သင်္ကြန်တွင်းပဲဖြစ်ဖြစ်၊ သီတင်းကျွတ်မှာပဲဖြစ်ဖြစ်၊ နှစ်သစ်ကူးမှာပဲဖြစ်ဖြစ် လူကြီးသူမတွေကို ကန်တော့တဲ့အခါ ဒါမှမဟုတ် မိတ်ဆွေအချင်းချင်း ဆုတောင်းပေးကြတဲ့အခါ ကျွန်တော်တို့ ပါးစပ်ဖျားမှာ အမြဲတမ်း အသင့်ရှိနေတဲ့ ဆုတစ်ဆု ရှိတယ်။ အားလုံးလည်း အလွတ်ရနေကြတဲ့ “စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ” ဆိုတဲ့ ဆုပဲ။ သေချာ စဉ်းစားကြည့်ရင် ဒီဆုက ရိုးရှင်းပေမယ့် တကယ့်ကို လေးနက်တာဗျ။ ဘာလို့လဲဆိုတော့ စိတ်ဖြစ်ဖြစ် ကိုယ်ပဲဖြစ်ဖြစ် တစ်ခုတည်းကျန်းမာနေရုံနဲ့ မပြည့်စုံလို့ပဲ။
စဉ်းစားကြည့်လေ… လူတစ်ယောက်က ခန္ဓာကိုယ်ကြီးကတော့ သိပ်ကျန်းမာနေတာပဲ။ ဘာရောဂါမှ မရှိဘူး၊ သွေးတိုး ဆီးချိုလည်း မရှိဘူး။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်း ပူလောင်နေတယ်၊ စီးပွားရေး အဆင်မပြေလို့ သောကရောက်နေရတယ်၊ အကြွေးပူမိနေတယ် ဒါမှမဟုတ် အချစ်ရေးမှာ ကံမကောင်းလို့ လွမ်းဆွေးပူဆွေးနေရတယ်ဆိုရင် အဲဒီလူကို ကျန်းမာပျော်ရွှင်တဲ့သူလို့ ခေါ်လို့ရမလား။ မရဘူးဗျ။
အဲ… ပြောင်းပြန် ပြန်တွေးကြည့်ရအောင်။ စိတ်ကတော့ အင်မတန် ချမ်းသာနေတယ်။ ဘာသောကမှ မရှိဘူး။ လောဘ ဒေါသတွေလည်း ကင်းစင်နေတယ်။ ဒါပေမယ့် ခုတင်ပေါ်မှာ လေဖြတ်ပြီး လဲနေတယ် ဒါမှမဟုတ် ကင်ဆာရောဂါဝေဒနာကို အလူးအလဲ ခံစားနေရတယ်ဆိုရင်ရော အဲဒီဘဝက အဆင်ပြေပါ့မလား။ မပြေပြန်ဘူးဗျ။ တရားရနေတဲ့ ရဟန္တာတွေလောက်ပဲ စိတ်နဲ့ကိုယ်ကို ခွဲခြားပြီး ဝေဒနာကို အံတုနိုင်မှာ။ ပုထုဇဉ် လူသားတွေဖြစ်တဲ့ ကျွန်တော်တို့အဖို့ကတော့ ကိုယ်လက်လေး နာတာနဲ့တင် စိတ်က မကြည်တော့ဘူး မဟုတ်လား။ ဒါကြောင့်မို့လို့ စိတ်နဲ့ ရုပ်ဆိုတာ၊ စိတ်နဲ့ ခန္ဓာဆိုတာ ခွဲခြားလို့ မရအောင် ဆက်စပ်နေပါတယ်။
.
