— ဝိ ဆိုတာ ဂျို (ချို) နဲ့လားကွဲ့ —
ဒီခေတ်မှာ လူငယ်တွေကြား၊ လူလတ်ပိုင်းတွေကြားမှာ ဆေးခြောက်ဆိုတာ အပန်းဖြေစရာတစ်ခုလို၊ စိတ်ဖိစီးမှု ထွက်ပေါက်တစ်ခုလို ယူဆလာကြတာကို တွေ့ရပါတယ်။ သို့သော်လည်း ဒီဆေးရွက်ကလေးရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖုံးကွယ်နေတယ်ဆိုတာကိုတော့ ကိုယ်တိုင်ကြုံဖူးသူတွေကလွဲရင် သိပ်ပြီး သတိမထားမိတတ်ကြပါဘူး။
ဆေးခြောက်ဟာ သာမန် အပျော်သဘော သုံးစွဲခြင်းကနေ တစ်သက်တာလုံး အမာရွတ်ထင်ကျန်ရစ်စေမယ့် စိတ်ဒဏ်ရာတွေဆီကို အလွယ်တကူ တွန်းပို့ပေးနိုင်စွမ်း ရှိနေပါတယ်။ ဒါကြောင့် ဆေးခြောက်သုံးစွဲခြင်းကနေ ဖြစ်ပေါ်လာနိုင်တဲ့ အထွေထွေ စိတ်ပိုင်းဆိုင်ရာ ပြဿနာများသာမက ရှားပါးလှတဲ့ စိတ်ဒဏ်ရာတွေအကြောင်းကိုပါ ကျန်းမာရေး အသိပညာပေး အနေနဲ့ မျှဝေပေးချင်ပါတယ်။
.
၁။ ရုတ်တရက် တုန်လှုပ် ခြောက်ခြားခြင်း
ဆေးခြောက်မှာ ပါဝင်တဲ့ THC ဓာတ်ဟာ ဦးနှောက်ရဲ့ စိုးရိမ်ပူပန်မှုကို ထိန်းချုပ်တဲ့ အာရုံကြောစနစ်ကို တိုက်ရိုက် သွားရောက် လှုံ့ဆော်ပါတယ်။ လူတစ်ယောက်ဟာ ဆေးလိပ်ငွေ့ကို ရှိုက်သွင်းလိုက်ပြီး မကြာခင်မှာပဲ ရင်ထဲမှာ အကြောင်းမဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ နှလုံးခုန်သံတွေက ရင်ဘတ်ကို ဖောက်ထွက်မတတ် မြန်ဆန်လာမယ်။ အသက်ရှူရတာ ကျပ်တည်းလာမယ်။ အဆိုးဆုံးကတော့ “ငါ သေတော့မယ်” ဒါမှမဟုတ် “ငါ ရူးတော့မယ်” ဆိုတဲ့ အသိစိတ်က ခေါင်းထဲကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာခြင်းပါပဲ။
ဒီလိုမျိုး Panic Attack ဟာ အချိန်အားဖြင့် ခဏတာပဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဲဒီအချိန်တိုလေးအတွင်းမှာ သတိမမူမိစွာ အကာအကွယ်မဲ့စွာ ခံစားလိုက်ရတဲ့ ကြောက်ရွံ့မှုဟာ ကာယကံရှင်အတွက်တော့ ဘယ်တော့မှ မေ့ဖျောက်လို့မရနိုင်တော့မယ့် ပြင်းထန်တဲ့ စိတ်ဒဏ်ရာတစ်ခုအဖြစ် စွဲထင်ကျန်ရစ်ခဲ့ပါတယ်။
.
