မနက် မျက်နှာသစ်ချိန် နှာချေတဲ့အကြောင်း လူနာလေးတစ်ယောက် မေးထားတာတွေ့လို့ သဘောကျလို့ပါ။ ကျွန်တော့်ဦးလေးလည်း မနက်ဆို မျက်နှာသစ်ချိန်မှာ နှာချေရော။ သူ နှာချေတာက အကြောင်းမဟုတ်ဘူး။ အကျယ်ကြီးချေတာဆိုတော့ တစ်အိမ်လုံး နိုးပါရောလား။ သူက စောစောထတတ်သူဆိုတော့ အိပ်ပုတ်တဲ့ ကျွန်တော့်အတွက်တော့ ခက်နေတော့တာပေါ့ဗျာ။
ကဲကဲ ထားပါတော့။ ကျွန်တော့်ဦးလေးကလည်း မေးတာပေါ့နော်။ အဲဒီတုန်းက ပြောပြတဲ့အတိုင်း ပြောပြပါမယ်။
.
• အပူချိန် အပြောင်းအလဲကြောင့် ဖြစ်နိုင်ခြင်း (Vasomotor Rhinitis)
မျက်နှာကို ရေအေးဖြစ်စေ၊ ရေနွေးဖြစ်စေ ထိလိုက်တဲ့အချိန်မှာ နှာခေါင်းထဲက သွေးကြောလေးတွေနဲ့ အာရုံကြောလေးတွေက ရုတ်တရက် လန့်ဖျပ်ပြီး တုံ့ပြန်မှု ဖြစ်သွားတတ်တယ်။ ဓာတ်မတည့်တာ (Allergy) တော့ မဟုတ်ဘူး။ ရေရဲ့ အပူချိန်အပြောင်းအလဲကြောင့် နှာခေါင်းကျဉ်ပြီး နှာချေတာ၊ နှာရည်ယိုတာမျိုးပါ။
• ရေထဲတွင်ပါသော ဓာတ်ပစ္စည်း (Irritants) များကြောင့် ဖြစ်ခြင်း
မျက်နှာသစ်လိုက်တဲ့ ရေထဲမှာ ကလိုရင်း (Chlorine) လိုမျိုး၊ အဲဒီလိုမှမဟုတ်ရင် တခြား သတ္တုဓာတ်တွေ ပါတတ်တယ်လေ။ သူတို့က နှာခေါင်းအတွင်းပိုင်း အမြှေးပါးကို သွားဆွပေးသလို ဖြစ်ပြီး နှာချေတာမျိုး ဖြစ်နိုင်တယ်။
• Allergen (ဓာတ်မတည့်ပစ္စည်း) တွေကြောင့် ဖြစ်ခြင်း (Allergic Rhinitis)
အိပ်ရာထဲမှာ ဖုန်မှုန့်တွေ ရှိတတ်တယ်လေ။ ညဘက် အိပ်နေတုန်း အိပ်ရာ၊ ခေါင်းအုံးနဲ့ ဖက်လုံးတွေထဲမှာရှိတဲ့ Dust Mites တွေနဲ့ တစ်ညလုံး ထိထားတော့ နိုးနိုးချင်း မျက်နှာသစ်လိုက်တဲ့အခါ ပြန်ပြီးတုံ့ပြန်မှုပြတာ ဖြစ်နိုင်တယ်။ နောက်တစ်ခု မတည့်နိုင်တာက မျက်နှာသစ်ဆေးတွေ၊ သုံးနေကျ မျက်နှာသစ်ဆပ်ပြာမှာပါတဲ့ အမွှေးနံ့ ဒါမှမဟုတ် ပါဝင်ပစ္စည်းတစ်ခုခုနဲ့ မတည့်တာလည်း ဖြစ်နိုင်ပါတယ်။
• အလင်းရောင်ကြောင့် နှာချေခြင်း (Photic Sneeze Reflex)
ဒါကတော့ နည်းနည်းရှားတယ်။ ဖြစ်တတ်တာတော့ နည်းပါတယ်။ မနက်နိုးနိုးချင်း မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်ပြီး မီးရောင်စူးစူး ဒါမှမဟုတ် အပြင်မှာသစ်ရင်လည်း နေရောင်ကို ရုတ်တရက် ကြည့်လိုက်မိရင် (ဒါကတော့ ကျွန်တော့်လို အအိပ်မက်တဲ့ လူနာလေးတွေဖြစ်မယ်။ နေမြင့်မှ ထလို့) အာရုံကြော တုံ့ပြန်မှုကြောင့် နှာချေတတ်တဲ့ သဘာဝလည်း ရှိပါတယ်။ မယုံရင် နေရောင်ကို မော့ကြည့် နှာချေချင်လာလိမ့်မယ်။
.
🔹ဖြေရှင်းနည်း
ပြဿနာမဟုတ်ပေမယ့်လည်း နည်းနည်းနေရခက်တယ်ဆိုရင် ဒါလေးတွေ လိုက်လုပ်ကြည့်လို့ရပါတယ်။
• ရေအပူချိန် ညှိကြည့်ပါ။
ရေကို အေးလွန်း ပူလွန်းတာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်အပူချိန်နဲ့ မကွာတဲ့ ရေကြက်သီးနွေးနွေးလေးနဲ့ သစ်ကြည့်ပါ။
• မျက်နှာသစ်ဆေး ပြောင်းကြည့်ပါ။
အမွှေးနံ့ပြင်းတဲ့ မျက်နှာသစ်ဆပ်ပြာအစား Hypoallergenic သို့မဟုတ် Fragrance-free အမျိုးအစားကို ပြောင်းသုံးကြည့်ပါ။ ကျွန်တော်ကတော့ ရေနဲ့ပဲ၊ ဆပ်ပြာတောင်မပါဘူး။
• အိပ်ရာခင်း ပုံမှန်လျှော်ပါ။
မညစ်ပတ်ပါနဲ့။ ဖုန်မှုန့် (Dust Mites) ကြောင့်လည်း ဖြစ်နိုင်တော့ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်များကို တစ်ပတ်တစ်ကြိမ် လျှော်ဖွပ်ပေးပါ။
.
ကဲ… ကျွန်တော့်ဦးလေးကတော့ လူပျိုကြီးမို့ အိပ်ရာခင်းမလျှော်လို့ ဖြစ်တာမို့ အိပ်ရာခင်း ခဏခဏ လျှော်ခိုင်းလိုက်တော့ ပျောက်သွားပါလေရောဗျာ။
အားလုံးပဲ အဆင်ပြေကြပါစေ….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

