ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ…. ဖောက်ပြန်ခံရတဲ့သူကပဲ “ငါ ဘာတွေ လိုအပ်သွားလို့လဲ”၊ “ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ”၊ “ငါ့အပြစ်တွေပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။
တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက မိမိကိုယ်တိုင်ဖြစ်နေပါလျက်နဲ့ ဘာလို့ မိမိကိုယ်ကိုယ် ပြန်ပြီး တရားခံလုပ်မိနေကြတာလဲ။
၁။ Self-Blame နှင့် Internalization
ဒီလိုတွေးမိတဲ့စိတ်၊ ဒီလို အခြေအနေမျိုးကို စိတ်ပညာမှာ Self-Blame (ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း) လို့ ခေါ်ပြီး ပိုပြီး စာဆန်ဆန်ပြောရရင် Internalization (ပြဿနာကို ကိုယ့်အတွင်းစိတ်ထဲ ဆွဲသွင်းလိုက်ခြင်း) လို့ ခေါ်ပါတယ်။
ဥပမာ – မီးဖိုချောင်မှာ မိမိရဲ့ အကြိုက်ဆုံး ပန်းကန်လုံးကို တစ်ယောက်ယောက်က လာခွဲလိုက်မိတယ်။ သူက “ဒါ မင်း ဒီပန်းကန်ကို စားပွဲအစွန်းလေးမှာ ထားလို့ဖြစ်တာ” လို့ ပြောလိုက်ရင် ကိုယ်ကလည်း “ဟုတ်သားပဲ၊ ငါ သေချာ မသိမ်းလိုက်မိလို့ပဲ” လို့ ချက်ချင်း လက်ခံမိတတ်ပါတယ်။
ဒါပေမယ့် တကယ်တမ်းက ပန်းကန်ကွဲရတာက တစ်ဖက်လူရဲ့ ဂရုမစိုက်မှုကြောင့် မဟုတ်လား။ မိမိက ပန်းကန်ကို ဘယ်နေရာမှာပဲ ထားထား၊ သူက သတိထားပြီး ကိုင်တွယ်သင့်တာပါ။
ဒါပေမယ့် ကျွန်မတို့လူသားတွေက ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ရှာတတ်ကြပါတယ်။ အဲဒါဟာ Internalization ရဲ့ သဘောပါပဲ။ တစ်ဖက်လူရဲ့ မရိုးသားတဲ့ အပြုအမူ (External Event) ကို မိမိရဲ့ အရည်အချင်းမပြည့်မီမှု၊ မိမိရဲ့ ချို့ယွင်းချက် (Internal Cause) ကြောင့် ဖြစ်ရတာဆိုပြီး ကောက်ချက်ချလိုက်တဲ့ သဘော ဖြစ်ပါတယ်။
.
၂။ ဘာလို့ အဲဒီလို ဖြစ်ရတာလဲ။
အမှားလုပ်သူကို အပြစ်မတင်ဘဲ မိမိကိုယ်ကိုယ် ဘာလို့ လက်ညှိုးထိုးမိလဲဆိုတာ စိတ်ပညာအရ အကြောင်းရင်းတွေ ရှိပါတယ်။
• ထိန်းချုပ်မှု ပြန်လိုချင်တဲ့စိတ် (Illusion of Control)။