၂။ ယုံကြည်မှုများ ပျောက်ဆုံးခြင်းနှင့် စိတ်ကယောင်ချောက်ချားဖြစ်ခြင်း
လူဆိုတာ ပတ်ဝန်းကျင်နဲ့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ရှင်သန်ရတာပါ။ ဒါပေမယ့် ဆေးခြောက်ရဲ့ လွှမ်းမိုးမှုအောက် ရောက်သွားတဲ့အခါ အဲဒီယုံကြည်မှုတွေ အားလုံးဟာ ပျောက်ဆုံးသွားတတ်ပါတယ်။ ဘေးနားက လူတိုင်းဟာ မိမိကို ဒုက္ခပေးမယ့်သူတွေ၊ လုပ်ကြံမယ့်သူတွေအဖြစ် အခြေအမြစ်မရှိဘဲ ခိုင်ခိုင်မာမာ ယုံကြည်လာတတ်ပါတယ်။
တကယ်မရှိတဲ့ အသံတွေ ကြားလာရမယ်။ မျက်စိထဲမှာ ပုံရိပ်ယောင်တွေ အထင်းသား မြင်လာရမယ်။ ဥပမာအားဖြင့် မိမိကို တစ်စုံတစ်ယောက်က နောက်ယောင်ခံ လိုက်နေသလိုမျိုး၊ စောင့်ကြည့်နေသလိုမျိုး အမြဲတမ်း ခံစားနေရတတ်ပါတယ်။ အချို့သူတွေအတွက် ဒီစိတ်ကယောင်ချောက်ချားဖြစ်မှုဟာ ဆေးအာနိသင် ပြယ်သွားတဲ့တိုင်အောင် ဆက်လက် ကျန်ရစ်နေတတ်ပြီး လက်တွေ့ဘဝကို အမှန်တကယ် ခြိမ်းခြောက်လာတဲ့အထိ ဆိုးရွားတတ်ပါတယ်။
.
၃။ မိမိကိုယ်ကိုယ် ပျောက်ဆုံးခြင်း
ဒါဟာ စိတ်ပညာမှာ အလွန်နက်နဲသလို အလွန်လည်း ခြောက်ခြားဖွယ်ကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ကိုယ်တိုင် မရှိတော့သလို၊ ကိုယ့်ကိုယ်ကိုယ် အပြင်ဘက် တစ်နေရာကနေ ရုပ်ရှင်ကြည့်နေရသလို ပြန်မြင်နေရတဲ့ အခြေအနေ (Depersonalization) ဟာ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို အခြေခံကစပြီး လှုပ်ခတ်သွားစေပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကြီးနဲ့ စိတ်ဟာ ဒီလိုမျိုးတွေ ဖြစ်တတ်ပါလားဆိုတာကို သိရှိသွားပြီး အကြီးအကျယ် ကြောက်ရွံ့သွားတတ်ပါတယ်။
ထို့အတူပဲ မိမိနေထိုင်ရာ ပတ်ဝန်းကျင်က အရာအားလုံးဟာ အစစ်အမှန် မဟုတ်တော့ဘဲ အိပ်မက်တစ်ခုလို၊ ပြဇာတ်တစ်ခုလို ခံစားလာရခြင်း (Derealization) တွေလည်း ဖြစ်လာပါတယ်။ အဲဒီလို ခံစားရတဲ့အခါ ဖြစ်ပေါ်လာတဲ့ အထီးကျန်မှုနဲ့ လမ်းပျောက်မှုဟာ လူတစ်ယောက်ကို ပြင်းထန်တဲ့ စိတ်ကျရောဂါဆီကို အလွယ်တကူ တွန်းပို့ပေးနိုင်ပါတယ်။
.
