လူဝီဘော်ဒီ (Lewy Bodies) သတိမေ့ရောဂါနှင့် ထူးဆန်းသော လက္ခဏာများ

ဒီတစ်ခေါက်မှာတော့ ရှေ့ကတင်ပြခဲ့တဲ့ သတိမေ့ရောဂါတွေနဲ့မတူဘဲ နည်းနည်း ထူးထူးဆန်းဆန်းဖြစ်တဲ့ စိတ်ရောဂါလိုလို၊ လေဖြတ်ချင်သလိုလိုနဲ့ လက္ခဏာချင်း အလွန်ရောထွေးတတ်တဲ့ “လူဝီဘော်ဒီ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ” (Dementia with Lewy Bodies – DLB) အကြောင်းကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီရောဂါဟာ ဦးနှောက်ဆဲလ်တွေထဲမှာ “လူဝီဘော်ဒီ” လို့ခေါ်တဲ့ (alpha synuclein) ပရိုတင်းအလုံးလေးတွေ ပုံမှန်မဟုတ်ဘဲ သွားပြီးစုပုံနေလို့ ဖြစ်ရတာပါ။ ထူးခြားချက်ကတော့ ရောဂါအစောပိုင်းမှာ မေ့တာထက် ထူးဆန်းတဲ့ လက္ခဏာ (၃) မျိုးကို အဓိက ပြတတ်ပါတယ်။

  • ထူးခြားသော လက္ခဏာ (၃) မျိုး

၁။ မရှိသည်များကို ကွက်ကွက်ကွင်းကွင်း မြင်ရခြင်း (Visual Hallucinations)

ဒီရောဂါသည်တွေဟာ မရှိတာတွေကို တကယ်ရှိသလို မျက်စိထဲမှာ ထင်ထင်ရှားရှား မြင်တတ်ကြပါတယ်။ ဥပမာ။ အိမ်ထဲမှာ လူစိမ်းတွေ ဝင်နေတယ်၊ ကလေးတွေ ဆော့နေတယ် ဒါမှမဟုတ် တိရစ္ဆာန်လေးတွေ၊ ပိုးကောင်လေးတွေ သွားနေတယ်ဆိုပြီး အရှိအတိုင်း ကွက်ကွက်ကွင်းကွင်းမြင်ပြီး ပြောဆိုတတ်ကြပါတယ်။ (ဒါက လူနာဟာ စိတ်ကစဉ့်ကလျားဖြစ်တာမဟုတ်ဘဲ ဦးနှောက်ရဲ့ အမြင်အာရုံပိုင်းဆိုင်ရာဆဲလ်တွေ ပျက်စီးလို့ ဖြစ်တာဆိုတာ နားလည်ထားရပါမယ်။)
.

၂။ ပါကင်ဆန်ရောဂါကဲ့သို့ ခြေလက်တုန်ပြီး တောင့်တင်းလာခြင်း (Parkinsonism)

လူနာဟာ မှတ်ဉာဏ်မကောင်းရုံတင်မကဘဲ ကိုယ်ခန္ဓာ လှုပ်ရှားမှုပိုင်းပါ သိသိသာသာ ပြောင်းလဲလာပါတယ်။ လက်ချထားချိန်မှာ လက်တွေတုန်နေတာ၊ ကိုယ်ခန္ဓာနဲ့ ခြေလက်တွေ တောင့်တင်းနေပြီး လှုပ်ရှားရခက်တာ၊ လမ်းလျှောက်ရင် ခြေလှမ်းနှေးနှေး တရွတ်တိုက်ပြီး ရှေ့ကိုကိုင်းကိုင်းကြီး လျှောက်တာတွေကို ကြုံတွေ့ရပါတယ်။
.