- စိတ်ကနေ ခန္ဓာကို လှည့်စားခြင်း
အရင်ဆုံး စိတ်ကနေ ခန္ဓာကိုယ်ကို ဘယ်လို ဒုက္ခပေးသလဲဆိုတာ ကြည့်ရအောင်။ ခင်ဗျား အလုပ်မှာ အထက်လူကြီးနဲ့ အဆင်မပြေဘူး၊ အလုပ်တွေ အရမ်းများပြီး deadline တွေကလည်း ကပ်နေပြီ၊ စိတ်တွေ အရမ်းဖိစီးနေပြီ ဆိုပါစို့။ အဲဒီ စိတ်ဖိစီးမှုက ခေါင်းထဲမှာတင်၊ အတွေးထဲမှာတင် ရပ်မနေဘူးဗျ။ သူက ခန္ဓာကိုယ်အနှံ့ကို လှည့်လည်သွားလာတော့တာပဲ။
အရင်ဆုံး အစာအိမ်ထဲကို ဆင်းသွားတယ်။ အစာအိမ်က အက်ဆစ်တွေ အလွန်အကျွံ ထွက်လာပြီး အစာအိမ်နာတာ၊ ရင်ပူတာတွေ ဖြစ်လာတယ်။ စိတ်ပူစရာတစ်ခုခု ရှိလာရင် ဥပမာ – စာမေးပွဲဖြေခါနီးဖြစ်ဖြစ်၊ အရေးကြီးတဲ့ အင်တာဗျူး ဝင်ခါနီးဖြစ်ဖြစ် ဗိုက်ထဲက ရစ်နာလာတာမျိုး၊ အိမ်သာ ခဏခဏ သွားချင်တာမျိုး ကြုံဖူးကြတယ် မဟုတ်လား။ ဒါကို ဆေးပညာမှာတော့ Gut-Brain Axis (အူလမ်းကြောင်းနဲ့ ဦးနှောက် ဆက်စပ်မှု) လို့ ခေါ်ကြတာပေါ့။
စိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေကို ကြည့်ဗျာ။ သူတို့က စိတ်မပျော်ရုံ၊ ဝမ်းနည်းရုံတင် မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကပါ လေးလံနေတာ။ မနက် အိပ်ရာထဖို့ကို မနည်းရုန်းနေရတယ်။ ဘာအလုပ်မှ မလုပ်ရသေးဘဲနဲ့ကို လူက မောဟိုက်နေတာ။ ဘာလို့လဲဆိုတော့ စိတ်ကျရောဂါက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို နှေးကွေးသွားစေတယ်။ ကိုယ်ခံအားစနစ်ကိုပါ သွားပြီး ဖိနှိပ်ထားတဲ့အတွက် ဖျားလွယ် နာလွယ် ဖြစ်လာတယ်။
အချစ်ရေးမှာ ကံမကောင်းလို့ဖြစ်ဖြစ်၊ ချစ်ရတဲ့သူ တစ်ယောက်ယောက် ဆုံးရှုံးသွားလို့ဖြစ်ဖြစ် ခံစားရတဲ့ “နှလုံးကြေကွဲတယ်” ဆိုတဲ့ စကားလုံးက စာရေးဆရာတွေ တင်စားတာ သက်သက်မဟုတ်ဘူးဗျ။ တကယ်ကို စိတ်ထဲက ဒဏ်ရာကြောင့် နှလုံးသွေးကြောတွေ ကျဉ်းသွားပြီး ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်သွားတာကို ပြောတာ။
နောက်ပြီး ဒေါသထွက်တာ။ ဒေါသထွက်တဲ့အခါ လူက မျက်နှာတွေ နီရဲလာတယ်၊ ရင်တုန်လာတယ်၊ အသက်ရှူ မြန်လာတယ်။ ဒါဟာ ခန္ဓာကိုယ်ထဲမှာ အဒရီနယ်လင်နဲ့ ကော်တီစောလို့ခေါ်တဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေ ထွက်လာလို့ပဲ။ အဲဒီဟော်မုန်းတွေက ခဏတဖြုတ်ဆိုရင်တော့ အသက်အန္တရာယ်ကနေ လွတ်မြောက်အောင် ပြေးနိုင်လွှားနိုင်ဖို့ အသုံးဝင်ပေမယ့် နေ့တိုင်းနေ့တိုင်း ဒေါသထွက်နေရင်တော့ အဲဒီ ဟော်မုန်းတွေက သွေးကြောတွေကို ဖျက်ဆီးတော့တာပဲ။ ကြာလာတော့ သွေးတိုးရောဂါရယ်၊ နှလုံးရောဂါရယ် ခံစားရတော့တာပေါ့။ ဒါဟာ စိတ်ကနေ ရုပ်ကို ဖျက်ဆီးလိုက်တဲ့ သာဓကတွေပဲ။
.
