CP ကြက်သားစားရင် သားအိမ်အသားလုံး (Myoma) ဖြစ်တတ်သလား။

“CP ကြက်သားတွေက ဟော်မုန်းဆေးတွေကျွေးပြီး မွေးထားတာ။ အဲဒါတွေစားရင် အမျိုးသမီးတွေ သားအိမ်အသားလုံး ဖြစ်တတ်တယ်” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အထူးသဖြင့် အမျိုးသမီးထုကြားထဲမှာ ဒီအယူအဆက တော်တော်လေး စိုးရိမ်မှု မြင့်တက်နေပါတယ်။

တကယ်ပဲ CP ကြက်သား (သို့မဟုတ်) အသားတိုးကြက်သား စားတာနဲ့ သားအိမ်အသားလုံးဖြစ်တာ သက်ဆိုင်နေသလား။

ဒါပေမယ့် ဒါဟာ ဆေးပညာအရ သက်သေပြချက်မရှိသေးတဲ့ ယူဆချက်တစ်ခုသာ ဖြစ်ပါတယ်။

ခေတ်မီ စီးပွားဖြစ် အသားစားကြက်မွေးမြူရေးလုပ်ငန်းတွေမှာ ကြီးထွားစေတဲ့ ဟော်မုန်းကို အသုံးမပြုကြပါ။ ကြက်တွေ အချိန်တိုအတွင်း ကြီးထွားလာခြင်းမှာ မျိုးရိုးဗီဇကောင်းမွန်မှု၊ အာဟာရမျှတသော အစာနဲ့ မွေးမြူရေးစနစ် ကောင်းမွန်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ဒါဆို ဆေးပညာအရ သားအိမ်အသားလုံးဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်ပြီး ဘယ်လိုကာကွယ်ကုသရမလဲဆိုတာ ပြောပြပေးပါမယ်။

  • သားအိမ်အသားလုံး (Myoma) ဆိုတာဘာလဲ။

သားအိမ်အသားလုံးဆိုတာ သားအိမ်ရဲ့ ကြွက်သားအလွှာမှ ဖြစ်ပေါ်လာတဲ့ ကင်ဆာမဟုတ်သော အသားလုံး ဖြစ်ပါတယ်။

  • သားအိမ်အသားလုံး အမျိုးအစားများ
    သားအိမ်အသားလုံးတွေဟာ သားအိမ်ရဲ့ ဘယ်နေရာမှာ တည်ရှိသလဲဆိုတာပေါ် မူတည်ပြီး အဓိက (၃) မျိုး ခွဲခြားနိုင်ပါတယ်။

၁။ သားအိမ်အပြင်ဘက် အသားလုံး
သားအိမ်ရဲ့ အပြင်ဘက်နံရံမှာ ကပ်ပြီး ကြီးထွားလာတာပါ။ ပတ်ဝန်းကျင်က ဆီးအိမ် သို့မဟုတ် အူမကြီးကို သွားဖိမိတတ်ပါတယ်။

၂။ သားအိမ်နံရံအတွင်း အသားလုံး
သားအိမ်ရဲ့ ကြွက်သားနံရံအထူကြီးထဲမှာတင် ဖြစ်ပွားတာပါ။ အဖြစ်အများဆုံး အမျိုးအစား ဖြစ်ပါတယ်။

၃။ သားအိမ်အတွင်း အသားလုံး
သားအိမ်ရဲ့ အတွင်းဘက် အချွဲမြှေးလွှာအောက်မှာ ကြီးထွားတာပါ။ သေးသေးလေးဖြစ်ရင်တောင် သွေးဆင်းတာကို အများကြီး ဖြစ်စေနိုင်ပါတယ်။
.

  • ဖြစ်ပွားရတဲ့ အကြောင်းရင်းများ

ဒီနေ့အထိ သားအိမ်အသားလုံး ဖြစ်ရတဲ့ အတိအကျ အကြောင်းရင်းကို ရှာမတွေ့သေးပေမယ့် အဓိက ဖြစ်ပွားနိုင်ခြေ‌အပေါ် သက်ရောက်မှုရှိတဲ့ အချက် (၃) ချက် ရှိပါတယ်။

၁။ ဟော်မုန်း
အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းတွေက အသားလုံးကို ကြီးထွားစေပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီး ကလေးမွေးဖွားနိုင်တဲ့အရွယ်မှာ သားအိမ်အသားလုံး ကြီးထွားပြီး၊ သွေးဆုံးချိန်မှာ ဟော်မုန်းကျသွားလို့ အသားလုံး ပြန်သေးသွားလေ့ ရှိပါတယ်။ အသက် ၃၀ နဲ့ ၄၅ နှစ်အရွယ် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

၂။ မျိုးရိုးဗီဇ
မိခင်၊ အဘွား ဒါမှမဟုတ် ညီအစ်မတွေထဲမှာ သားအိမ်အသားလုံး ရှိဖူးရင် မိမိမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

၃။ အဝလွန်ခြင်း
ခန္ဓာကိုယ်မှာ အဆီဆဲလ်တွေ များလာတဲ့အခါ အဆီတွေကနေ အီစထရိုဂျင် ဟော်မုန်းကို ပိုမိုထုတ်လုပ်ပေးတာကြောင့် အသားလုံးဖြစ်ဖို့ လှုံ့ဆော်သလို ဖြစ်စေပါတယ်။
.

