Phimosis နှင့် Paraphimosis
(မိဘများနှင့် ယောက်ျားလေးတိုင်း သိထားရမည့် ထိပ်အရေပြား အန္တရာယ်)
“ဆရာရေ အငယ်လေးက ရှူရှူးပေါက်လို့ မရလို့တဲ့ ငိုနေတယ်။ ရှူရှူးပေါက်ရင်လည်း ရှူးမထွက်ဘူးတော့။ ပူဖောင်းကြီးလို ဖောင်းလာတယ်။”
လာပါပြီ။ နော်ဘွေဖော တတိယကလေး စောမူထောလေးကို ပိုက်ပြီးရောက်လာပါတယ်။
“ကဲကဲ ကျွန်တော်ကြည့်ပေးမယ်နော် ခုတင်ပေါ်တက်ထိုင်လိုက်ပါဦး။”
မြန်မာနိုင်ငံမှာ မိသားစုအများစုက ယောက်ျားလေးအင်္ဂါစောင့်ရှောက်မှုနဲ့ ပတ်သက်လာရင် ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့မရှိကြ။ ဒီလိုနဲ့ပဲ မလိုလားအပ်တဲ့ကိစ္စလေးတွေ မကြာခဏကြုံတွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိဘများနဲ့ လူငယ်များ အလွယ်တကူ သတိပြုနိုင်ဖို့အတွက် အရေးကြီးတဲ့ အချက်နှစ်ချက်ကို မျှဝေပေးလိုက်ချင်ပါတယ်ဗျာ။
…
…
၁။ Phimosis (ထိပ်အရေပြား အနောက်သို့ ဆွဲလှန်မရခြင်း)
Phimosis ဆိုတာကတော့ အမျိုးသားအင်္ဂါ ထိပ်ဖျားအရေပြား ကျဉ်းမြောင်းနေလို့ အနောက်ကို ဆွဲလှန်၍ မရဘဲ ထိပ်ပေါ်မှာပဲ ပိတ်မိနေတဲ့ အခြေအနေပါ။
မိဘများကို သိစေချင်တဲ့ အရေးကြီးတဲ့အချက်ကတော့ ကလေးငယ်များမှာ ဒါဟာ သဘာဝပါဆိုတာပါပဲ။ မွေးကင်းစကနေ အသက် ၃ နှစ်၊ ၅ နှစ်အထိ (အချို့ကလေးများဆိုရင် လူပျိုဖော်ဝင်ချိန်အထိ) ထိပ်အရေပြား တင်းနေတာက သဘာဝ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒီလိုဖြစ်နေလို့ဆိုပြီး ကလေးငယ်ရဲ့အရေပြားကို နာကျင်အောင် အတင်းအဓမ္မ ဆွဲလှန်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အဲဒီလိုလုပ်လိုက်ရင် အရေပြား စုတ်ပြဲသွားမယ်။ နောက်ပိုင်းမှာ အမာရွတ်ထင်ပြီး ပို၍ တင်းကျပ်သွားတတ်ပါတယ်။
- ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသမလဲ။
အသက်ကြီးလာသည်အထိ လုံးဝလှန်မရခြင်း၊ ဆီးသွားသည့်အခါ အရေပြားက မီးပုံးပျံကဲ့သို့ ဖောင်းတက်လာခြင်း၊ ဆီးခဏခဏ အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းများ ရှိလာတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး လိမ်းဆေး သို့မဟုတ် လိုအပ်ပါက ထိပ်အရေပြားလှီးခြင်း (Circumcision) ပြုလုပ်ဖို့ တိုင်ပင်ရပါမယ်။
…
…
၂။ Paraphimosis (နောက်ကိုဆွဲလိုက်သော အရေပြား ရှေ့ကိုပြန်ဖုံးမရခြင်း)
Paraphimosis ဆိုတာကတော့ အနောက်ကို ဆွဲလှန်ထားတဲ့ အရေပြားက ရှေ့သို့ ပြန်ဖုံးလို့မရတော့ဘဲ အနောက်မှာ တစ်ဆို့ပြီး ညပ်နေသည့် အခြေအနေပါ။
ပြန်တင်လိုက်တဲ့ အရေပြားကွင်းက အင်္ဂါလည်ပင်းကို သားရေကွင်းနဲ့ တင်းတင်းကျပ်ကျပ် ဆွဲချည်ထားလိုက်သလို ဖြစ်သွားတာပေါ့နော်။ အဲဒီအခါကျတော့ ထိပ်ဖျားပိုင်းကို သွေးမရောက်တော့ဘဲ ပိတ်ဆို့သွားတာပါ။ ဒီအခြေအနေက ဆေးရုံသို့ ချက်ချင်းသွားရမည့် အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။
