“ဆရာဝန်ပေးတဲ့ဆေးက မပျောက်ဘူး။ လမ်းထိပ်က ၅၀၀ တန် စပ်ဆေးထုပ်လေး သောက်လိုက်မှ ချက်ချင်း သက်သာတာ” ဆိုတဲ့ စကားမျိုး သင့်ပတ်ဝန်းကျင်မှာ ကြားဖူးပါသလား။ ဆရာဝန်တွေ မပေးရဲတဲ့ ဆေးစွမ်းထက်မှုကို ကွမ်းယာဆိုင်က ဘယ်လိုလုပ် ပေးနိုင်နေတာလဲဆိုတဲ့ ကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို အခုပဲ ပြောပြပေးပါမယ်။
“ကွမ်းယာဆိုင်က ၅၀၀ တန် စပ်ဆေးထုပ်လေး တစ်ထုပ်သောက်လိုက်တာ ကိုက်နေခဲနေတာတွေ ချက်ချင်းပျောက်၊ ထမင်းတွေလည်း မြိန်၊ ညဆိုလည်း တရှူးရှူးနဲ့ အိပ်လိုက်ရတာများဗျာ… ရပ်ကွက်ထဲ ဆေးခန်းက ဆရာဝန်ပေးတဲ့ ဆေးတွေက သောက်သာသောက်နေရတယ်၊ သိသိသာသာ သက်သာတယ်လို့လည်း မခံစားရဘူး။ အဲဒီဆရာဝန်ကိုက ဆေးမကုတတ်တာလား၊ ဆေးမလိုက်တာလားပဲ”
ဒါမျိုး ပြောဖူးတဲ့၊ ကြားဖူးတဲ့ အိမ်က လူကြီးတွေ၊ ဆွေမျိုးတွေ… အစိမ်း၊ အနီ၊ အဝါ၊ အပြာ အရောင်အသွေး စုံလင်လှတဲ့၊ ပန်းရောင်လေး တစ်လုံး၊ အဖြူပြား သေးသေးလေး နှစ်လုံး၊ အဝါရောင် အတောင့်လေး တစ်တောင့် စသဖြင့် စပ်ထားတဲ့ ဆေးလုံး ၄-၅ လုံးလောက်ကို ပလပ်စတစ် အိတ်လေးနဲ့ ထည့်ထားတဲ့ စပ်ဆေးထုပ်လေးတွေ… လမ်းထိပ်ကဆိုင်တိုင်း၊ ကွမ်းယာဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်လို့ရနေတဲ့ တိုင်းပြည်မှာ ဒီလို “နတ်ဆေး” မျိုးကို ကြိုက်နှစ်သက်နေကြတဲ့ မိဘပြည်သူတွေကလည်း များမှများ။
ခေါင်းကိုက်နေလား၊ ခါးနာနေလား၊ နှာစေးချောင်းဆိုး ဖျားနေလား… ဘာဖြစ်ဖြစ် ဒီဆေးထုပ်လေး တစ်ထုပ်သာ သောက်လိုက်၊ ချက်ချင်းကို ယူပစ်လိုက်သလို ပျောက်တာဆိုပြီး အပြန်အလှန် ညွှန်းနေကြတာတွေလည်း တွေ့ဖူးမှာပါ။ ဒါပေမယ့် အဲဒီလို ချက်ချင်း သက်သာသွားစေတဲ့ ဆေးထုပ်တွေရဲ့ နောက်ကွယ်က ရောဂါလက္ခဏာတွေကို ချက်ချင်းသက်သာစေတဲ့ ဆေးက ဘာများဖြစ်လိမ့်မလဲ။
ရှင်းရှင်းပြောရရင် အဲဒါ စတီးရွိုက် (Steroids) ပါပဲ။
…
…
- စတီးရွိုက်ဆိုတာ တကယ်ပဲ မကောင်းတာလား။
ဒီဘက်ခေတ်မှာတော့ သိတဲ့သူတော်တော်များများက စတီးရွိုက်လို့ ကြားလိုက်ရင် နည်းနည်း လက်ရှောင် ကြတဲ့အထဲ ပါကြပါတယ်။ တကယ်လည်း စတီးရွိုက်ရဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ကြရတာကိုး။ အမှန်အတိုင်းပြောရရင်လည်း စတီးရွိုက်ဆိုတာ မကောင်းတဲ့ဆေး၊ မသုံးသင့်တဲ့ဆေးတော့လည်း လုံးဝ မဟုတ်ပါဘူး။ တကယ်တော့ သူက ဆေးပညာသမိုင်းမှာ အကြီးမားဆုံး တီထွင်မှုတစ်ခု ဖြစ်ပြီး နေရာတကျ သုံးတတ်ရင် “အသက်ကယ်ဆေး” တစ်လက်ပါပဲ။
