မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဆိုတာ ဘာလဲ။
အသက်ကြီးလာတဲ့အခါ အရာရာကို မေ့လျော့လာတာဟာ လူတွေရဲ့သဘာဝပဲလို့ ကျွန်တော်တို့ အများစု ထင်တတ်ကြပါတယ်။ ဒါပေမယ့် လူကြီးသူမတွေမှာ ဖြစ်တတ်တဲ့ အလွန်အကျွံ မေ့လျော့လာတာ၊ စိတ်နေစိတ်ထား ပြောင်းလဲလာတာတွေဟာ သာမန်အသက်ကြီးလို့ ဖြစ်တာတင်မဟုတ်ဘဲ “မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ” (Dementia) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဆိုတာ ရောဂါတစ်ခုတည်းကို ခေါ်တာမဟုတ်ပါဘူး။ ဦးနှောက်ဆဲလ်တွေ ပျက်စီးကုန်လို့ ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ တွေးခေါ်မှုပိုင်းဆိုင်ရာ လက္ခဏာ ပြဿနာရပ်များကို စုစည်းပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ (ဥပမာ – ဖျားတယ်ဆိုတာဟာ အကြောင်းရင်းမျိုးစုံကြောင့် ဖြစ်နိုင်သလိုမျိုးပေါ့။)
.
သာမန်အသက်ကြီးလို့ မေ့တာနဲ့ မှတ်ဉာဏ်ချွတ်ယွင်းတာ ဘာကွာတာလဲလို့ မေးလာမယ်ဆိုပါတော့။
သာမန် အသက်ကြီးခြင်းလို့ မေ့တယ်ဆိုတာမျိုးက သော့ဘယ်မှာထားမိလဲ ခဏမေ့သွားပေမယ့် နောက်မှ ပြန်သတိရလာတာမျိုး၊ လူတစ်ယောက်ရဲ့ နာမည်ကို ချက်ချင်းစဉ်းစားလို့ ထွက်မလာပေမယ့် ခဏနေရင်ကျတော့ ပြန်မှတ်မိသွားတာမျိုး ဖြစ်ပါတယ်။ နေ့စဉ်လူမှုဘဝကို ထိခိုက်မှုမရှိပါဘူး။
မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဆိုတာကတော့ သော့ကို ဘာအတွက်သုံးရမှန်း မသိတော့တာမျိုး၊ အမြဲသွားနေကျလမ်းမှာ လမ်းပျောက်သွားတာမျိုး၊ ရင်းနှီးပြီးသား မိသားစုဝင်တွေရဲ့ မျက်နှာကို မှတ်မိပေမယ့် ဘယ်သူမှန်း ခွဲခြားလို့မရတော့တာမျိုးပါ။ ပိုပြီးဆိုးလာတဲ့ အခြေအနေမှာဆိုရင် နေ့စဉ် အဝတ်အစားဝတ်ခြင်း၊ ထမင်းစားခြင်းကအစ မိမိဘာသာ မလုပ်ဆောင်နိုင်တော့ပါဘူး။
…
…
- အဓိက တွေ့ရတတ်တဲ့ ရောဂါလက္ခဏာများ
၁။ မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေကို မေ့လျော့လာတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အကြောင်းအရာတွေကို အတိအကျ မှတ်မိနေတတ်ပေမယ့် ဒီနေ့မနက် ဘာဟင်းနဲ့ ထမင်းစားခဲ့လဲဆိုတာမျိုးကို လုံးဝ မမှတ်မိတော့တာမျိုးပါ။
၂။ စကားပြောဆို ဆက်သွယ်ဖို့ ခက်ခဲလာတယ်။
ကိုယ်ပြောချင်တဲ့ စကားလုံးကို ရှာမရတာ၊ တစ်ဖက်လူပြောတာကို နားမလည်တော့တာမျိုးပါ။
၃။ အချိန်နှင့်နေရာ ဝေခွဲမရဖြစ်တတ်တယ်။
ဒီနေ့က ဘာနေ့ဆိုတာ၊ ဘယ်ခုနှစ်၊ ဘယ်ရက် ရောက်နေမှန်း မသိတော့တာ၊ ကိုယ့်အိမ်ထဲမှာ ရှိနေပါလျက် “အိမ်ပြန်ချင်တယ်” လို့ ခဏခဏ ပြောဆိုတာမျိုး။
၄။ အပြုအမူနှင့် စိတ်နေစိတ်ထား ပြောင်းလဲလာတတ်တယ်။
အကြောင်းရင်းမရှိဘဲ ဒေါသထွက်လွယ်လာတာ၊ စိုးရိမ်စိတ် လွန်ကဲတာ၊ သံသယစိတ် များလာတာမျိုး (ဥပမာ – တစ်ယောက်ယောက်က ကိုယ့်ပစ္စည်းကို ခိုးယူသွားတယ်လို့ စွပ်စွဲတာမျိုးတွေပါ)။
.
- ဘာကြောင့် ဖြစ်ရတာလဲ။
ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောဆဲလ်တွေ ပျက်စီးပြီး တစ်ခုနဲ့တစ်ခု ဆက်သွယ်မှု ပြတ်တောက်သွားတဲ့အတွက် ဖြစ်ရတာပါ။ (ဒီနေရာမှာ ကျွန်တော့်လူနာလေးတွေ ပြောလေ့ရှိတဲ့ အာရုံကြောအားနည်းလို့ဆိုတဲ့ ကြွက်သားညောင်းညာခြင်းတွေနဲ့ ဘာမှမဆိုင်ကြောင်း သတိချပ်ပေးစေလိုပါတယ်။) ဒီလို ပျက်စီးရတဲ့ အကြောင်းရင်းတွေအပေါ်မှာ မူတည်ပြီး အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease)၊ သွေးကြောပိတ်/ပေါက်ခြင်းကြောင့်ဖြစ်သော သတိမေ့ရောဂါ (Vascular Dementia) စသဖြင့် အမျိုးအစားတွေ ကွဲပြားသွားပါတယ်။
.
- ဆရာဝန်နှင့် မည်သည့်အချိန်တွင် ပြသသင့်သလဲ။
အပေါ်ကပြောထားတဲ့ လက္ခဏာတွေထဲက တစ်ခုခုဟာ ကိုယ့်ရဲ့ မိဘ၊ အဘိုးအဘွားတွေမှာ ထင်ထင်ရှားရှား ဖြစ်လာပြီး နေ့စဉ်လူမှုဘဝကို နှောင့်ယှက်လာပြီဆိုရင် “အသက်ကြီးလို့ပါလေ” ဆိုပြီး ပစ်မထားသင့်ပါဘူး။
…
…
စောစောစီးစီး ရောဂါရှာဖွေပြီး ကုသမှုခံယူခြင်းက ရောဂါတိုးပွားမှုကို နှေးကွေးစေရုံတင်မကဘဲ လူနာရဲ့ လူမှုဘဝ အရည်အသွေးကိုလည်း အများကြီး တိုးတက်မြင့်မားစေနိုင်ပါတယ်…..။ 🙏
Reference
- American Psychiatric Association. Diagnostic and statistical manual of mental disorders: DSM-5. 5th ed. Arlington, VA: American Psychiatric Association; 2013.
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.



