“ရောဂါရှာမရ ဖြစ်နေတတ်တဲ့ စိတ်ဖိစီးမှု လက္ခဏာများ”

အောင်မြင်မှုတွေနောက်လိုက်ရင်း ကိုယ့်စိတ်ကို ဘယ်လောက်တောင် ဒုက္ခပေးမိနေပြီလဲဆိုတာ သတိထားမိပါသလား။

ဟောဒီကမ္ဘာကြီးထဲမှာလေ… ကျွန်တော်တို့ဟာ ဘာတွေကို ရှာဖွေချင်လို့ ဒီလောက်တောင် အမောတကော ပြေးလွှားလှုပ်ရှားနေကြရတာလဲ ဆိုတာကို တွေးမိဖူးကြသလား။ သတ္တဝါတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးအတွက်တင်သာမက လူသားတွေဟာ ငွေကြေးဥစ္စာ ပြည့်စုံချင်တာ၊ အောင်မြင်ကျော်ကြားချင်တာ၊ အချစ်ခံချင်တာ၊ အာဏာကိုလိုချင်တာ စတာတွေအတွက်ပါ ရုန်းကန်လှုပ်ရှားရင်း ရှင်သန်နေကြရပါတယ်။

ဒါပေမယ့် ဒါတွေတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ရဲ့ ဟိုး… အတွင်းစိတ်နက်နက်မှာ ငွေကြေးချမ်းသာမှုထက်ပိုတဲ့ ‘လုံခြုံနွေးထွေးမှု’ မျိုး၊ မနက်ဖြန်အတွက် ပူပန်စရာမလိုတဲ့ အေးချမ်းတဲ့ ခိုလှုံရာမျိုးကို တိတ်တဆိတ် တောင့်တတတ်ကြသေးတယ်။ ကိုယ့်ဘဝကို ကိုယ်တိုင် ပုံဖော်ခွင့်ဆိုတဲ့ ‘လွတ်လပ်မှု’ ကို လိုလားကြသလို ကိုယ့်ရဲ့ ပေးဆပ်ကြိုးစားမှုတွေကို တစ်စုံတစ်ယောက်က မြင်တွေ့တန်ဖိုးထားပေးတဲ့ ‘အသိအမှတ်ပြုခံရမှု’ မျိုးကိုလည်း ဆာလောင်တတ်ကြပါတယ်။ အရာအားလုံးဟာ ပြည့်စုံနေတယ်ဆိုရင်တောင် “ငါ ဘာအတွက် အသက်ရှင်နေတာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှာဖွေရင်း လောကကြီးအတွက် ကောင်းမွန်တဲ့ အရာတစ်ခုခု ချန်ရစ်ခဲ့ချင်တဲ့ ‘ဘဝရဲ့ အဓိပ္ပာယ်’ ကိုပါ လိုက်လံရှာဖွေနေတတ်ကြတာပါ။

ဒီလို ဆန္ဒတွေ၊ လိုအပ်ချက်တွေနဲ့အတူ မရပ်မနား ပြေးလွှားနေရတဲ့ ဘဝကြီးထဲမှာ ဟန်ဆောင်ထားရတဲ့ မျက်နှာဖုံးတွေနဲ့ တစ်ယောက်စီတိုင်းဟာ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားကြရတယ်။ ခေါင်းစဉ်မျိုးစုံနဲ့ ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေဆိုတာ တကယ်တမ်းချုပ်ကြည့် လိုက်ရင် Stress လို့ခေါ်တဲ့ ‘စိတ်ဖိစီးမှု’ ပါပဲ။ သူဟာ အသံမထွက်ပေမယ့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်စနစ်တွေကို တစ်ခုချင်းစီ အသေးစိတ် ဝင်ရောက်ဖျက်ဆီးတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကျွန်တော်တို့တွေ ဘယ်လိုခံစားရနိုင်လဲဆိုတာကို အောက်မှာ ကြည့်လိုက်ကြရအောင်။

.

• ဦးနှောက်နှင့် အာရုံကြောစနစ်
– ခေါင်းတစ်ခုလုံး တင်းကျပ်ပြီး ကိုက်ခဲနေခြင်း။
– မေးရိုကြွက်သားများ တင်းမာနေခြင်းနှင့် ညအိပ်ပျော်နေစဉ် သွားကြိတ်မိနေခြင်း။
– မကြာခဏ မူးဝေခြင်း၊ မျက်စိပြာခြင်းနှင့် နားအူခြင်း။
– ညဘက် အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းနှင့် မနက်နိုးလာလျှင်လည်း လုံးဝ အိပ်ရေးမဝသလို ခံစားရခြင်း။

• အသက်ရှူလမ်းကြောင်း
– အလိုလိုနေရင်း အသက်ရှူမြန်လာခြင်း။
– လေဝဝရှူရန် ခက်ခဲလာခြင်း။
– မိမိကိုယ်ကိုယ် သတိမထားမိဘဲ မကြာခဏ သက်ပြင်းချမိနေခြင်း။
– ရင်ဘတ်ကို တစ်ခုခုနဲ့ ဖိထားသလို လေးလံမွန်းကျပ်နေခြင်း။

• နှလုံးနှင့် သွေးကြောအဖွဲ့အစည်း
– ရင်တုန်ခြင်း။
– သွေးတိုးခြင်း။
– ရင်ဘတ်တစ်ဝိုက်တွင် အောင့်သလို၊ နာကျင်သလို ခံစားလာရခြင်း။
– လက်ဖျား၊ ခြေဖျားများ အမြဲတမ်း အေးစက်နေခြင်း။