၄။ အောင်မြင်လိုစိတ်များ ပျောက်ဆုံးသွားခြင်း
ရေရှည်သုံးစွဲသူတွေမှာ အများဆုံး တွေ့ရတတ်တဲ့ လက္ခဏာဖြစ်ပါတယ်။ လူတစ်ယောက် ရှင်သန်ဖို့အတွက် ရည်မှန်းချက်၊ မျှော်လင့်ချက်ဆိုတာ ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်လိုပါပဲ။ ဆေးခြောက်ဟာ အဲဒီအောက်ဆီဂျင် ပေးဝေမှုကို ဖြည်းဖြည်းချင်း ဖြတ်တောက်လိုက်ပါတယ်။ အရင်က စိတ်ဝင်တစား လုပ်ခဲ့တဲ့ အရာတွေ၊ ဝါသနာတွေ အားလုံးကို စွန့်လွှတ်လိုက်ချင်စိတ် ဖြစ်လာပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ မပါဝင်ချင်တော့ဘဲ တစ်ယောက်တည်း ထိုင်းမှိုင်းစွာ နေထိုင်လိုစိတ်တွေ လွှမ်းမိုးလာပါတယ်။ နေ့စဉ်ဘဝကို ရင်ဆိုင်ဖြတ်သန်းဖို့တောင် ခွန်အားမရှိတော့လောက်အောင် ဖြစ်သွားတဲ့ ဒီအခြေအနေဟာ လူတစ်ယောက်ရဲ့ အနာဂတ်ကို တိတ်ဆိတ်စွာ သတ်ဖြတ်လိုက်ခြင်းပါပဲ။
.
၅။ ငုပ်လျှိုးနေသော စိတ်ရောဂါများကို နှိုးဆွခြင်း
ဆေးခြောက်ဟာ လူတိုင်းအတွက် တူညီတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး။ အထူးသဖြင့် မျိုးရိုးထဲမှာ စိတ်ကစဉ့်ကလျားရောဂါလိုမျိုး ရှိနေသူတွေအတွက်ဆိုရင်တော့ မီးလောင်ရာကို လေပင့်ပေးလိုက်သလိုပါပဲ။ သာမန်အချိန်မှာ ငုပ်လျှိုးနေနိုင်တဲ့ ရောဂါလက္ခဏာတွေကို ဆေးခြောက်က အချိန်မတိုင်မီ ဆွဲထုတ်လိုက်ပါတယ်။ စိတ်ကျရောဂါနဲ့ စိတ်ကြွစိတ်ကျရောဂါ ရှိသူတွေမှာလည်း ရောဂါအခြေအနေကို ပိုမိုဆိုးရွားလာစေပြီး ဆရာဝန်တွေအနေနဲ့ ကုသထိန်းချုပ်ရ ခက်ခဲတဲ့ အဆင့်အထိ ရောက်သွားစေပါတယ်။
.
၆။ The “Bad Trip” Trauma
ဒီအချက်ကတော့ ရှားပါးပေမယ့် တကယ့်ကို ထူးခြားတဲ့ စိတ်ဒဏ်ရာ ဖြစ်စဉ်တစ်ခုပါ။ တစ်ခါတစ်ရံမှာ ဆေးသုံးစွဲစဉ် ကြုံတွေ့ရတဲ့ “Bad Trip” လို့ခေါ်တဲ့ အလွန်အမင်း ထိတ်လန့်ဖွယ် အတွေ့အကြုံဟာ ဦးနှောက်ကို အကြီးအကျယ် ထိခိုက်သွားစေပါတယ်။ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း လုံးဝ ကင်းမဲ့သွားတဲ့ ခံစားချက်၊ အသက်အန္တရာယ်ရှိတယ်လို့ ယုံကြည်သွားတဲ့ ခံစားချက်တွေကြောင့် ဦးနှောက်က ဒါကို ကြီးမားတဲ့ Trauma အဖြစ် သတ်မှတ် မှတ်တမ်းတင်လိုက်ပါတယ်။ ဒီလို ကြုံတွေ့ပြီးသွားတဲ့ သူတွေဟာ ထပ်ပြီးတော့ အဲဒီလိုအခြေအနေမျိုးကို မကြုံရအောင် လုံးဝကို ရှောင်ကြဉ်လာကြပါတယ်။
ဆေးခြောက်ကို တစ်သက်လုံး ပြန်မသုံးရဲတော့ရုံသာမက လမ်းသွားရင်း ဆေးခြောက်အနံ့လေး ရလိုက်တာနဲ့တင် ရင်တွေတုန်ပြီး အကြောက်လွန်လာတာ၊ ဆေးသုံးစွဲသူတွေနဲ့ ဝေးနိုင်သမျှ ဝေးအောင် အမြဲတမ်း ရှောင်ပြေးတာမျိုးတွေအထိ ဖြစ်လာပါတယ်။ ဒါဟာ ဆေးခြောက်ကပေးလိုက်တဲ့ မဖျောက်ဖျက်နိုင်တဲ့ တစ်သက်စာ အမာရွတ်တစ်ခုပါပဲ။
.
