် တိရစ္ဆာန်မွေးကဲ့သို့ ရှောင်ရန်ခက်ခဲသော အရာများဖြစ်ပါက Allergen Immunotherapy (Desensitization) နည်းလမ်းဖြင့် ပျောက်ကင်းအောင် စနစ်တကျ ကုသမှု ခံယူပါ။ သူကတော့ တဖြည်းဖြည်းနဲ့ ဓာတ်မတည့်တဲ့အရာကို နည်းနည်းလေးစီ တိတိကျကျတွက်ချက်ပြီး ခန္ဓာကိုယ်ကို ယဉ်အောင်လုပ်သွားပြီး တည့်အောင်လုပ်တဲ့နည်းပါ။
.

ပြင်းထန်တဲ့ ဓာတ်မတည့်တာဖြစ်လာရင်ရော ဘာလုပ်ရမလဲ (Anaphylaxis)။

ဒါဆို ကောင်းတာချည်းပဲ ပြောနေလို့ မဖြစ်ဘူး။ မကောင်းရင်ရောဆိုတာလေး ထည့်ပြောဦးမှပေါ့နော်။ အောက်ပါ စိုးရိမ်ရတဲ့ လက္ခဏာတွေ တွေ့ရရင် အရေးပေါ်ပါ . . .

• အသက်ရှူရခက်ခဲမယ်။ လည်ပင်းထဲမှာ တရွှီရွှီမြည်လာမယ် သို့မဟုတ် တဟတ်ဟတ်နဲ့ ရုတ်တရက်ကြီး ချောင်းဆိုးလာမယ်။

• လျှာ၊ လည်ချောင်း၊ နှုတ်ခမ်း သို့မဟုတ် မျက်နှာ ရုတ်တရက်ကြီး ရောင်ရမ်းလာတာမျိုး။

• ခေါင်းမူးလာတာ၊ မူးမေ့လဲကျတာ၊ သွေးပေါင်ချိန် ရုတ်တရက်ထိုးကျသွားတာမျိုး။

ဒီလို အရေးပေါ် အခြေအနေဆိုရင် . . .

၁။ နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးသွားပါ။ အရေးပေါ်ကား ချက်ချင်းခေါ်ပါ။

၂။ အရေးပေါ် အပ်ထိုးဆေး (Epinephrine Auto-injector) ရှိတယ်ဆိုရင် ပေါင်လုံးအပြင်ဘက်ကို ရဲရဲကြီး ချက်ချင်း ထိုးပေးပါ။

၃။ လူနာကို လှဲထား၊ ခြေထောက်ကို အနည်းငယ် မြှင့်ပေးထားပါ။ (အသက်ရှူရခက်တယ်ဆိုရင် ခေါင်းကို အနည်းငယ် မြှင့်ပေးပါ)။ ရုတ်တရက် မတ်တပ်ရပ်ခိုင်းတာမျိုး လုံးဝမလုပ်ရပါဘူး။

ကဲ… ဒီလောက်ဆိုရင် အလာ့ဂျစ်သမားလေးတွေ အလာ့ဂျစ်က ဘာကြောင့်ဖြစ်နေမှန်း မသိသေးရင် ဒိုင်ယာရီလေးရေးဖို့ အကြံရသွားမယ်ထင်ပါတယ်။ တစ်ခုခုဆိုရင်လည်း မသေချာရင် တယ်လီကျန်းမာကို လာမေးကြဖို့ မမေ့နဲ့ဦး။ အားလုံးက ကြိုဆိုနေပါတယ်လို့….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here