• အစာခြေအဖွဲ့အစည်း
– ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း။
– စားချင်သောက်ချင်စိတ် လုံးဝ ပျောက်ဆုံးသွားခြင်း (သို့မဟုတ်) စိတ်ပြေရာပြေကြောင်း အစားများကို အလွန်အကျွံ စားသောက်မိခြင်း။
– လေပွခြင်း၊ အစာမကြေဖြစ်ခြင်း။
– ဝမ်းချုပ်ခြင်း၊ မကြာခဏ ဝမ်းလျှောခြင်း။

• ကြွက်သားနှင့် အရိုးအဆစ်များ
– ဇက်ကြောတက်ခြင်း။
– တစ်ကိုယ်လုံးရှိ ကြွက်သားများ တင်းတောင့်နေခြင်း၊ ရိုက်နှက်ခံထားရသလို နာကျင်ကိုက်ခဲနေခြင်း။
– မျက်ခွံများ၊ ကြွက်သားများ အလိုအလျောက် တုန်ယင်လာခြင်း။
– အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားခြင်း။

• စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
– အရာရာကို အဆိုးမြင်လာပြီး သေးငယ်သော ကိစ္စလေးများကိုပင် အလွယ်တကူ ဒေါသထွက်လာခြင်း။
– စိတ်အတက်အကျမြန်လာခြင်း၊ ငိုလွယ် ရယ်လွယ် ဖြစ်လာခြင်း။
– အာရုံစူးစိုက်မှု ကျဆင်းခြင်း။
– မကြာခဏ မေ့လျော့လာခြင်း။
– လူအများစုနှင့် ဝေးရာတွင် တစ်ယောက်တည်းသာ နေချင်လာခြင်း။
– ဘဝတွင် မျှော်လင့်ချက် ကင်းမဲ့နေသလို ခံစားရခြင်း။
– အကြောင်းမဲ့ ဝမ်းနည်းကာ မျက်ရည်ကျချင်နေခြင်း။
…
…

ဒီလို လက္ခဏာတွေ စတင်ခံစားလာရတဲ့အခါ ကျွန်တော်တို့ အများစုဟာ ‘ငါ့မှာ နှလုံးရောဂါများ ရှိနေပြီလား’၊ ‘ဦးနှောက်ထဲမှာ အကျိတ်များ တည်နေပြီလား’၊ ‘အစာအိမ်ကင်ဆာများ ဖြစ်နေပြီလား’ ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဆေးရုံဆေးခန်းတွေဆီ အပြေးအလွှားသွားပြီး စမ်းသပ်မှုတွေ အမျိုးမျိုး လုပ်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်တမ်း သေသေချာချာ စမ်းသပ် ဆေးစစ်ကြည့်တဲ့အခါ ခန္ဓာကိုယ်မှာ ဘာရောဂါမှ မရှိနေတာကို အံ့ဩဖွယ် တွေ့ရတတ်ပါတယ်။ ရောဂါရှာမရတာ မဟုတ်ဘဲ တကယ်ပဲ ရောဂါမရှိနေတာပါ။

အမှန်စင်စစ် အဲဒီ နာကျင်ကိုက်ခဲမှုတွေ၊ မွန်းကျပ်မှုတွေနဲ့ နေထိုင်မကောင်းခြင်း ဆိုတာတွေဟာ ရုပ်ပိုင်းဆိုင်ရာမှာ ရောဂါတွေ ဖြစ်နေလို့ မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ ကြီးမားတဲ့ ဖိအားတွေ၊ ပူပန်သောကတွေ၊ တာဝန်ဝတ္တရားတွေကြားမှာ အနားမရဘဲ ရုန်းကန်နေရလွန်းလို့ ကျွန်တော်တို့ရဲ့ နုနယ်တဲ့ စိတ်ကလေးက မခံမရပ်နိုင်တော့တဲ့အဆုံး ခန္ဓာကိုယ်ကနေတစ်ဆင့် အချက်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်ဆီမှာ ဒီလို လက္ခဏာတွေ ပြသလာပြီဆိုရင် ဆေးဝါးတွေနောက်ကိုချည်း လိုက်ရှာနေမယ့်အစား “မင်း တအားပင်ပန်းနေပြီ၊ ခဏလောက်တော့ အနားယူလိုက်ပါတော့” လို့ တိတ်တဆိတ် တောင်းဆိုနေတဲ့ ကိုယ့်ရဲ့ စိတ်ဝိညာဉ်လေးကို သေသေချာချာ နားထောင်ပေးဖို့ လိုအပ်နေပါပြီ။

မရပ်မနား ပြေးလွှားနေတဲ့ ခြေလှမ်းတွေကို ခဏတဖြုတ် ရပ်တန့်လိုက်ပါ။ အောင်မြင်မှု သရဖူတွေ၊ ပိုင်ဆိုင်မှုတွေထက် “အာရောဂျံ ပရမံ လာဘံ” ဆိုတဲ့အတိုင်း သင့်ရဲ့ ကျန်းမာတဲ့ရုပ်ခန္ဓာနဲ့ ငြိမ်းချမ်းတဲ့ စိတ်ဝိညာဉ်လေးကသာ အဖိုးအထိုက်တန်ဆုံးဖြစ်တယ်ဆိုတာကို သတိပြုမိရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြီး နွေးနွေးထွေးထွေး ဖက်တွယ်ပေးလိုက်ပါတော့။

ကိုယ်ခံစားနေရတဲ့ ဝေဒနာတွေဟာ တကယ်ပဲ ရောဂါရှိလို့ ခံစားနေရတာလား၊ စိတ်ဖိစီးမှုကြောင့် ခံစားနေရတာလားဆိုတာကို ကွဲကွဲပြားပြား သိချင်ရင်တော့ တယ်လီကျန်းမာက ဆရာဝန်တွေနဲ့ ပြောပြတိုင်ပင် ဆွေးနွေးလို့ရပါတယ်နော်…..။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here