- ခန္ဓာကနေ စိတ်ကို ပြန်လည်ဒုက္ခပေးခြင်း
ကဲ… ပြောင်းပြန် ပြန်တွေးကြည့်ကြစို့။ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခု ဝင်လာပြီဆိုပါစို့။ ခန္ဓာကိုယ် ဖောက်ပြန်ပြီဆိုရင် စိတ်ကလည်း ငြိမ်မနေတော့ဘူးဗျ။ တက်ကြွနေတဲ့ လူတစ်ယောက်ဟာ ခြေထောက်ကျိုးသွားလို့ဖြစ်ဖြစ်၊ ဒူးနာလို့ဖြစ်ဖြစ် လမ်းကောင်းကောင်း လျှောက်မရတော့ဘူးဆိုရင် အဲဒီအခါမှာ စိတ်က အလိုလိုနေရင်း ကျဆင်းလာတော့တာပဲ။ အရင်လို လွတ်လွတ်လပ်လပ် မသွားနိုင်တော့ဘူး၊ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် မထိုင်နိုင်တော့ဘူး၊ ကြိုက်တာတွေ မစားရတော့ဘူးဆိုတဲ့အသိက စိတ်ကို တဖြည်းဖြည်း ညှဉ်းပန်းတော့တာပဲ။
လူဆိုတာက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ခံစားရမှ စိတ်ချမ်းသာတာကိုး။ ကိုယ့်ခန္ဓာကိုယ်ကြီးက ကိုယ့်စကားကို နားမထောင်တော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ စိတ်က တအားကို ထိခိုက်သွားတယ်။ တဖြည်းဖြည်းနဲ့ ဒေါသထွက်လွယ်လာတယ်။ စိတ်တိုလာတယ်။ ဘာမဟုတ်တာလေးနဲ့ အိမ်က လူတွေကို မဲမယ်။ ပြုစုပေးနေတဲ့ ဇနီးသည် သို့မဟုတ် ခင်ပွန်းသည်ကို အပြစ်တင်မယ်။ ငါမှ မသွားနိုင်တာ ငါ့ကို ဂရုမစိုက်ကြဘူးဆိုပြီး အထီးကျန်ဆန်တဲ့ အတွေးတွေ ဝင်လာမယ်။ ဒါဟာ ကိုယ်ခန္ဓာက ဖောက်ပြန်လို့ စိတ်ကပါ လိုက်ပြီးဖောက်ပြန်သွားတာပဲ။ နာတာရှည်ရောဂါသည် တော်တော်များများဟာ ရောဂါဒဏ်ထက် စိတ်ဒဏ်ကို ပိုပြီးခံစားရတတ်တယ်။
တချို့ရောဂါတွေဆို ပိုတောင်ဆိုးသေးတယ်။ စိတ်ကို တိုက်ရိုက်ကြီး သွားပြီး ပြောင်းလဲပစ်လိုက်တာမျိုး။ ဥပမာ – သိုင်းရွိုက်ရောဂါလိုမျိုး ဟော်မုန်းမညီမျှတဲ့ ရောဂါတွေဆိုရင် ပိုသိသာတယ်။ လည်ပင်းကျိတ်ဟော်မုန်း နည်းသွားပြီဆိုရင် လူကမှိုင်ထိုင်းပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ လေးလံထိုင်းမှိုင်းပြီး စိတ်ဓာတ်တွေ ကျလာတယ်။ အဲ… ဟော်မုန်းတွေ များနေပြီဆိုရင်လည်း အလိုလိုနေရင်း ရင်တွေတုန်၊ စိတ်တွေပူပြီး ထိတ်လန့်စိုးရိမ်စိတ်တွေ တရစပ် ဝင်လာတော့တာပဲ။ ကိုယ်ကတော့ “ငါ့စိတ် ငါမနိုင်ဘူး၊ ငါ ဘာဖြစ်နေမှန်း မသိဘူး” လို့ထင်နေတာ တကယ်တော့ ခန္ဓာကိုယ်ထဲက ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ကိုပါ အထိန်းချုပ်ခံလိုက်ရတာ။
