အရင်က ရိုရိုကျိုးကျိုး အသက် ၅၀ ဝန်းကျင်၊ လူလတ်ပိုင်းအရွယ်တစ်ယောက်က ရုတ်တရက်ကြီး ယဉ်ကျေးမှုမရှိတော့ဘဲ စရိုက်ကြမ်းတမ်းလာတာ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့တာမျိုး ကြုံဖူးပါသလား။ ကျွန်တော်တို့ အများစုက ဒါကို “စိတ်ဖိစီးလို့ စိတ်ပြောင်းသွားတာ” ဒါမှမဟုတ် “အကျင့်စာရိတ္တ ပျက်ပြားသွားတာ” လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်တမ်းတော့ ဒါဟာ အကျင့်ပျက်သွားတာမဟုတ်ဘဲ ဦးနှောက်ရဲ့ ရှေ့ပိုင်းနဲ့ ဘေးပိုင်း (Frontal and Temporal lobes) တွေမှာရှိတဲ့ ဆဲလ်တွေ ပျက်စီး(ကျုံ့)သွားလို့ ဖြစ်ရတဲ့ “ရှေ့ဦးနှောက်ပိုင်းဆိုင်ရာ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ” (Frontotemporal Dementia – FTD) ကြောင့် ဖြစ်နိုင်ပါတယ်ဆိုတာလည်း သတိထားဖို့ လိုပါလိမ့်မယ်။
.

  • အခြား သတိမေ့ရောဂါများနဲ့ ကွဲပြားတဲ့ အချက် (၂) ချက်

၁။ အသက်အရွယ် နုပျိုချိန်မှာ ဖြစ်ခြင်း (Younger Onset Age)
အယ်လ်ဇိုင်းမားရောဂါဟာ များသောအားဖြင့် အသက် ၆၅ နှစ်ကျော်မှ ဖြစ်တတ်ပေမယ့်၊ FTD ရောဂါကတော့ အသက် ၄၅ နှစ်ကနေ ၆၅ နှစ်ကြား လူလတ်ပိုင်း အလုပ်လုပ်နိုင်စွမ်း အကောင်းဆုံး အရွယ်တွေမှာ အဓိကဖြစ်ပွားတတ်ပါတယ်။

၂။ မှတ်ဉာဏ်က အကောင်းအတိုင်း ရှိနေသေးခြင်း (Memory Preservation)
ရောဂါအစောပိုင်းမှာ လူနာဟာ လွန်ခဲ့တဲ့ ၅ မိနစ်ကအကြောင်းကို ကောင်းကောင်းမှတ်မိနေပါသေးတယ်။ လမ်းလည်း မပျောက်ပါဘူး။ ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ ဒါကို ဦးနှောက်မှာဖြစ်တဲ့ ပြဿနာလို့ လုံးဝရိပ်မိဖို့ ခက်ခဲကြပါတယ်။
.

  • အဓိက တွေ့ရတတ်သည့် ရောဂါလက္ခဏာများ

၁။ ပတ်ဝန်းကျင်ကို အရှက်အကြောက် မရှိတော့ခြင်း (Social Disinhibition)
ဦးနှောက်ရဲ့ စိတ်လှုပ်ရှားမှုနဲ့ အပြုအမူကို ထိန်းချုပ်တဲ့အပိုင်း ပျက်စီးသွားတာဖြစ်တာမို့ လူနာဟာ လူပုံအလယ်မှာ မသင့်တော်တဲ့ စကားလုံးတွေ ပြောတာ၊ အဝတ်တွေချွတ်ပစ်တာ၊ သူစိမ်းတွေကို ရုတ်တရက်ကြီး ထဆဲဆိုတာ ဒါမှမဟုတ် ပိုက်ဆံမပေးဘဲ ဆိုင်ကပစ္စည်းကို ယူလာတာ စတဲ့ အရှက်အကြောက်မဲ့တဲ့ အပြုအမူတွေကို လုပ်လာတတ်ပါတယ်။

၂။ ကိုယ်ချင်းစာစိတ် လုံးဝပျောက်ဆုံးသွားခြင်း (Loss of Empathy)
မိမိရဲ့ ဇနီး၊ ခင်ပွန်း သို့မဟုတ် သားသမီးတွေ ငိုကြွေးပူဆွေးနေရင်တောင် ဘာမှမခံစားရဘဲ လှောင်ပြောင်တာမျိုး၊ လုံးဝအေးစက် ဥပေက္ခာပြုတာမျိုး ဖြစ်လာပါတယ်။ စိတ်နှလုံး ကြမ်းတမ်းသွားတာလို့ အထင်ခံရတတ်ပါတယ်။

၃။ စားသောက်မှုပုံစံ ထူးဆန်းလာခြင်း (Hyperorality)
အချိုတွေကို အလွန်အကျွံ စားလာတာ၊ ဆာသည်ဖြစ်စေ မဆာသည်ဖြစ်စေ ပါးစပ်ထဲ အမြဲတမ်း တစ်ခုခု ကောက်ထည့်ဝါးနေတာ၊ တချို့လူနာတွေမှာဆိုရင် စားစရာမဟုတ်တဲ့ ပစ္စည်းတွေပါ ဝါးစားနေတာမျိုး ရှိတတ်ပါတယ်။

၄။ ထပ်တလဲလဲ ပြုလုပ်ခြင်း (Perseverative Behavior)
စကားလုံးတစ်လုံးတည်းကိုပဲ ထပ်ခါတလဲလဲ ပြောနေတာ၊ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ ပတ်လျှောက်နေတာမျိုးတွေ ပြုမူနိုင်ပါတယ်။
.

  • မိသားစုများ သိထားဖို့ မှာချင်တာလေးရှိပါတယ်။

ဒီရောဂါဟာ လူလတ်ပိုင်းတွေမှာ ဖြစ်တာကြောင့် အိမ်ထောင်ရေး ပြိုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း စတဲ့ လူမှုရေးပြဿနာတွေကို အရင်ဆုံး ရင်ဆိုင်ရလေ့ရှိပါတယ်။ ရောဂါကို အမြစ်ပြတ်ကုသဖို့ ဆေးမရှိသေးသလို အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေကို ထိန်းချုပ်ဖို့ အာရုံကြောနဲ့ စိတ်ကျန်းမာရေး ဆရာဝန်ကြီးများနဲ့ စနစ်တကျ တိုင်ပင်ဖို့ လိုပါလိမ့်မယ်။

မိသားစုဝင်တွေအနေနဲ့ အဓိက နားလည်ပေးရမှာက “လူနာက သက်သက်မဲ့ စရိုက်ဆိုးပြနေတာ မဟုတ်ဘဲ သူ့ရဲ့ဦးနှောက်က အပြုအမူ ထိန်းချုပ်တဲ့ စနစ်ကြီး ပျက်စီးသွားလို့” ဆိုတဲ့ အချက်ကို နားလည်လက်ခံပေးဖို့ ဖြစ်ပါတယ်….။ 🙏

Reference

  • Rascovsky K, Hodges JR, Knopman D, Mendez MF, Seeley JH, Van Swieten JC, et al. Sensitivity of revised diagnostic criteria for the behavioural variant of frontotemporal dementia. Brain. 2011;134(9):2456-2477.

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here