“အစားကောင်းမှ တစ်နပ်၊ အအိပ်ကောင်းမှ တစ်သက်” ဆိုတဲ့ မြန်မာစကားပုံရှိတာကိုးဗျ။ စာရှုသူတို့တော့ မသိဘူး။ ကျွန်တော်ကတော့ အသက်ကြီးလာလေ အိပ်တာကို မက်မောလာလေပါပဲဗျာ။
ကျန်းမာပျော်ရွှင်တဲ့ဘဝကို တည်ဆောက်တဲ့နေရာမှာ အိပ်စက်ခြင်းဟာလည်း အစားအသောက်လိုပဲ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ လူအများစုက အိပ်ပျော်နေချိန်ကို ခန္ဓာကိုယ်ကြီးက ဘာမှမလုပ်ဘဲ နားနေတဲ့အချိန်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အိပ်တဲ့အချိန်မှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်က မနက်ဖြန်အတွက် အရေးကြီးတဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေကြတာပါတဲ့။
▪️ အိပ်စက်ခြင်းအဆင့်ဆင့်နှင့် ဦးနှောက်၏ လုပ်ဆောင်ချက်
ကျွန်တော်တို့ အိပ်ပျော်သွားတဲ့အခါ ဦးနှောက်ထဲမှာရှိတဲ့ “ကွန်ရက်အာရုံကြောစနစ်” (Reticular Formation) က ပတ်ဝန်းကျင်ကနေလာတဲ့ အသံတွေ၊ အလင်းရောင်တွေကို ဖြတ်တောက်ပေးလိုက်တယ်။ အဲဒီမှာ အေးအေးချမ်းချမ်းလေး အိပ်ပျော်သွားတာပေါ့နော်။ အိပ်စက်ခြင်းမှာ အဓိကအားဖြင့် အဆင့်နှစ်ဆင့် ရှိပါတယ်။
၁။ အိပ်မက်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည့်အဆင့် (Non-REM Sleep)။
ဒီအဆင့်မှာ ခန္ဓာကိုယ်က သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေကို ချပေးပြီး အနားယူတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်ခဲ့သမျှကို ပြန်လည်ပြုပြင်ပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ အဆင့်ဖြစ်တာကြောင့် ခန္ဓာကိုယ်ကြီးထွားမှုနဲ့ ကျန်းမာရေးကောင်းဖို့အတွက် အရေးကြီးပါတယ်။
.
၂။ အိပ်မက်မက်ပြီး မျက်လုံးလှုပ်ရှားသည့်အဆင့် (REM Sleep)။
ဒီအဆင့်မှာကျတော့ ခန္ဓာကိုယ်က လှုပ်ရှားလို့တော့ မရဘူးပေါ့။ ဒါပေမယ့် ဦးနှောက်ကကျတော့ နိုးကြားနေသလိုမျိုး အလုပ်လုပ်နေတယ်။ ဒီအခြေအနေက အိပ်မက်မက်တဲ့ အချိန်ပေါ့။ ဒီအချိန်မှာ တစ်နေ့တာ သင်ယူခဲ့သမျှ၊ ကြုံတွေ့ခဲ့သမျှ မှတ်ဉာဏ်တွေကို ဦးနှောက်ထဲမှာ စနစ်တကျ မှတ်တမ်းတင်သိမ်းဆည်းပေးနေပြီဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတဲ့ အဆင့်လည်းဖြစ်ပါတယ်တဲ့။
…
…
▪️ ကောင်းမွန်စွာ အိပ်စက်ခြင်း၏ အကျိုးကျေးဇူးများ
ညဘက်မှာ (၇) နာရီမှ (၈) နာရီအထိ ဝဝလင်လင်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုရင် ဒီအကျိုးကျေးဇူးတွေရနိုင်ပါတယ်။
၁။ ဦးနှောက်စွမ်းရည် တိုးတက်ခြင်း
မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်းပြီး အာရုံစူးစိုက်မှုနဲ့ ဖြတ်ထိုးဉာဏ် တိုးတက်ကောင်းမွန်စေပါတယ်။
၂။ ရောဂါဘယများ ကာကွယ်ပေးခြင်း
နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် အဝလွန်ခြင်းတွေကနေ ကာကွယ်ပေးပါတယ်။
၃။ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း
စိတ်တိုလွယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတွေကို လျှော့ချပေးပြီး စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါတယ်။
.
▪️ အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ
အပြန်အလှန်အားဖြင့်ကတော့ အိပ်ရေးပျက်၊ အိပ်ရေးမဝရင် ရေရှည်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကျဆင်းစေပြီး အလွယ်တကူဖျားနာတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါတင်မက အလုပ်ခွင်တွေ၊ ကားမောင်းချိန်တွေမှာလည်း အာရုံမစိုက်နိုင်ဘဲ မတော်တဆထိခိုက်မှု ဖြစ်စေနိုင်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီအပြင်ကိုမှ အသားအရေကိုလည်း အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်တဲ့။ ဒါကြောင့် ချောချောလေးဖြစ်ချင်တယ်ဆိုရင် အိပ်ရေးလေးဝဖို့တော့ လိုမယ်နော်။
.
▪️ ကောင်းမွန်စွာ အိပ်ပျော်စေရန် လိုက်နာရမည့်အချက်များ
အိပ်ပျော်ရန် ခက်ခဲသူများအနေဖြင့် အောက်ပါအရိုးရှင်းဆုံး နေထိုင်မှုပုံစံများကို ပြောင်းလဲနိုင်ပါသည်။
၁။ အချိန်မှန်မှန် အိပ်ပါ။
နေ့တိုင်း (ပိတ်ရက်အပါအဝင်) အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်တွေကို ပုံသေသတ်မှတ်ပါ။
၂။ ဖုန်းနှင့် နည်းပညာပစ္စည်းများ ရှောင်ပါ။
အိပ်ခါနီး အနည်းဆုံး နာရီဝက်လောက်ကစပြီး ဖုန်း၊ ကွန်ပျူတာ သုံးခြင်းကို ရှောင်ကြဉ်ပါ။ ဖုန်းကထွက်လာတဲ့ အပြာရောင်အလင်းတန်းက အိပ်ပျော်စေတဲ့ ဟော်မုန်းကို ပိတ်ပင်တတ်တာကြောင့်ပါ။
၃။ ကဖင်းဓာတ် လျှော့ချပါ။
မွန်းလွဲပိုင်းနောက်ပိုင်းတွင် ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်များ သောက်သုံးခြင်းကို ရှောင်ပါ။
၄။ ပတ်ဝန်းကျင်ကို ပြင်ဆင်ပါ။
အိပ်ခန်းကို မှောင်နေအောင်၊ တိတ်ဆိတ်နေအောင်၊ အေးမြနေအောင် ထားပါ။
စင်စစ်အားဖြင့်ကတော့ အိပ်စက်ခြင်းဆိုတာ အချိန်ဖြုန်းတာမဟုတ်ဘဲ ဘဝသက်တမ်းကို ပိုမိုရှည်ကြာစေတဲ့၊ အရည်အသွေးမြင့်မားစေတဲ့ သဘာဝကပေးသော အခမဲ့ဆေးကောင်းတစ်ခွက် ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီနေ့ညကစပြီး အိပ်စက်ခြင်းကို ဂရုစိုက်ကြပါ၊ မိမိတို့ရဲ့ အိပ်စက်မှုပုံစံကို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ဗျာ…..။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