- ဘယ်လိုကနေ ဘယ်လိုဖြစ်ရတာလဲ။
မိဘများက ကလေးကို ရေချိုးပေးရင်း၊ ဆေးကြောပေးရင်း (ဒါမှမဟုတ်) လူငယ်များဆိုရင်လည်း သန့်ရှင်းရေးလုပ်ရင်း အရေပြားကို နောက်ကို ဆွဲလှန်ပြီးတဲ့နောက်မှာ ရှေ့ကိုပြန်ဖုံးပေးဖို့ မေ့သွားတာကနေ ဖြစ်တတ်ပါတယ်။
- ဒီလက္ခဏာတွေကို မြင်လာပြီဆိုရင် ချက်ချင်း ဆေးရုံသွားပါ။
(က) အရေပြား နောက်လှန်ထားရာမှ ရှေ့ပြန်ဖုံးမရခြင်း။
(ခ) ထိပ်ဖျားပိုင်းသည် အချိန်တိုအတွင်း အဆမတန် ဖောင်းကြွပြီး ရောင်ရမ်းလာခြင်း။
(ဂ) ကလေးငယ် (သို့မဟုတ်) လူငယ်ဆိုရင်လည်း မိမိကိုယ်တိုင် ပြင်းထန်စွာ နာကျင်လာခြင်း။
(ဃ) အချိန်ကြာလာသည်နှင့်အမျှ ထိပ်ဖျားပိုင်း ညိုမည်း (သို့မဟုတ်) ပြာနှမ်းလာခြင်း (သွေးမလျှောက်တော့တဲ့အခါဖြစ်တဲ့ လက္ခဏာပါ)။
သတိပြုဖို့ကတော့ ဒီလက္ခဏာတွေ ပြလာပြီဆိုရင် အိမ်မှာ တစ်ယောက်တည်း အရမ်းရှက်ပြီး ကိုယ်တိုင် ပြန်သွင်းဖို့ အတင်းကြိုးစားတာ၊ ဆေးမြီးတိုတွေနဲ့ အချိန်ဆွဲနေတာမျိုး လုံးဝ (လုံးဝ) မလုပ်ဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ အရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ရမှာဖြစ်ပါတယ်ဗျ။ ဆရာဝန်များက စနစ်တကျနှင့် အမြန်ဆုံး သွေးပြန်လျှောက်အောင် ကူညီလုပ်ကိုင်ပေးပါလိမ့်မယ်။
.
- ဖေဖေမေမေတို့အတွက် အိမ်တွင်းကာကွယ်ရေးလမ်းညွှန်
ကလေးငယ်များကို ရေချိုးပေးတဲ့အခါ သန့်ရှင်းရေးလုပ်ဖို့အတွက် အရေပြားကို အနောက်ကို ဖြည်းဖြည်းချင်း လှန်ပြီး ဆေးကြောပေးနိုင်ပါတယ်။
ဒါပေမယ့် အရေးကြီးဆုံးက ဆေးကြောသန့်စင်ပြီးတာနဲ့ အရေပြားကို ရှေ့ကို ပြန်ဖုံးပေးဖို့တော့ ဘယ်တော့မှ မမေ့ပါနဲ့။
ကလေးငယ်ကိုလည်း အရေပြားကို အနောက်ကို လှန်ပြီးကစားတာ၊ အကြာကြီးထားတာမျိုး မလုပ်ဖို့ ဆုံးမပေးရမှာ ဖြစ်ပါတယ်…။
ကျန်းမာသောလူမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🙏
Reference : 📚
- McGregor, T. B. (2007). Pathologic and physiologic phimosis: Approach to the phimotic foreskin. Canadian Family Physician, 53(3), 445–448. Cited by: 173
- McLarty, R., & Kiddoo, D. (2019). Foreskin care in childhood. Canadian Medical Association Journal (CMAJ), 191(13), E365. https:// doi. org / 10.1503 / cmaj. 180875
- Shahid, S. K. (2012). Phimosis in children. ISRN Urology, 2012, 1–6. https:// doi. org / 10.5402 /2012 / 707329
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

