တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် “ငါဘာလို့ ပင်ပန်းနေတာလဲ” လို့ မေးမိတယ်။ အိပ်လည်း အိပ်တယ်။ စားလည်း စားတယ်။ ဒါပေမယ့် စိတ်က နားလိုက်တယ်လို့ မခံစားရဘူး။

အဖြေကတော့ ကြီးမားတဲ့ အကြောင်းရင်းကြီးတွေ မဟုတ်ပါဘူး။ နေ့စဉ် သတိမထားမိတဲ့ ကိုယ့်ရဲ့ အလေ့အထအချို့တွေကြောင့်ပဲ ဖြစ်ပါတယ်။
…

၁။ အိပ်ရာဝင်ပြီး ဖုန်းကြည့်ခြင်း

ည ၁၁ နာရီ အိပ်ရာဝင်တယ်။ ဒါပေမယ့် ဖုန်းကို လက်ကမချဘူး။ Facebook, TikTok ဆက်တိုက်ကြည့်ရင်း ၁ နာရီ၊ ၂ နာရီ ကုန်သွားတယ်။ မနက်နိုးတော့ ခေါင်းကိုက်နေတယ်။ ပင်ပန်းနေတုန်းပဲ။

ဖုန်းမျက်နှာပြင် အလင်းက အိပ်စက်မှုကို ဖြစ်စေတဲ့ ဟော်မုန်းကို နှောင့်ယှက်တယ်။ အိပ်ရေးဝဝ အိပ်ရပေမယ့် အိပ်ရေးမဝသလို ခံစားရတယ်။
.

၂။ မနက်နိုးတာနဲ့ ဖုန်းကိုင်ခြင်း

မျက်လုံးဖွင့်တာနဲ့ ဖုန်းကိုင်တယ်။ Facebook ဖွင့်တယ်။ သတင်းဖတ်တယ်။ သူများတွေ ခရီးသွားပုံ၊ စားပုံတွေ တွေ့တယ်။ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်မိတယ်။ မနက်ကတည်းက စိတ်ညစ်နေပြီ။

မနက်ခင်းက ဦးနှောက်က အေးဆေးနေသင့်တဲ့ အချိန်။ ဖုန်းထဲက သတင်းတွေနဲ့ စတင်တဲ့အခါ တစ်နေကုန် စိတ်ရှုပ်ရတော့တာပဲ။
.

၃။ ဆိုရှယ်မီဒီယာမှာ သူများနဲ့ နှိုင်းယှဉ်ခြင်း

သူငယ်ချင်းက ကားဝယ်လိုက်တယ်။ သူများက နိုင်ငံခြားရောက်သွားတယ်။ ကိုယ်ကတော့ ဒီအတိုင်းပဲ။ ဒီလိုတွေးရင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်။ စိတ်မကြည်တော့ဘူး။

ဆိုရှယ်မီဒီယာမှာ လူတွေက သူတို့ဘဝရဲ့ အကောင်းဆုံးအပိုင်းကိုပဲ တင်တယ်။ အဲဒါကို အပြည့်အစုံလို့ မှတ်ယူမိတဲ့အခါ ကိုယ့်ဘဝက နိမ့်ကျသလို ခံစားရတယ်။
.

၄။ အလုပ်ကို အနားမယူဘဲ လုပ်ခြင်း

မနက် ၉ နာရီကနေ ညအထိ အလုပ်လုပ်တယ်ဆိုပါစို့။ အိမ်ပြန်ရောက်တော့လည်း အလုပ်အကြောင်းပဲ တွေးနေတယ်။ အနားယူလိုက်ရင် ပျင်းနေတာလို့ ခံစားရတယ်။

ဦးနှောက်က အနားယူချိန် မရတဲ့အခါ တဖြည်းဖြည်း ပင်ပန်းလာတယ်။ ဒါကို Burnout လို့ခေါ်တယ်။ အနားယူတာက ပျင်းရိတာ မဟုတ်ဘူး၊ စိတ်ရော ကိုယ်ရောအတွက် လိုအပ်တာပါ။
.

