ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။
ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။
ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့ ဦးနှောက်ထဲက ထွက်တဲ့ “ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှု” ကိုပေးတဲ့ ဟော်မုန်းတစ်ခု ဖြစ်ပါတယ်။ တစ်ခုခုကို အောင်မြင်အောင် လုပ်လိုက်နိုင်တဲ့အခါ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုကို ရရှိတဲ့အခါမျိုးမှာ ဦးနှောက်က ဒိုပါမင်းကို ထုတ်ပေးပြီး စိတ်ကျေနပ်မှုကို ခံစားရစေတာပါ။
ဒီနေ့ခေတ် social media ပေါ်က ဗီဒီယိုအတိုလေးတွေနဲ့ အွန်လိုင်းဂိမ်းတွေက ဦးနှောက်ကို ဒိုပါမင်းတွေ တရစပ်နဲ့ အလွန်အကျွံ ထွက်ရှိအောင် တွန်းအားပေးနေပါတယ်။ ဒီလို Dopamine Overload (ဒိုပါမင်း အလွန်အကျွံဖြစ်ခြင်း) ကြောင့် ရေရှည်မှာ ရိုးရိုးရှင်းရှင်း လုပ်ရတဲ့အလုပ်တွေဖြစ်တဲ့ စာဖတ်တာ၊ အလုပ်အာရုံစိုက်တာ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တာမျိုးတွေကို ဦးနှောက်က ပျင်းစရာကြီးလို့ သတ်မှတ်လိုက်ပြီး အာရုံမစိုက်နိုင်တော့ဘဲ ဖုန်းကိုပဲ ခဏခဏ ပြန်ကောက်ကြည့်မိစေတာ ဖြစ်ပါတယ်။
ကျွန်မတို့ နေ့စဉ်ဘဝမှာ အပန်းဖြေတယ်ဆိုပြီး သတိမထားမိဘဲ လုပ်မိနေတဲ့ အလေ့အကျင့်ဆိုးတချို့ကြောင့် Attention Deficit လို့ခေါ်တဲ့ အာရုံစူးစိုက်မှုချို့ယွင်းခြင်းကို ဖြစ်စေပါတယ်။
- ထမင်းစားရင်း ဖုန်းသုံးခြင်း
ထမင်းစားနေချိန်၊ ကော်ဖီသောက်နေချိန်တွေမှာ ဖုန်း screen ကိုပဲ စိုက်ကြည့်နေမယ်ဆိုရင် ဦးနှောက်က အစားအစာရဲ့ အရသာနဲ့ အာဟာရကို သတိမပြုမိတော့ပါဘူး။ ဒါကြောင့် ဗိုက်ဝကြောင်း အချက်ပြစနစ် နှောင့်နှေးသွားပြီး အလွန်အကျွံ စားမိတတ်တာ၊ အစာမကြေတာနဲ့ လေပွတာတွေ ဖြစ်လာစေပါတယ်။ - တီဗွီကြည့်ရင်း ဖုန်းပွတ်ခြင်း
တီဗွီ သို့မဟုတ် ကွန်ပျူတာမှာ ရုပ်ရှင်ကြည့်နေရင်း လက်က ဖုန်းပါအပိုပွတ်တာမျိုးက ဦးနှောက်ရဲ့ အာရုံစိုက်မှုစနစ်ကို ထိခိုက်စေပါတယ်။ ဒီလို အာရုံခံစားမှု အရင်းအမြစ် ၂ ခုကို ပြိုင်တူ လုပ်ခိုင်းတာ များလာတဲ့အခါ ရေရှည်မှာ “Attention Deficit Problem” (အာရုံစူးစိုက်မှု ချို့ယွင်းခြင်း ပြဿနာ) ဖြစ်လာပြီး အလုပ်တစ်ခုတည်းကို မိနစ်အနည်းငယ်မျှပင် အာရုံမစိုက်နိုင်တော့ဘဲ စိတ်ဂဏာမငြိမ် ဖြစ်လာတတ်ပါတယ်။
ဒါကြောင့်မို့လို့ ဦးနှောက်ကို ပြန်လည်ပြုပြင်ဖို့ “Dopamine Fasting” လုပ်ဖို့ လိုအပ်လာတာပဲ ဖြစ်ပါတယ်။