  • ဘယ်လိုလက္ခဏာတွေနဲ့ သတိထားမိနိုင်မလဲ။

သားအိမ်အသားလုံးရှိတဲ့ အမျိုးသမီးအများစုဟာ ဘာလက္ခဏာမှ မပြဘဲ နေတတ်ကြပါတယ်။ ဒါပေမယ့် အသားလုံး အရွယ်အစားကြီးလာရင် သို့မဟုတ် တည်ရှိတဲ့ နေရာအနေအထားပေါ် မူတည်ပြီး အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။

  • ရာသီလာစဉ် သွေးအလွန်အကျွံဆင်းခြင်း သို့မဟုတ် ရက်ရှည်ကြာခြင်း။
  • ရာသီလာစဉ် ကိုက်ခဲခြင်း သို့မဟုတ် ဆီးစပ်၊ ခါး တောက်လျှောက် အောင့်နေခြင်း။
  • သားအိမ်အပြင်ဘက် အသားလုံးက အရွယ်အစားကြီးမားပြီး ဆီးအိမ်ကို ဖိမိလျှင် ဆီးခဏခဏသွားချင်ခြင်း သို့မဟုတ် ဆီးသွားရခက်ခြင်းနှင့် အူမကြီးကို ဖိမိလျှင် ဝမ်းချုပ်ခြင်း။
  • အသားလုံး အရွယ်အစား အလွန်ကြီးပါက ဗိုက်စမ်းမိခြင်း၊ ဗိုက်ပူလာခြင်း။
    .
  • ကုသမှုပုံစံ

သားအိမ်အသားလုံးတိုင်းကို ခွဲစိတ်ဖို့ မလိုပါ။ ရောဂါ လက္ခဏာ ပြင်းထန်မှု၊ အသက်အရွယ်နဲ့ ကလေးယူဖို့ အစီအစဉ် ရှိ/မရှိ ပေါ်မူတည်ပြီး ဆရာဝန်က ကုသမှုကို ဆုံးဖြတ်ရပါတယ်။

၁။ စောင့်ကြည့်ကုသခြင်း
အသားလုံးက သေးတယ်၊ ဘာလက္ခဏာမှမပြဘူးဆိုရင် ၆ လ သို့မဟုတ် ၁ နှစ်တစ်ကြိမ် အာထရာဆောင်း (Ultrasound) ရိုက်ပြီး ပုံမှန်စောင့်ကြည့်ရုံနဲ့ လုံလောက်ပါတယ်။

၂။ ဆေးဝါးဖြင့် ကုသခြင်း
ဟော်မုန်းထိန်းညှိဆေးတွေ၊ သွေးဆင်းနည်းစေတဲ့ ဆေးတွေ သုံးပြီး ရာသီသွေးဆင်းတာကို သက်သာစေကာ အသားလုံးကို သေးသွားအောင် လုပ်နိုင်ပါတယ် (ဒါဟာ ယာယီသာ ဖြစ်ပါတယ်)။

၃။ ခွဲစိတ်ကုသခြင်း
ကလေးယူချင်သေးသူတွေအတွက် သားအိမ်ကို ချန်ပြီး အသားလုံးကိုပဲ သီးသန့်ခွဲထုတ်ခြင်း၊ ကလေးအလုံအလောက်ရပြီးသူ သို့မဟုတ် သွေးဆင်းလွန်းပြီး အသက်အန္တရာယ်ရှိသူတွေအတွက် သားအိမ်တစ်ခုလုံးကို ထုတ်ပစ်ခြင်းတို့ ပြုလုပ်ရတတ်ပါတယ်။
.

  • ဘယ်လိုကာကွယ်မလဲ။

အတိအကျ ကာကွယ်နိုင်တဲ့ နည်းလမ်းမရှိ‌သေးပေမယ့် ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တဲ့ နေထိုင်မှုပုံစံတွေ ရှိပါတယ်။

၁။ ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန် ရှိနေအောင် ထိန်းသိမ်းခြင်းက အီစထရိုဂျင် ဟော်မုန်း အလွန်အကျွံ ထွက်ရှိခြင်းကို တားဆီးပေးပါတယ်။

၂။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေကို ပိုမိုစားသုံးပေးပါ။

၃။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက ဟော်မုန်းတွေကို မျှတစေပါတယ်။

၄။ လက္ခဏာရှိပါက ဆရာဝန်နှင့် စောစီးစွာ ပြသပါ။

နောက်ဆုံးအနေနဲ့ CP ကြက်သား အပါအဝင် မွေးမြူရေးကြက်သားတွေကို သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ်ပြီး မျှတအောင် စားသုံးခြင်းဟာ သားအိမ်အသားလုံးတည်ခြင်းကို မဖြစ်စေပါဘူး။ စိုးရိမ်စိတ်လွန်ကဲပြီး အာဟာရပြည့်ဝတဲ့ အသားဓာတ်ကို မရှောင်ကြဉ်ကြဖို့ တိုက်တွန်းပါရစေ….။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါခင်ဗျာ။ 🙏

Reference

  • Food and Agriculture Organization (FAO) / World Health Organization (WHO).
  • https:// www. mayoclinic. org / diseases-conditions/ uterine-fibroids

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here