နောက်ပြီး Vitamin D လိုမျိုး အာဟာရဓာတ် ချို့တဲ့ရင်တောင် စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်သေးတာ။ ရာသီဥတု အေးတဲ့နိုင်ငံတွေမှာ နေရောင်ခြည် မရလို့ Vitamin D ကျပြီး ဆောင်းတွင်းရောက်ရင် စိတ်ဓာတ်ကျတဲ့ ရောဂါ (Seasonal Affective Disorder – SAD) တွေတောင် ရှိသေးတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ စိတ်အခြေအနေဆိုတာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ၊ ဓာတုဓာတ်ပြုမှုတွေနဲ့ ခွဲခြားမရအောင် ယှဉ်တွဲနေတယ် ဆိုတာပါပဲ။
စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ ဒေါသတွေကို မထိန်းချုပ်နိုင်ရင် ခန္ဓာကိုယ်ကြီး ရောဂါရလာမယ်။ ခန္ဓာကိုယ်မှာ ရောဂါဘယ ထူပြောလာရင် စိတ်ကျန်းမာရေးပါ ထိခိုက်လာမယ်။ ခန္ဓာကိုယ်ကျန်းမာအောင် အားကစားလုပ်တာ၊ အစားအသောက် ဆင်ခြင်တာ၊ အိပ်ရေးဝဝ အိပ်တာတွေက စိတ်ကို ကြည်လင်စေဖို့အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတွေပဲ။ အဲဒီလိုပဲ စိတ်ကို ငြိမ်းချမ်းအောင်ထားတာ၊ တရားထိုင်တာ၊ စိတ်ဖိစီးမှုတွေကို လျှော့ချတာကလည်း ခန္ဓာကိုယ်ကြီး ကျန်းမာကြံ့ခိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဆေးရုံဆေးခန်းတွေမှာ လူနာတွေကို ကုသတဲ့အခါ ရောဂါတစ်ခုတည်းကိုပဲ အာရုံစိုက်မနေဘဲ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေအနေနဲ့လည်း ဆေးဝါးကုသမှုအပြင် လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားပေးမှုတွေကိုပါ တစ်ပါတည်း တွဲဖက်လုပ်ဆောင်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ စိတ်နဲ့ ခန္ဓာဟာ ဒွန်တွဲနေလို့ တစ်ဖက်ဖက်ကို လျစ်လျူရှုထားရင် ကုသမှုက ခရီးမရောက်နိုင်တဲ့အတွက် စိတ်ရော ကိုယ်ပါပေါင်းစပ်ပြီး ကုသပေးနိုင်ရင် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရလာပါလိမ့်မယ်။
.
- ခန္ဓာကိုယ်ရဲ့ စကားသံများကို နားထောင်ခြင်း
ကျွန်တော်တို့ တစ်ခါတလေ စိတ်ဖိစီးနေတာကို ကိုယ်တိုင် မသိလိုက်ဘူးဗျ။ “ငါ အဆင်ပြေပါတယ်” လို့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတတ်ကြတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က လိမ်လို့ မရဘူး။ ခန္ဓာကိုယ်က စကားမပြောတတ်ပေမယ့် သူပြတဲ့ လက္ခဏာတွေနဲ့ သတိပေးတယ်။
ဥပမာ – အလုပ်တွေ တအားများပြီး ပင်ပန်းနေတဲ့အခါ ဇာတ်ကြောတွေ တက်လာမယ်၊ ခေါင်းတွေ ကိုက်လာမယ်၊ အိပ်မပျော်တဲ့ညတွေ များလာမယ်။ အဲဒီလို ဖြစ်လာနေတာကို ဂရုမစိုက်ဘဲ “ငါ ကောင်းပါတယ်၊ ဘာမှ မဖြစ်ပါဘူး” ဆိုပြီး ဆက်တိုးနေရင်တော့ နောက်ဆုံးမှာ ခန္ဓာကိုယ်ကြီးက ဘာမှ မလုပ်တော့ဘဲ အနားယူပစ်လိုက်ရော။ ရုတ်တရက် အပြင်းအထန် ဖျားသွားတာမျိုး၊ မထနိုင်တော့တာမျိုးတွေ ဖြစ်လာတယ်။ ဒါဟာ စိတ်က သတိမထားမိတဲ့ ပြဿနာကို ခန္ဓာကိုယ်က အတင်းအကျပ် ဝင်ရှင်းပေးလိုက်တာပဲ။
.