၃။ သတိအခြေအနေ တစ်နေ့အတွင်းမှာ မတည်မငြိမ် ဖြစ်ခြင်း (Fluctuating Cognition)

လူနာရဲ့ ဦးနှောက်ဟာ တစ်နေ့တည်းမှာတင် အတက်အကျ အလွန်များပါတယ်။ မနက်ပိုင်းမှာ မိသားစုဝင်တွေကို ကောင်းကောင်းမှတ်မိပြီး စကားတွေ အကောင်းအတိုင်း ပြောနိုင်ပေမယ့် ညနေပိုင်း ရောက်တဲ့အခါ ဘာမှမသိတော့ဘဲ ငေးငိုင်သွားတာမျိုး ဒါမှမဟုတ် လုံးဝ စိတ်ရှုပ်ထွေးသွားတာမျိုးဖြစ်ပြီး အပြောင်းအလဲ မြန်တတ်ပါတယ်။

  • အရေးကြီးသတိပေးချက် – စိတ်ငြိမ်ဆေးများနှင့် ဓာတ်မတည့်ခြင်း (Antipsychotic Sensitivity)

ဒါဟာ အသက်အန္တရာယ်ရှိနိုင်တာမို့ မိသားစုဝင်တွေရော၊ ပြုစုသူတွေပါ အထူးသတိထားရမည့် အချက် ဖြစ်ပါတယ်။

လူနာက မရှိတာတွေမြင်ပြီး ယောင်ယမ်းအော်ဟစ်တဲ့အခါ မိသားစုဝင်တွေက စိတ်ကျန်းမာရေးဆေး သို့မဟုတ် အိပ်ဆေး၊ စိတ်ငြိမ်ဆေးတွေကို အလွယ်တကူ တိုက်မိတတ်ကြပါတယ်။ လူဝီဘော်ဒီ ရောဂါသည်တွေဟာ ဒီလိုဆေးမျိုးတွေနဲ့ ပြင်းထန်စွာ ဓာတ်မတည့်တဲ့ သဘာဝ (Extreme Sensitivity) ရှိပါတယ်။

ဒီဆေးတွေကို သောက်မိပါက လူနာဟာ စိတ်ငြိမ်သွားမယ့်အစား ခြေလက်တွေ လုံးဝ တောင့်တင်းသွားခြင်း၊ လုံးဝ လမ်းမလျှောက်နိုင်တော့ခြင်း၊ သတိလစ်ခြင်းနဲ့ အသက်အန္တရာယ် ထိခိုက်သည်အထိ ရုတ်တရက် အခြေအနေတွေ ဆိုးရွားသွားတတ်ပါတယ်။
.

  • အကြံပြုချက်လေးတစ်ခုအနေနဲ့ ပြောရရင် . . .

လူနာက မရှိတာတွေ မြင်နေရတဲ့အခါ “မရှိဘူး၊ ရူးနေလား” ဆိုပြီး အတင်းငြင်းခုံတာမျိုး မလုပ်ပါနဲ့။ ငြင်းခုံတာက လူနာကို ပိုပြီး စိုးရိမ်စိတ်များပြီး တုန်လှုပ်စေပါတယ်။ “အဘိုး/အဘွား ဘာမှမစိုးရိမ်နဲ့၊ သား/သမီး ဘေးမှာရှိတယ်” ဆိုပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးတာမျိုးကသာ အကောင်းဆုံးဖြစ်ပါတယ်။

ဆရာဝန်နဲ့ ပြသတဲ့အခါမှာလည်း လူနာမှာ ခြေလက်တုန်ခြင်း၊ တောင့်တင်းခြင်းနဲ့ မရှိတာမြင်ရခြင်း စတဲ့ လက္ခဏာတွေရှိကြောင်း သေသေချာချာ ထည့်သွင်းပြောပြဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ဆရာဝန်က ဘေးထွက်ဆိုးကျိုးကင်းမယ့် မှန်ကန်တဲ့ ဆေးဝါးကို ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 🙏

Reference

  • McKeith IG, Boeve BF, Dickson DW, Halliday G, Taylor JP, Weintraub D, et al. Diagnosis and management of dementia with Lewy bodies: Fourth consensus report of the DLB Consortium. Neurology. 2017;89(1):88-100.

LEAVE A REPLY

Please enter your comment!
Please enter your name here