Dopamine Fasting လို့ ပြောလိုက်တဲ့အတွက် ဦးနှောက်ထဲက ဒိုပါမင်းဓာတ်ကို လုံးဝမထွက်အောင် အငတ်ထားတာလို့ တချို့က ထင်တတ်ကြပါတယ်။ ဆေးပညာအရ ဦးနှောက်ထဲမှာ ဒိုပါမင်း ထွက်ရှိမှုကို လုံးဝရပ်တန့်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ့် Dopamine Fasting ရဲ့ ရည်ရွယ်ချက်က ဦးနှောက်ကို အလွန်အကျွံ လှုံ့ဆော်နေတဲ့ အလေ့အကျင့်တွေကို ခဏတာ ဖြတ်တောက်ပစ်ပြီး ဦးနှောက်ကို Reset ချပေးတာသာ ဖြစ်ပါတယ်။
Don’ts (ရှောင်ရန်များ)
- အစားအသောက် စားသုံးချိန်
ထမင်းစားနေချိန်၊ ကော်ဖီသောက်နေချိန်တွေမှာ ဖုန်းကြည့်တာ၊ သတင်းဖတ်တာမျိုး လုံးဝ မလုပ်ပါနဲ့။ - မျက်နှာပြင် နှစ်ခုပြိုင်တူ သုံးစွဲခြင်း (Dual-screening)
တီဗွီ သို့မဟုတ် ကွန်ပျူတာမှာ ရုပ်ရှင်ကြည့်နေရင်း လက်က ဖုန်းအပိုပွတ်တာမျိုးကို ရှောင်ကြဉ်ပါ။ - မနက်အိပ်ရာထချိန်
မနက်နိုးနိုးချင်း မျက်လုံးမပွင့်တပွင့်မှာတင် ဖုန်း notifications တွေကို လှမ်းစစ်တာမျိုး မလုပ်ပါနဲ့။
.
Dos (ဆောင်ရန်များ)
၁။ ၂ နာရီ စည်းမျဉ်းကို ကျင့်သုံးပါ။
မနက်နိုးနိုးချင်း ပထမဆုံး ၁ နာရီနဲ့ ညအိပ်ခါနီး နောက်ဆုံး ၁ နာရီကို ဖုန်းလုံးဝမကြည့်ဘဲ နေထိုင်ကြည့်ပါ။ ထမင်းစားချိန်တွေမှာလည်း ဖုန်းကြည့်ခြင်းကို လုံးဝရှောင်ကြဉ်ပြီး အစားအစာရဲ့ အရသာကိုပဲ အာရုံစိုက် စားသုံးပေးပါ။
၂။ Notification များကို ပိတ်ထားပါ။
စိတ်ကို အလိုလို ဖုန်းဆီရောက်မသွားစေဖို့ အလုပ်လုပ်ချိန် ဒါမှမဟုတ် အနားယူချိန်တွေမှာ အရေးမကြီးတဲ့ App တွေရဲ့ Notification တွေကို ပိတ်ထား (သို့မဟုတ်) ဖုန်းကို မျက်စိရှေ့ကနေ ဖယ်ထားပါ။
၃။ လက်တွေ့ကမ္ဘာမှာ အာရုံပြောင်းပါ။
နားနေချိန်မှာပါ ဖုန်း screen ကိုကြည့်မယ့်အစား တကယ့်လက်တွေ့ကမ္ဘာမှာ စာအုပ်ဖတ်တာ၊ အကြောဆန့် (Stretch) တာ၊ လမ်းလျှောက်တာ သို့မဟုတ် ကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုခုကို ပြန်လုပ်ကြည့်ပါ။
.
Dopamine Fasting ကို စနစ်တကျ လုပ်ဆောင်ပေးခြင်းဖြင့် –
- အာရုံစူးစိုက်မှု ပိုကောင်းလာခြင်း
- စိတ်ဖိစီးမှု လျော့ကျခြင်း
- အိပ်စက်ခြင်း အရည်အသွေး တိုးတက်လာခြင်း… စတဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရရှိလာမှာပါ။
နည်းပညာတွေ ပြည့်နှက်နေတဲ့ ခေတ်ကြီးထဲမှာ သင့်ဦးနှောက်ကို ခဏလောက် အနားပေးပြီး Dopamine Fasting နဲ့အတူ စိတ်စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းလိုက်ပါ…..။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