ဒါဆို ဘာလို့ စတီးရွိုက်ကို ကြောက်နေကြရတာလဲ။ အရမ်းကာရော မသောက်ဖို့ တားမြစ်နေရတာလဲ။
ပြဿနာက ဆေးမှာ မရှိပါဘူး။ အဲဒီဆေးကို သုံးတဲ့ “လူ” တွေဆီမှာပဲ ရှိတာပါ။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပါတဲ့ ဆေးဆိုရင်လည်း မမှားပါဘူး။ တကယ့် ဆရာဝန်စစ်စစ်တွေ လက်ထဲမှာဆိုရင် ဒီဆေးက အောက်ပါ ရောဂါဝေဒနာ အမျိုးအစားပေါင်းစုံအတွက် မပါမဖြစ်တဲ့ အကောင်းဆုံး ဆေးစွမ်းတစ်လက် ဖြစ်ပါတယ်။
.
- အရေးပေါ် အသက်ကယ် ကုသမှုများ
ပျားတုပ်တာ၊ ဆေးမှားတာ၊ အစားအသောက် ပြင်းပြင်းထန်ထန် ဓာတ်မတည့်တာတွေကြောင့် အသက်ရှူလမ်းကြောင်းတွေ ပိတ်ဆို့ပြီး သွေးပေါင်ကျ သတိလစ်တဲ့အခါ အသက်ကယ်ဖို့ စတီးရွိုက်ကို အရေးပေါ် ထိုးပေးရပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ သုံးနေတဲ့ ဖြေဆေးဆိုတာ စတီးရွိုက်အုပ်စုဝင်ပါပဲ။
.
- အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ရောဂါများ
ရိုးရိုးရှူဆေးနဲ့ မရတော့ဘဲ ရင်ကျပ်ပြီး အသက်ရှူမဝလောက်အောင် ဆိုးရွားလာတဲ့ ပန်းနာရင်ကျပ်နဲ့ ဆေးလိပ်သောက်လို့ ဖြစ်တဲ့ နာတာရှည် လေပြွန်ရောင်ရောဂါတွေမှာ အဆုတ်လေပြွန် ရောင်ရမ်းတာကို အမြန်ဆုံး လျှော့ချပေးဖို့ သုံးပါတယ်။
.
- ကိုယ်ခံအားစနစ် ဖောက်ပြန်သော ရောဂါများ
ကိုယ့်ကိုယ်ခံအားက ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်နေတဲ့ လေးဖက်နာ၊ အရေပြားလေးဖက်နာ (SLE) နဲ့ ကျောက်ကပ်ရောင်တာမျိုးတွေမှာ ကိုယ်ခံအားကို သင့်တင့်သလို ထိန်းချုပ်ပေးပြီး လူနာကို သက်တမ်းစေ့ နေနိုင်အောင် ကယ်တင်ပေးထားတာပါ။
.
- ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသခြင်း
ကျောက်ကပ်၊ အသည်း စတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်း အသစ်တစ်ခုကို အစားထိုး လဲလှယ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အဲဒီအစိတ်အပိုင်းအသစ်ကို “သူစိမ်း သို့မဟုတ် ရန်သူ” လို့ ထင်မှတ်ပြီး ပြန်လည်တိုက်ခိုက် ဖျက်ဆီးတတ်ပါတယ်။ အဲဒီလို ဖျက်ဆီးမှု မဖြစ်စေဖို့နဲ့ အစားထိုးထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းလေး ခန္ဓာကိုယ်ထဲမှာ ဆက်လက်ရှင်သန် အလုပ်လုပ်နိုင်ဖို့အတွက် ကိုယ်ခံအားကို စနစ်တကျ နှိမ်ထားပေးရာမှာ စတီးရွိုက်ကို အဓိကထား သုံးစွဲရပါတယ်။
.
