ခင်ဗျားတို့ သူငယ်ချင်းဆီကို Messenger ကနေ Voice Message ပို့ပြီးတိုင်း ကိုယ့်အသံကိုယ် ပြန်နားထောင်ကြည့်ဖူးလား။
နားထောင်ကြည့်လိုက်တိုင်း “ဟာ… ငါ့အသံက ဒီလိုမျိုးကြီးလား၊ အသံသေး အသံကြောင်နဲ့” ဆိုပြီး ရှက်ရှက်နဲ့ ဖျက်ပစ်လိုက် ဒီထက်ပိုပြီး နားထောင်ကောင်းအောင် ပြန်သွင်းလိုက်နဲ့ အလုပ်ရှုပ်ရတဲ့ အဖြစ်မျိုး ကြုံဖူးသူတွေရော ရှိကြမလား။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်ကြတယ်။ “ဒီဖုန်းက မကောင်းလို့ ငါ့အသံနားထောင်မကောင်းတာ” ဆိုပြီးတော့ပေါ့။
တကယ်တော့ ဖုန်းက မကောင်းတာ မဟုတ်ဘူးဗျ။ ခင်ဗျားကို ခင်ဗျားရဲ့ ဦးခေါင်းခွံကြီးက တစ်သက်လုံး ခပ်တည်တည်နဲ့ လိမ်လာခဲ့တာ။
ဒီလိုဗျ… ကျွန်တော်တို့ စကားပြောလိုက်တဲ့အခါ လည်ပင်းက အသံအိုးကနေ တုန်ခါမှု ဖြစ်သွားတယ်။ အဲဒီအသံက လေထဲကနေတစ်ဆင့် ကိုယ့်နားထဲကို ပြန်ဝင်လာတယ်။ ဒါက ပုံမှန် လေထဲကလာတဲ့ အသံကိုကြားရတဲ့ စနစ်ပေါ့။
ဒါပေမယ့် ကိုယ်ကိုယ်တိုင် စကားပြောတဲ့ အချိန်မှာကျတော့ အဲဒီလေထဲကလာတဲ့ အသံတစ်ခုတည်းကို ကြားရတာ မဟုတ်ဘူးဗျ။ လည်ပင်းက ထွက်လာတဲ့ တုန်ခါမှုက မေးရိုးတွေနဲ့ ဦးခေါင်းခွံအရိုးထဲကနေပါ တုန်ခါပြီး နားစည်ဆီ တိုက်ရိုက်ရောက်လာလို့ ဟိတ်ဟန်အပြည့်အဝနဲ့မို့ ပိုသြပြီး နားထောင်ကောင်းနေတာပါ။
ရူပဗေဒသဘောအရ အရိုးဆိုတာ လေထက် ပိုပြီးသိပ်သည်းတယ်။ အဲဒီတော့ အသံလှိုင်းတွေက အရိုးထဲကနေ ဖြတ်သွားတဲ့အခါ အသံရဲ့ အနိမ့်သံ (Bass သံ) တွေကို ပိုပြီး ပဲ့တင်ထပ်စေတယ်။ ဆိုလိုတာက ကိုယ့်ဦးခေါင်းခွံကြီးက အလိုအလျောက် ‘Bass Boost’ လုပ်ပေးတဲ့ စပီကာကြီး ဖြစ်နေတာပေါ့။
ဒါကြောင့် ကိုယ်စကားပြောနေချိန်မှာ ကိုယ်ကြားရတဲ့အသံက ပိုပြီးသြဇာညောင်းတယ်၊ ပိုပြီး သြတယ်၊ နားထောင်လို့ သိပ်ကောင်းနေတာပေါ့။ ဒါပေမယ့် အဆိုးဆုံး အမှန်တရားက ဘာလဲသိလား။
Voice message ထဲက အသံ၊ အသံဖမ်းစက်ထဲက အသံကတော့ သူများတွေကြားရတဲ့ တကယ့်အသံအစစ်ကြီး ဖြစ်နေတဲ့အကြောင်းလေးပါ။ ခင်ဗျား သဘောကျနေတဲ့ အသံသြသြကြီးကတော့ ခင်ဗျားရဲ့ ဦးခေါင်းခွံကြီးက ခင်ဗျားကို စိတ်ချမ်းသာအောင် လိမ်ထားတဲ့ အသံတုကြီး သက်သက်ပါဗျာ။
တကယ် အသံကောင်းတဲ့သူတွေကကျတော့ ဖုန်း Recording ထဲမှာလည်း နားထောင်လို့ ကောင်းနေမှာပါ။
Crush ဆီကို Voice message ပို့တတ်တဲ့သူတွေအတွက်တော့ Crush က ခင်ဗျားတို့အသံကို နားထောင်ပြီး တခစ်ခစ်နဲ့ ရယ်နေလောက်ပါပြီ….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