“သူ ဖောက်ပြန်တာ စိတ်မထိန်းနိုင်လို့” ဆိုတဲ့ အမှန်တရားက မိမိအတွက် ဘာမှလုပ်လို့မရတဲ့ အခြေအနေကြီး ဖြစ်နေစေပါတယ်။ ဒါက အင်မတန် ကြောက်စရာကောင်းတဲ့ ခံစားချက်ဖြစ်လာတဲ့အခါ ကျွန်မတို့ရဲ့ ဦးနှောက်က တခြားနည်းလမ်းရှာပါတော့တယ်။ “ငါ့ကြောင့် ဖြစ်တာ” လို့ တွေးလိုက်ရင် “ဪ… ငါသာ နောက်တစ်ခါ ပိုကောင်းအောင် နေလိုက်ရင် ဒါမျိုး ထပ်မဖြစ်တော့ဘူးပေါ့” ဆိုတဲ့ အတုအယောင်စိတ်လုံခြုံမှု တစ်ခုကို ရရှိသွားပါတယ်။ ဒါက မိမိပြန်ထိန်းချုပ်လို့ရတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းတာပါ။ ဒါပေမယ့် ဒါဟာ တကယ့်လုံခြုံမှုမဟုတ်ဘဲ စိတ်ကိုယ်တိုင် ဖန်တီးလိုက်တဲ့ Illusion of Control သက်သက်သာ ဖြစ်ပါတယ်။
• မိမိကိုယ်ကိုယ် တန်ဖိုးထားမှု (Self-Esteem) ပြိုလဲသွားခြင်း။
ယုံကြည်ရတဲ့သူက မိမိကို သစ္စာဖောက်လိုက်တဲ့အခါ “ငါဟာ အချစ်ခံရဖို့ မထိုက်တန်တဲ့သူလား” ဆိုတဲ့ အတွေးက ချက်ချင်း ဝင်လာတတ်ပါတယ်။ မိဘတွေက ငယ်ငယ်တုန်းက “မင်း စာမကျက်လို့ စာမေးပွဲကျတာ” ဆိုပြီး ကိုယ့်လုပ်ရပ်နဲ့ ရလဒ်ကို ဆက်စပ်ပြီး ဆုံးမတတ်ကြပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ကြီးပြင်းလာရင် ဆိုးတဲ့အရာတစ်ခုဖြစ်တိုင်း “ငါ့ကြောင့်ပဲ” လို့ အလိုလိုတွေးမိဖို့ ပိုပြီးလွယ်ကူသွားပါတယ်။ ဒါကြောင့် ပြဿနာရဲ့ အရင်းအမြစ်ကို တစ်ဖက်လူရဲ့ စရိုက်မှာ သွားမရှာဘဲ မိမိရဲ့ ရုပ်ရည်၊ အဆင့်အတန်း၊ ပြုစုပျိုးထောင်မှုတွေမှာပဲ လိုက်ရှာမိတော့တာပါ။
• လောကကြီးက တရားမျှတပါတယ်လို့ ယုံကြည်ချင်တဲ့စိတ်။
“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ ငါသူ့အပေါ် သစ္စာရှိခဲ့ရင် သူလည်း သစ္စာရှိရမယ်” လို့ ကျွန်မတို့က မသိစိတ်မှာ မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် အကြောင်းမဲ့ သစ္စာဖောက်ခံရတဲ့အခါ ကမ္ဘာကြီးက မတရားပါလားဆိုတာကို လက်မခံချင်တာကြောင့် “ငါ တစ်ခုခု မှားခဲ့လို့ပဲ နေမှာပါ” ဆိုပြီး မျှတအောင် တွေးလိုက်တာမျိုး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ ဘာအမှားမှ မလုပ်ဘဲ ထိခိုက်နစ်နာရတယ်ဆိုတဲ့ အချက်က လက်ခံဖို့ခက်လွန်းလို့ပါ။ အဲဒီအတွက် မိမိမှာ အမှားရှိမှ ကမ္ဘာကြီးက တရားမျှတနေတုန်းပဲလို့ ကျွန်မတို့က ယူဆချင်ကြတာ ဖြစ်ပါတယ်။
.