- လမစေ့ဘဲ မွေးဖွားမည့် ကလေးငယ်များအတွက်
ကိုယ်ဝန်ဆောင်မိခင်သည် ကလေးလမစေ့ဘဲ စောမွေးမည့် အခြေအနေရှိပါက မွေးလာမည့် ကလေးငယ်၏ အဆုတ် မြန်မြန်ဖွံ့ဖြိုးပြီး အပြင်ရောက်ပါက ကောင်းစွာ အသက်ရှူနိုင်စေရန် မိခင်ကို ကြိုတင်၍ စတီးရွိုက် ထိုးပေးရပါတယ်။
.
- အာရုံကြောဆိုင်ရာ ရောဂါများ
မျက်နှာတစ်ခြမ်း ရုတ်တရက် ရွဲ့သွားခြင်း၊ ကျောရိုးဆစ် အာရုံကြောမကြီး ထိခိုက်မိခြင်းနဲ့ Multiple Sclerosis ရောဂါ ဖောက်လာချိန်တွေမှာ အာရုံကြောရောင်ရမ်းမှုကို အမြန်ဆုံး လျှော့ချရန် အသုံးပြုရပါတယ်။
.
- အရေပြား၊ အူလမ်းကြောင်းနှင့် ဦးနှောက်ရောဂါများ
ပြင်းထန်တဲ့ နှင်းခူ၊ ဆိုရီယေးစစ်၊ အူမကြီးနာတာရှည် ရောင်ရမ်းတာ၊ ဦးနှောက်ထဲမှာ အကျိတ်တွေရှိလို့ ဦးနှောက်ဖောင်းကားလာတာကို ဖိချပေးတာကစလို့ ကင်ဆာရောဂါ ကုသမှုတွေအထိ နေရာစုံမှာ အသုံးပြုရပါတယ်။
.
- ဟော်မုန်း အစားထိုးခြင်း
ခန္ဓာကိုယ်ကနေ သဘာဝ စတီးရွိုက်ဟော်မုန်း လုံးဝ မထုတ်ပေးနိုင်တော့တဲ့ ရှားပါးရောဂါတွေအတွက် နေ့စဉ် မဖြစ်မနေ အစားထိုး သောက်သုံးရပါတယ်။
…
…
ဒါဆို ဘာလို့ နာမည်ဆိုး ထွက်သွားတာလဲ။
ခွဲစိတ်ဆရာဝန် လက်ထဲက ဓားက အသက်ကယ်ပေမယ့် ဓားပြလက်ထဲ ရောက်သွားတဲ့အခါ လူသတ်လက်နက် ဖြစ်သွားသလိုပါပဲ။ လမ်းဘေးက ကွမ်းယာဆိုင်တွေ၊ စပ်ဆေးရောင်းတဲ့ ဆေးဆိုင်တွေ၊ ကိုယ်ကျိုးကိုသာ ကြည့်တတ်တဲ့ ဆရာဝန်တုတွေက ဒီဆေးရဲ့ “ချက်ချင်း သက်သာစေတဲ့” အစွမ်းကို အလွဲသုံးစား လုပ်လိုက်ကြတာပါ။
တကယ့်ဆရာဝန်တွေက ဒီဆေးကို “အမြောက်” တစ်လက်လို သဘောထားပြီး သေချာသိတဲ့ ရောဂါကြီးကြီးမားမားတွေအတွက် သေချာချိန်ရွယ် ပစ်ခတ်ရတာပါ။ ဒီလို အစွမ်းထက်တဲ့ဆေးကို ရောဂါဇစ်မြစ်ကို သေချာမသိဘဲ အကိုက်အခဲပျောက်ဖို့၊ အဖျားကျဖို့ သက်သက်အတွက် လမ်းဘေးမှာ စပ်သောက်နေကြတာကတော့ ဆေးစွမ်းကို တလွဲသုံးနေကြတာပဲ ဖြစ်ပါတယ်။ ဆေးခန်းမှာလည်း လူနာတွေများ၊ ဆေးရောင်းတဲ့သူတွေကလည်း ရောင်းကောင်းပြီး သူဌေးဖြစ်ကုန်ကြတော့တာပေါ့။