၅။ စိတ်ခံစားချက်ကို ဖိနှိပ်ထားခြင်း

စိတ်ဆိုးလည်း မပြောဘူး။ ဝမ်းနည်းလည်း မငိုဘူး။ ရှက်စရာလို့ ခံစားရတယ်။

ခံစားချက်တွေ ဖိနှိပ်ထားတာ ကြာလာတဲ့အခါ တစ်နေ့မှာ ပေါက်ကွဲထွက်လာတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေလိုတဲ့ အတွေးတွေ ဝင်လာတယ်။
.

၆။ လူမှုဆက်ဆံရေး မရှိခြင်း

သူငယ်ချင်းတွေကို မဆက်သွယ်ဖြစ်တာ လပေါင်းများစွာ ကြာသွားတယ်။ ဖုန်းဆက်ချင်ပေမယ့် သူတို့ အလုပ်ရှုပ်နေမှာပဲ လို့ တွေးတယ်။ အထီးကျန်လာတယ်။

လူသားတွေဟာ လူမှုဆက်ဆံရေး လိုအပ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ အထီးကျန်တာ ကြာလာတဲ့အခါ စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေ များလာတယ်။
.

၇။ ကော်ဖီ/အရက်အပေါ် မှီခိုခြင်း

ပင်ပန်းလို့ ကော်ဖီသောက်တယ်။ စိတ်ညစ်လို့ အရက်သောက်တယ်။ ဒါက ခေတ္တသက်သာစေပေမယ့် နောက်ပိုင်း ပိုဆိုးလာတယ်။

ကော်ဖီက အိပ်စက်မှုကို ထိခိုက်တယ်။ အရက်က စိတ်ဓာတ်ကျမှုကို ပိုဆိုးစေတယ်။ ဒါဟာ ပြဿနာကို ဖြေရှင်းတာမဟုတ်ဘဲ ဖုံးကွယ်လိုက်တာ ဖြစ်တယ်။
.

၈။ နေရောင်ခြည် မရခြင်း

မနက်စောစော အလုပ်ထွက်၊ ညမိုးချုပ်မှ အိမ်ပြန်။ တစ်နေကုန် အခန်းထဲမှာပဲ။ နေရောင်ခြည် မထိတွေ့ရဘူး။

နေရောင်ခြည်က စိတ်ခံစားချက်ကို ထိန်းညှိပေးတဲ့ ဗီတာမင် D ကို ရစေတယ်။ နေရောင်မရတဲ့အခါ စိတ်ဓာတ်ကျခြင်းကို ပိုအားပေးတယ်။
.

၉။ ရေသောက်နည်းခြင်း

တစ်နေကုန် ရေတစ်ခွက်တောင် မကုန်ဘူး။ ရေကို ဆာမှ သောက်တယ်။

ရေဓာတ်ခန်းခြောက်တဲ့အခါ ခေါင်းကိုက်တယ်၊ ပင်ပန်းတယ်၊ စိတ်ခံစားချက် တည်ငြိမ်မှု မရှိတော့ဘူး။
…
…

ဒီအလေ့အထတွေက ကြီးမားတဲ့ အပြောင်းအလဲတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နေ့စဉ် လုပ်နေကျဖြစ်တဲ့အခါ တဖြည်းဖြည်း စိတ်ကျန်းမာရေးကို မသိမသာ ထိခိုက်လာတယ်။

ဒါပေမယ့် အားလုံးကို တစ်ချိန်တည်း တစ်ခါတည်း ပြောင်းလဲဖို့ မလိုပါ။ တစ်ခုကနေ စလိုက်ရင် ရပါတယ်။

ဒီနေ့တော့ အိပ်ရာမဝင်ခင် ဖုန်းကို နာရီဝက်လောက် မသုံးဘဲ ချထားပြီးမှ အိပ်ကြည့်ပါ။ ဒါပါပဲ။

အကူအညီလိုရင် စိတ်ပညာရှင် ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်များနဲ့ တိုင်ပင်ပါ။
မရှက်ပါနဲ့။

❤️❤️❤️
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here