“ပိတ်လို့မရတဲ့ ဦးနှောက်ထဲက ရေဒီယို”

ခင်ဗျားတို့ သေချာအာရုံစိုက်ရမယ့် အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်နေတဲဲ့ အချိန်မျိုးကျမှ ရုတ်တရက်ကြီး ခေါင်းထဲမှာ မနက်က ကားပေါ်မှာ ကြားခဲ့တဲ့ သီချင်းတစ်ပိုဒ် ဒါမှမဟုတ် Facebook ပွတ်ရင်း ကြားလိုက်တဲ့ ၁၅ စက္ကန့်စာ သီချင်းအပိုဒ်လေး တစ်ခုက ရောက်လာတယ်။ “အာဘဲဟချ် ခု မစ်ဆက်ဆဲ uhuk, huk uhuk၊ ခမာဆန် လယ် ဘီ ဆတ်ချဲ mhm, ahem hem” ဆိုတဲ့ တစ်ပိုဒ်တည်းကိုပဲ ခေါင်းထဲမှာ Loop ပတ်ပြီး ထပ်ခါထပ်ခါ ကြားနေရတာမျိုး။

ကိုယ်က အဲဒီသီချင်းကို သဘောကျလှလို့လည်း မဟုတ်ဘူး။ ပိုဆိုးတာက သီချင်းတစ်ပုဒ်လုံး စာသားကိုလည်း မရဘူး။ အဲဒီ စက္ကန့်ပိုင်းစာ စာသားလေး တစ်ပိုဒ်တည်းကပဲ ခွေထစ်နေတဲ့ ကက်ဆက်အဟောင်းကြီးလို ထပ်တလဲလဲ မြည်နေတော့တာ။ ဖျောက်ဖျက်ပစ်လို့လည်း မရ၊ အခြားအာရုံ ပြောင်းလို့လည်း မရနဲ့ အဲဒီအချိန် ဘယ်လောက် ဒေါသထွက်ဖို့ ကောင်းလဲ။

အဲဒါကို အနောက်နိုင်ငံတွေမှာတော့ “Earworm” လို့ ခေါ်ကြပါတယ်။ နားထဲ တီကောင် ဝင်သွားတာတော့ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ဦးနှောက်က ဇာတ်လမ်းကို အဆုံးထိ မသိရရင် မနေနိုင်တဲ့ဝေဒနာ ဖြစ်နေတာ။

ဒီလိုဗျ ဦးနှောက်ဆိုတဲ့ကောင်က အစရှိရင် အဆုံးသတ် ရှိရမယ်လို့ ခံယူထားတာ။ မနက်က ကားပေါ်မှာဖြစ်ဖြစ်၊ လမ်းကြုံလို့ဖြစ်ဖြစ် သီချင်းသံကြားလိုက်ရတော့ ဦးနှောက်ရဲ့ အကြားအာရုံမှတ်ဉာဏ်က အဲဒီသီချင်းကို ဖိုင်တစ်ခုအနေနဲ့ ဖွင့်လိုက်တယ်။ ဒါပေမယ့် ကားပေါ်ကနေ ဆင်းလိုက်တော့ဖြစ်ဖြစ်၊ ဖုန်းကို ပွတ်ဆွဲပြီး ကျော်လိုက်တော့ဖြစ်ဖြစ် သီချင်းက ဆုံးအောင် မကြားလိုက်ရဘူးလေ။

အဲဒီအခါ ဦးနှောက်က “ဟင်… ဇာတ်လမ်းက မပြီးသေးဘူးလေ။ နောက်ဆက်တွဲ ဘာစာသား လာမလဲ” ဆိုပြီး ဟာတာတာကြီး ဖြစ်ကျန်ခဲ့တာ။

ကွက်လပ်ကို ဖြည့်ချင်လွန်းလို့ သူမှတ်မိတဲ့ တစ်ပိုဒ်တည်းကိုပဲ အစကနေ ပြန်ပြန်ဖွင့်ပြီး နောက်ဆက်တွဲ စာသားကို ရှာတော့တာပဲ။ ကိုယ်ကလည်း ကျန်တဲ့စာသားကို မသိ။ ဦးနှောက်ကလည်း သီချင်းကို အဆုံးသတ်ချင်နေတော့ မပြီးမချင်း အဲဒီတစ်ပိုဒ်တည်းကိုပဲ ခေါင်းထဲမှာ ရေဒီယိုကြီးပိတ်မရသလို အတင်းဆက်တိုက် ဖွင့်နေတော့တာပေါ့။

ဒါကြောင့် နောက်တစ်ခါ ခေါင်းထဲမှာ သီချင်းတစ်ပိုဒ်တည်း လည်နေလို့ စိတ်ညစ်ရရင် “ငါ့ဦးနှောက်တော့ သီချင်းအဆုံးသတ်ကို မသိလို့ Error တက်နေပြီ” လို့သာ သဘောပေါက်လိုက်ပါ။

အဲဒီ ခေါင်းထဲက ရေဒီယိုကိုပိတ်ချင်ရင် အကောင်းဆုံး နည်းလမ်းက အဲဒီသီချင်းကို အွန်လိုင်းမှာရှာပြီး အစကနေ အဆုံးထိ တစ်ပုဒ်လုံး သေချာနားထောင်ပစ်လိုက်တာပါပဲ။ အဲဒီတော့မှ ဦးနှောက်က “သြော်… ဇာတ်လမ်းက ဒီလိုပြီးသွားတာကိုး” ဆိုပြီး သဘောပေါက်ကာ အဲဒီဖိုင်ကို အပြီးအပိုင် ပိတ်ချလိုက်ပါလိမ့်မယ်။ တစ်ပုဒ်လုံးမရခင်တော့ ခေါင်းထဲမှာ သီချင်းသံစဥ်တွေက ဝဲလည်ဝဲလည်နဲ့ လိုက်လိုက်ဆိုနေတာ။ တစ်ပုဒ်လုံးလည်းရသွားရော ဆိုချင်စိတ်က ပျောက်သွားရော။ ဟုတ်တယ်မလား။

(ဒါနဲ့ အပေါ်ဆုံးက သီချင်းနာမည်က OBH Combi Sachet တဲ့နော်)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here