ပြဿနာက စတီးရွိုက်ဟာ ရောဂါကို သွားကုတာ မဟုတ်ပါဘူး။ သူက ရောဂါလက္ခဏာ (နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဖျားနာခြင်း) တွေကို ချက်ချင်း ဖုံးဖိပစ်လိုက်တာမျိုးပါ။ အကျိုးဆက်အနေနဲ့က မပျောက်တဲ့ ရောဂါဟာ တဖြည်းဖြည်းနဲ့ ရင့်လာတော့တာပါပဲ။
…
…
စတီးရွိုက်တွေ ရေရှည်သောက်ရင် ဘာဖြစ်မလဲ။
ဆရာဝန်စစ်စစ်တွေက စတီးရွိုက် ပေးရင် လူနာရဲ့ ကိုယ်အလေးချိန်၊ ရောဂါအခြေအနေကို ကြည့်ပြီး သောက်ရမယ့်ပမာဏ တိတိကျကျနဲ့ ပေးတာပါ။ ဆေးစပ်ထုပ်တွေကျတော့ ဘာပမာဏမှ ချိန်မထားဘူး။ ဘယ်နှရက် သောက်ရမယ် ကန့်သတ်မထားဘူး။ နာတိုင်း၊ ကိုက်တိုင်း နေ့စဉ်ရက်ဆက် သောက်နေကြတော့တဲ့အခါ ခန္ဓာကိုယ်က စတီးရွိုက်ဒဏ်ပိလာပါတော့တယ်။ အဲဒါဆိုရင် ဘယ်လိုဝေဒနာတွေ ခံစားရမလဲဆိုတာ အောက်မှာ ပြောပြထားပါတယ်။
၁။ ဝလာတာ မဟုတ်ဘူး၊ ဖောင်းလာတာပါ။
ဆေးစပ်ထုပ်တွေ သောက်နေတဲ့သူ တော်တော်များများက ထမင်းစားကောင်းပြီး ဝလာတယ်လို့ ထင်ကြတယ်။ တကယ်တော့ အသားတွေ တက်လာတာ မဟုတ်ပါဘူး။ စတီးရွိုက်ကြောင့် ခန္ဓာကိုယ်က ရေတွေ စုဆောင်းလာပြီး ဖောင်းအိလာတာပါ။ မျက်နှာကြီးက လမင်းကြီးနဲ့ တူလာမယ်၊ ဇက်ပိုးကြီး ဆူထွက်လာမယ်၊ ဗိုက်ကြီး ရွှဲလာမယ်။ ဒါပေမဲ့ ခြေတံလက်တံတွေကတော့ သေးသွယ်ပြီး အားမရှိ ဖြစ်လာပါလိမ့်မယ်။ လူပုံက လိမ္မော်သီးကို တူတစ်ချောင်း စိုက်ထားသလို ဖြစ်နေမှာပါ။
.
၂။ အစာအိမ် ထိခိုက်ခြင်း
ဆေးစပ်ထုပ်တွေထဲမှာ စတီးရွိုက် တစ်မျိုးတည်း ပါတာမဟုတ်ပါဘူး။ အကိုက်အခဲပျောက်ဆေး ပြင်းပြင်းတွေပါ ရောစပ်ထားတတ်ပါတယ်။ ဒီနှစ်ခု ပေါင်းမိရင် အစာအိမ်အတွက်တော့ ကမ္မဿကာပါပဲ။ အစာအိမ် အမြှေးပါးတွေ ပျက်စီးပြီး အစာအိမ်ပေါက်တာ၊ သွေးအန်တာ၊ သွေးဝမ်းသွားတာတွေအထိ ဒုက္ခပေးနိုင်ပါတယ်။
.
၃။ ဆီးချိုနဲ့ သွေးတိုးကို ဖြစ်နိုင်စေခြင်း
ခါးနာပျောက်အောင် သောက်ပါတယ်ဆိုမှ… ဘယ်ကနေ ဘယ်လို ဆီးချိုတွေ၊ သွေးတိုးတွေ ရလာမှန်း မသိဘူးဆိုတဲ့ လူကြီးတွေ တွေ့ဖူးလား။ အဲဒါ စတီးရွိုက်ရဲ့ လက်ချက်ပါပဲ။ သူက သွေးထဲက သကြားဓာတ်ကို ထိုးတက်စေသလို ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့ ရေတွေကို အတင်းဆွဲထားလို့ သွေးတိုးရောဂါကိုပါ ရစေပါတယ်။
.