- စိတ်ကျန်းမာရေးက ရုပ်ကျန်းမာရေးကို ဘယ်လို ပြန်ကယ်တင်သလဲ။
အကောင်းဘက်က ပြန်တွေးကြည့်ရင်လည်း စိတ်စွမ်းအားဆိုတာ အံ့မခန်းပါပဲ။ ရောဂါတစ်ခု ဖြစ်လာတဲ့အခါ “ငါတော့ သေရတော့မှာပဲ၊ သွားပါပြီ” လို့ တွေးပြီး လက်မြှောက် အရှုံးပေးလိုက်တဲ့လူနာနဲ့ “ငါ ဒီရောဂါကို အနိုင်ယူမယ်၊ ပြန်ကောင်းအောင် နေမယ်” ဆိုပြီး စိတ်ဓာတ်ခွန်အား အပြည့်ရှိတဲ့ လူနာနှစ်ယောက်မှာ ရောဂါပျောက်ကင်းနှုန်းက လုံးဝကိုကွာခြားပါတယ်။
စိတ်က တက်ကြွနေတဲ့အခါ၊ ပျော်ရွှင်နေတဲ့အခါ ဦးနှောက်ထဲကနေ အင်ဒေါ်ဖင်တို့၊ ဒိုပါမင်းတို့လို ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ အမြောက်အမြား ထွက်လာတယ်။ အဲဒီ ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေကို သဘာဝအတိုင်း သက်သာစေတဲ့ ဆေးစွမ်းကောင်းတွေပဲ။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုပါ မြင့်တက်စေတဲ့အတွက် ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ ပိုပြီး အင်အားရှိလာတယ်။ “စိတ်ပျော်ရင် အနာကျက် မြန်တယ်” ဆိုတာ ဒါကို ပြောတာပါ။ ကင်ဆာလိုမျိုး ရောဂါဆိုးကြီးတွေကိုတောင် စိတ်စွမ်းအားနဲ့ အံတုပြီး အသက်ရှည်ရှည် နေသွားနိုင်တဲ့သူတွေ အများကြီး ရှိတာကို ခင်ဗျားတို့လည်း ကြားဖူးကြမှာပါ။
ဒီတော့ အရေးကြီးဆုံးက မျှတမှုပါပဲ။ စိတ်တစ်ခုတည်းကိုပဲ ပြုစုပျိုးထောင်ပြီး ကိုယ်ခန္ဓာကို ပစ်ထားလို့ မရသလို ကိုယ်ခန္ဓာအလှအပနဲ့ ကျန်းမာရေးအတွက်ချည်းပဲ အချိန်ကုန်ခံပြီး စိတ်ကို အစာမကျွေးဘဲ ထားလို့လည်း မရပါဘူး။ ဒါကြောင့်မို့လို့ သင်္ကြန်ပဲရောက်ရောက်၊ သီတင်းကျွတ်ပဲရောက်ရောက် လူကြီးသူမတွေကို ကန်တော့တဲ့အခါ ပေးလေ့ရှိတဲ့ “စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ” ဆိုတဲ့ ဆုတောင်းစကားဟာ ရိုးရိုးလေးနဲ့ နားထောင်ကောင်းရုံ သက်သက် စီကုံးထားတဲ့ စကားစုလေး မဟုတ်ပါဘူး။ လူသားတွေရဲ့ ခန္ဓာဗေဒနဲ့ စိတ်ပညာ သဘောတရားတွေကို အပြည့်အဝ နားလည်ပြီးမှ စိတ်ရောကိုယ်ပါ ဒွန်တွဲပြီး ကျန်းမာမှသာ ဘဝဟာ အဓိပ္ပာယ်ရှိရှိ ရှင်သန်နိုင်မယ်ဆိုတဲ့ လေးနက်တဲ့ အမှန်တရားကို ဖော်ညွှန်းထားတဲ့ ဆုတောင်းစကားလေး ဖြစ်တယ်ဆိုတာကို အမှတ်ရစေဖို့ ရေးသားတင်ပြလိုက်ရပါတယ်……။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