၇။ အချိန်ကြာမှ ပြန်ပေါ်လာသော Trauma
ဆေးအာနိသင် ပြယ်သွားပြီး လနဲ့ချီ၊ နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဆေးသုံးစဉ်က မြင်ခဲ့ရတဲ့ ပုံရိပ်ယောင်တွေ၊ အရောင်အသွေးတွေ၊ အလင်းတန်းတွေဟာ ရုတ်တရက်ဆိုသလို ပြန်လည် ပေါ်ပေါက်လာတတ်ပါတယ်။ ပုံမှန် အသိစိတ် အပြည့်အဝ ရှိနေချိန်၊ သာမန် နေ့စဉ်ဘဝကို ဖြတ်သန်းနေချိန်မှာတောင် ဆေးသုံးစွဲစဉ်တုန်းက ခံစားခဲ့ရတဲ့ အမြင်အာရုံ ပြောင်းလဲမှုတွေ ရုတ်တရက် ဝင်ရောက်လာတဲ့အခါ ကာယကံရှင်အနေနဲ့ “ငါတော့ တကယ်ပဲ ရူးသွားပြီလား” ဆိုတဲ့ ပြင်းထန်တဲ့ ထိတ်လန့်မှုကို ရရှိစေပါတယ်။ ဒါဟာ လွတ်မြောက်လို့မရတဲ့ အကျဉ်းထောင်တစ်ခုထဲကို ရောက်သွားသလို ခံစားရစေမယ့် စိတ်ဒဏ်ရာမျိုး ဖြစ်ပါတယ်။
.
၈။ အကြောက်လွန်ရောဂါများ ဝင်ရောက်လာခြင်း
ဆေးခြောက်ကြောင့် ကြောက်မက်ဖွယ် အတွေ့အကြုံ ရသွားသူတွေဟာ အဲဒီအတွေ့အကြုံကနေတစ်ဆင့် နောက်ဆက်တွဲ အကြောက်လွန်ရောဂါတွေကို မွေးဖွားပေးလိုက်တတ်ပါတယ်။ ဆေးသုံးပြီးချိန်မှာ နှလုံးခုန် အလွန်မြန်ခဲ့ဖူးတဲ့ အတွေ့အကြုံကြောင့် “နှလုံးရပ်သွားမှာကို အမြဲတမ်း ကြောက်ရွံ့နေခြင်း” ရလာတတ်သလို ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့တဲ့ အခြေအနေကို ကြောက်လန့်ရာကနေ “ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့ မရတော့မှာကို အလွန်အမင်း ကြောက်ရွံ့ခြင်း” တွေ ဖြစ်လာပါတယ်။
…
…
ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် ဆေးခြောက်ဆိုတာ တချို့အတွက် ပေါ့ပေါ့ပါးပါး အပန်းဖြေစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်နဲ့ ဦးနှောက်ရဲ့ဖွဲ့စည်းပုံ မတူညီတဲ့ အခြားသူတွေအတွက်တော့ ကြီးမားတဲ့ သောကတွေ၊ ထိတ်လန့်မှုတွေနဲ့ တစ်သက်တာ စွဲထင်ကျန်ရစ်မယ့် စိတ်ဒဏ်ရာတွေကို သယ်ဆောင်လာတဲ့ ဂြိုဟ်ကောင် ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် စိတ်ကျန်းမာရေးဆိုတာ ဘယ်အရာနဲ့မှ လဲလှယ်လို့ မရနိုင်တဲ့ အဖိုးတန်ဆုံး အရာတစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်ပြီး မိမိရဲ့စိတ်ဝိညာဉ်ကို အစွန်းအထင်းမခံဘဲ ဂရုတစိုက် စောင့်ရှောက်နိုင်ကြဖို့ အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတယ်….။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