၄။ ရောဂါအစစ်ကို ဖုံးကွယ်ထားခြင်း (တကယ့် အန္တရာယ်ကြီး)
နောက်ထပ် ကြောက်စရာအကောင်းဆုံးက ရောဂါကို ဖုံးကွယ်ထားတာပါ။ ကိုယ်က တီဘီလို ရောဂါဆိုးကြီး ဝင်နေပြီ။ ဖျားနေတယ်။ ဆေးစပ်ထုပ် သောက်လိုက်တော့ အဖျားက ချက်ချင်းကျသွားတယ်။ လူက သက်သာသွားတယ် ထင်ရပေမယ့် တကယ်တမ်းက ဆေးအရှိန်နဲ့ ကိုယ်ခံအားစနစ်ကြီး ရပ်တန့်သွားချိန်မှာ တီဘီပိုးတွေက ခန္ဓာကိုယ်ထဲမှာ အများကြီးပွားလာပြီး အဆုတ်ကို ဖျက်ဆီးပစ်လိုက်တာပါပဲ။ ရိုးရိုးတုပ်ကွေးလေး ဖြစ်ရင်တောင် တခြားသူတွေထက် ပိုဆိုးတတ်ပြီး အနာဖြစ်ရင် ကျက်ဖို့ တအားခက်သွားပါပြီ။
.
၅။ အရေပြား ပါးလွှာခြင်းနှင့် အရိုးဆွေးခြင်း
ဆေးစပ်ထုပ် စွဲသောက်တဲ့သူတွေရဲ့ အရေပြားကို သတိထားကြည့်ပါ။ ပလပ်စတစ်စက္ကူလို ပါးလွှာနေပြီး သွေးကြောစိမ်းလေးတွေတောင် ပေါ်နေတတ်တယ်။ နည်းနည်းလေး ခိုက်မိတာ၊ ပွတ်တိုက်မိတာနဲ့တင် ချက်ချင်း သွေးခြည်ဥပြီး အညိုကွက်ကြီးတွေ ဖြစ်သွားတတ်ပါတယ်။ နောက်ပြီး အရိုးထဲက ကယ်လ်ဆီယမ်တွေကို စုပ်ယူပစ်လို့ အရိုးတွေ ဆွေးလာ၊ ကြွပ်ဆတ်လာပြီး ချော်လဲတာနဲ့တင် အရိုးကျိုးလွယ်တဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။
…
…
အဆိုးဆုံး လက္ခဏာ (ဆေးဖြတ်လိုက်ရင် ဖြစ်လာမည့် အန္တရာယ်)
ဒီဆေးတွေရဲ့ အကြောက်စရာ အကောင်းဆုံးက သောက်နေတုန်း မဟုတ်ပါဘူး။ ရုတ်တရက် ရပ်လိုက်တဲ့ အချိန်ပါ။
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ သဘာဝ စတီးရွိုက် ဟော်မုန်း ထုတ်ပေးတဲ့ ကျောက်ကပ်ပေါ်က ဂလင်းလေးတွေ ရှိပါတယ်။ ဒါပေမယ့် အပြင်ကနေ ဆေးစပ်ထုပ်တွေ ခဏခဏ သောက်နေတဲ့အခါ ခန္ဓာကိုယ်က “အပြင်က အလကားရနေတာပဲ၊ ငါ ထုတ်စရာ မလိုတော့ဘူး” ဆိုပြီး အလုပ်လုပ်တာ နားလိုက်ပါတယ်။ အဲဒီလို နားနေတုန်း ကိုယ်က ဆေးစပ်ထုပ်ကို ဖြတ်ချလိုက်ရင် ခန္ဓာကိုယ်မှာ ဟော်မုန်း ရုတ်တရက် ပြတ်လပ်သွားပြီး သွေးပေါင်တွေ ထိုးကျ၊ သတိလစ်ကာ ရှော့ခ်ရပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ဒါဟာ ဆေးပညာမှာ အလွန်ကြောက်စရာကောင်းတဲ့ အရေးပေါ် အခြေအနေပါ။
…
…
မေတ္တာရပ်ခံချက်နှင့် သတိပေးချက်
ရောင်းချနေသူများကို –
၅၀၀၊ ၁၀၀၀ အမြတ်လေးရဖို့အတွက် လူတစ်ယောက်ရဲ့ တစ်သက်တာ ကျန်းမာရေးကို ဖျက်ဆီးသလို ဖြစ်နေတာကို သတိပြုမိစေချင်ပါတယ်။ သင်ရောင်းလိုက်တဲ့ ဆေးတစ်ထုပ်ဟာ သူတို့ရဲ့ ကျောက်ကပ်၊ အစာအိမ်၊ အရိုးအဆစ်တွေကို တဖြည်းဖြည်း ဒုက္ခပေးနိုင်တဲ့ အဆိပ်တွေ ဖြစ်ပါတယ်။
.