၃။ ဒီလိုတွေးနေရင် ဘာတွေ ဆက်ဖြစ်နိုင်လဲ။
မိမိကိုယ်ကိုယ် လက်ညှိုးထိုးတာဟာ ရေတိုမှာတော့ အခြေအနေကို လက်ခံနိုင်အောင် စိတ်က လှည့်စားပေးတာမျိုး ဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ စိတ်ဒဏ်ရာကို ပိုဆိုးစေပါတယ်။
• စိတ်ကျန်းမာရေး ထိခိုက်လာမယ်။
အမြဲတမ်း မိမိကိုယ်ကိုယ် အပြစ်တင်ရင်း စိတ်ဓာတ်ကျခြင်းနဲ့ အလွန်အမင်း စိုးရိမ်ပူပန်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်မပျော်တာ၊ အစားမဝင်တာ၊ အာရုံစူးစိုက်လို့မရတာတွေပါ ဒွန်တွဲပါလာနိုင်ပါတယ်။
• မိမိရဲ့ ကိုယ်ပိုင်တန်ဖိုး ပျောက်ဆုံးလာမယ်။
မိမိကိုယ်ကိုယ် ယုံကြည်မှု လုံးဝ မရှိတော့ဘဲ “ငါက အသုံးမကျတဲ့သူ” လို့ သတ်မှတ်မိသွားတတ်ပါတယ်။ ဒါက နောင်တစ်ချိန်မှာ မိမိကိုယ်ကိုယ် ပြန်တည်ဆောက်ယူဖို့ ပိုခက်ခဲသွားစေပါတယ်။
- နောက်ထပ် Relationship တွေမှာ အဆိပ်အတောက်ဖြစ်လာနိုင်တယ်။
ရှေ့ဆက်မယ့် ဆက်ဆံရေးတွေမှာလည်း “ငါ့ကြောင့် ပြတ်ဆဲသွားမလား” ဆိုတဲ့ အကြောက်တရားနဲ့ တစ်ဖက်လူကို အလွန်အမင်း အလိုလိုက်တာမျိုး (People-Pleasing) ဒါမှမဟုတ် လုံးဝ မယုံကြည်ရဲတော့ဘဲ သံသယလွန်ကဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
.
၄။ တကယ်က ဘယ်လို စိတ်ထားသင့်သလဲ။
ဒီလို စိတ်ဒဏ်ရာကနေ ရုန်းထွက်ဖို့ဆိုရင် အတွေးအခေါ်ပုံစံကို စနစ်တကျ ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။
ပထမဆုံး သိထားရမှာက… သူ့ရဲ့ ဖောက်ပြန်မှုဟာ သင့်ရဲ့ တန်ဖိုးမပြည့်စုံမှု၊ ချို့ယွင်းချက် ရှိနေတယ်ဆိုတာကို ပြတာမဟုတ်ပါ။ သူ့ရဲ့ ကတိသစ္စာ မတည်ကြည်မှုကိုပဲ ပြတာပါ။
ဒါကို စိတ်ထဲအမြဲထည့်ထားပြီး အောက်ပါအချက်တွေကို ကျင့်သုံးကြည့်ပါ။
- တာဝန်ယူမှုကို ခွဲခြားပါ။
Relationship တစ်ခု ပျက်စီးဖို့ အဆင်မပြေမှုတွေ ရှိခဲ့ရင် နှစ်ယောက်လုံးမှာ တာဝန်ရှိနိုင်ပါတယ်။ အချင်းချင်း ဆက်သွယ်ပြောဆိုမှု အားနည်းတာ၊ အချိန်မပေးနိုင်တာ၊ စိတ်ဝင်စားမှု လျော့သွားတာ ဒါတွေက နှစ်ယောက်လုံးရဲ့ တာဝန်ဖြစ်နိုင်ပါတယ်။ သို့သော် ဖောက်ပြန်ဖို့ ရွေးချယ်ခဲ့တာကတော့ ထိုလူရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ကျင့်တရား သက်သက်သာ ဖြစ်ပါတယ်။ မိမိကြောင့် မဟုတ်ပါဘူး။ တစ်နည်းပြောရရင် ဆက်ဆံရေးမှာ ပဋိပက္ခရှိနိုင်တာက နှစ်ယောက်လုံးရဲ့အကြောင်းဖြစ်ပြီး တစ်ယောက်က နောက်တစ်ယောက်ကို လိမ်ညာဖို့၊ သစ္စာဖောက်ဖို့ ဆုံးဖြတ်တာကတော့ သူတစ်ယောက်တည်းရဲ့ အကြောင်းဖြစ်သွားပါပြီ။ - မိမိကိုယ်ကိုယ် စာနာပါ (Self-Compassion)။