သောက်သုံးနေသူများကို –
ဘယ်လောက်ပဲ ချက်ချင်း သက်သာတယ်ပြောပြော အဲဒါဟာ ခံစားရတဲ့ ဝေဒနာတွေကို ခဏသက်သာအောင် လုပ်တဲ့ ဆေးတွေသာ ဖြစ်ပါတယ်။ စတီးရွိုက်က တကယ်တော့ လူနာအတွက် ဆရာဝန်ကိုယ်တိုင် စနစ်တကျ ကိုင်တွယ်သုံးစွဲပေးရမယ့် ဆေးပါ။
.
ဒါကြောင့် သင့်ရဲ့ မိဘဘိုးဘွားတွေ၊ ဆွေမျိုးတွေရဲ့ အံဆွဲထဲမှာ၊ ခေါင်းအုံးအောက်မှာ အရောင်စုံ ဆေးလုံးလေးတွေ စပ်ထားတဲ့ “နတ်ဆေးထုပ်” (အထူးသဖြင့် Dexamethasone လို့ခေါ်တဲ့ ဒက်ဆာ ဆေးပြားလေးတွေ) များ ရှိနေလားဆိုတာ အခုပဲ ရှာကြည့်လိုက်ပါ။
တကယ်လို့ ကိုယ့်မိသားစုဝင်ထဲမှာ ဒါတွေကို ရေရှည်စွဲသောက်နေတဲ့သူ ရှိတယ်ဆိုရင်တော့ ရုတ်တရက် ချက်ချင်း လွှင့်ပစ်လိုက်တာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ စောစောက ပြောသလို ဟော်မုန်း ရုတ်တရက် ပြတ်သွားရင် အသက်အန္တရာယ် ရှိလို့ပါ။ ဆရာဝန်နဲ့ အရင်ပြသပြီး ခန္ဓာကိုယ်က အလိုက်သင့် ပြန်ဖြစ်သွားအောင် ဆေးပမာဏကို တဖြည်းဖြည်းချင်း လျှော့ချသွားရပါမယ်။
စတီးရွိုက် ကြောင့် ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုး ကျိုးတွေကို ရှောင်ရှားကုသချင်တယ်ဆိုရင် တယ်လီကျန်းမာက ဆရာဝန်တွေနဲ့ booking ယူပြီး အခမဲ့ ဆွေးနွေးနိုင်ပါတယ်နော်။ Messenger ကိုသာ Hi လိုက်ပါ။
မိမိ၏အသိပညာဖြင့် စတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အချိန်မီ တားဆီးခြင်းဖြင့် လူ့အသက်တွေကို ကယ်တင်နိုင်ကြပါစေ။
References: 📚
https://www.ncbi.nlm.nih.gov/books/NBK531462/
https://www.ncbi.nlm.nih.gov/pmc/articles/PMC4525003
https://www.ncbi.nlm.nih.gov/books/NBK551526
https://www.cdc.gov/tb/about/risk-factors.html
https://pubmed.ncbi.nlm.nih.gov/?term=glucocorticoids+latent+tuberculosis+reactivation
https://www.nejm.org/doi/full/10.1056/nejmcp1800214
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.