မိမိချစ်ရတဲ့သူ သူငယ်ချင်း မိတ်ဆွေတစ်ယောက် အသည်းကွဲနေရင် နှစ်သိမ့်ပေးမယ့် စကားလုံးမျိုးတွေနဲ့ မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်ပေးပါ။
ဥပမာ — သူငယ်ချင်းတစ်ယောက်က “ငါ့ချစ်သူက ငါ့ကိုသစ္စာဖောက်သွားတယ်၊ ငါဘာမှားလို့လဲ” လို့ မေးလာရင် သင်က “မင်း ဘာမှမှားတာမဟုတ်ဘူး၊ မင်းကြောင့်လည်း မဟုတ်ဘူး၊ သူ့ရဲ့ဆုံးဖြတ်ချက်က သူ့အပိုင်းပဲ” လို့ ပြန်ပြောမှာပဲ မဟုတ်လား။ အဲဒီစကားမျိုးကို မိမိကိုယ်ကိုယ်လည်း ပြန်ပြောပေးပါ။ “ငါ အကောင်းဆုံး ကြိုးစားခဲ့တာပဲ၊ ဒီအချိန်မှာ နာကျင်နေရတာ သဘာဝကျပါတယ်” လို့ မိမိစိတ်ကို အသိအမှတ်ပြုပေးပါ။
- အဖြေလိုက်ရှာတာ ရပ်ပါ။
“ငါ ဘာလိုသွားလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေက ဘယ်တော့မှ ထွက်လာမှာ မဟုတ်သလို ထွက်လာရင်လည်း မိမိကို ပိုလို့ပဲ နာကျင်စေမှာပါ။ ဒါကြောင့် “ဘာဖြစ်လို့လဲ” ကနေ “ဘယ်လိုရှေ့ဆက်မလဲ” ဆီကို အာရုံပြောင်းလိုက်ပါ။ မိမိအတွက် ဘယ်လိုအကောင်းဆုံးဖြစ်အောင် နေမလဲ၊ မိမိစိတ်ကို ဘယ်လိုပြန်ကုစားမလဲဆိုတာကိုပဲ အာရုံစိုက်ပါ။
အပြောကလွယ်ပေမယ့် တကယ်လုပ်ဖို့က ခက်နိုင်ပါတယ်။ လောလောဆယ်မှာ အရေးကြီးဆုံးက မိမိရဲ့ ဒဏ်ရာတွေကို ဆေးထည့်ဖို့နဲ့ မိမိကိုယ်ကိုယ် ပြန်လည် ကုစားဖို့ပဲ ဖြစ်ပါတယ်။
အမှားလုပ်ခဲ့တဲ့သူရဲ့ လုပ်ရပ်အတွက် မိမိရဲ့ တန်ဖိုးကို အကျဆုံးမခံပါနဲ့။ မိမိဟာ အချစ်ခံရဖို့၊ သစ္စာရှိရှိ တန်ဖိုးထားခံရဖို့ အပြည့်အဝ ထိုက်တန်တဲ့သူတစ်ယောက် ဖြစ်နေဆဲပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့၊ ကိုယ့်ကိုယ်ကိုယ် ပြန်ယုံကြည်ဖို့ အချိန်ပေးပါ။
ဒဏ်ရာတွေ ကျက်အောင် စောင့်ပေးပါ။
မုန်တိုင်းတစ်ခု ဖြတ်တိုက်သွားတဲ့အခါ ပင်လယ်ပြင်က ခဏတော့ ဝရုန်းသုန်းကားနဲ့ လှိုင်းထန်ကျန်ခဲ့ရတာ သဘာဝပါ။
ဒါပေမယ့် အဲဒီမုန်တိုင်းဟာ ပင်လယ်ရဲ့ အမှားကြောင့် ဖြစ်လာတာ မဟုတ်သလို ပင်လယ်ရဲ့ တန်ဖိုးကိုလည်း လျော့သွားအောင် မလုပ်နိုင်ပါဘူး။
ဒဏ်ရာတွေက သင့်ကို ပိုပြီး ရင့်ကျက်တဲ့၊ ပိုပြီး ခံနိုင်ရည်ရှိတဲ့ လူတစ်ယောက် ဖြစ်လာစေမှာပါ။ ဒီတော့ စိတ်ကို အနားပေးပါ။ အချိန်ကိုလည်း သူ့အလုပ်သူ လုပ်ခွင့်ပေးပါ။
ဒီခရီးမှာ ကျွန်မတို့အားလုံး အတူတူ သင်ယူရင်း
အတူတူ ရှင်သန်နေကြရတာပဲ မဟုတ်ပါလား…..။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

