ခြေလက် သွေးကြောများတွင် ဖြစ်သော သွေးလည်ပတ်မှု မကောင်းခြင်း သို့ သွေးကြောဆိုင်ရာ ရောဂါ Peripheral Vascular Disease (February, 2023)

ခြေလက် သွေးကြောများတွင် ဖြစ်သော သွေးလည်ပတ်မှု မကောင်းခြင်း သို့ သွေးကြောဆိုင်ရာ ရောဂါ ( Peripheral Vascular Disease)

နှလုံးနဲ့ ဝေးရာ သွေးကြောများဖြစ်တဲ့ ခြေထောက်၊ လက် တို့မှာ သွေးလည်ပတ်မှု မကောင်းတာဟာ သွေးလွှတ်ကြောမှာ အဆီတွေ စုပုံလာပြီး သွေးကြောပိတ်တာ (ဒါမှမဟုတ်) သွေးကြောတွေ မာကြောလာတာကြောင့်ဖြစ်တတ်ပြီး ဆေးပညာမှာ peripheral vascular disease (PVD) လို့ ခေါ်ပါတယ်။
သက်ကြီးပိုင်းတွေမှာ တွေ့ရလေ့ရှိပြီး အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေလည်း ပိုများလာပါတယ်။
ဆေးလိပ်သောက်တာ၊ သွေးတွင်းအဆီများတာ၊ သွေးတိုးတာနဲ့ ဆီးချိုမထိန်းနိုင်တာရဲ့နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဖြစ်​လေ့ရှိပါတယ်။ ခြေထောက်က လက် ထက် ပိုပြီး အဖြစ်များပါတယ်။

???? ခံစားရတတ်သော ရောဂါလက္ခဏာများ
(၁) ခြေသလုံး ကြွက်သားနဲ့ တခြားကြွက်သားတွေ နာကျင်လာမှု
ခြေထောက် သွေးလည်ပတ်မှု နည်းလာတဲ့အခါ အများအားဖြင့် ခြေသလုံးကြွက်သားတွေ နာကျင်လာပါတယ်။ တင်ပါးနဲ့ ပေါင်မှာရှိတဲ့ကြွက်သားတွေလည်း နာတတ်ပါတယ်။​​ ကြွက်သားတွေ​ဆီသွားတဲ့ သွေးတွင်း အောက်စီဂျင် ပမာဏနည်းလို့ နာကျင်တာ ဖြစ်ပါတယ်။ ခြေထောက်တွေ လှုပ်ရှားတဲ့အခါ (ဥပမာ – ခရီးရှည်လမ်းလျှောက်တာ (ဒါမှမဟုတ်) ပြေးတဲ့အခါ) မှသာ နာကျင်တတ်ပြီး အနားယူလိုက်ရင် ခဏလေးနဲ့ ပြန်သက်သာလာတတ်ပါတယ်။သွေးကြောကျဉ်းလာလေ လျှောက်နိုင်တဲ့ခရီးအကွာအဝေးတိုတိုလာပြီး ကြားထဲ နားရတဲ့အချိန်က ပိုပိုရှည်လာပါတယ်။

(၂) ခြေထောက်နာကျင်မှု
သွေးကြောကျဉ်းတာမှာ အာရုံကြောကို ပေးတဲ့သွေးကြောပါ ကျဉ်းသွားရင်တော့ ခြေသလုံးကြွက်သားနာတာမျိုးမဟုတ်ဘဲ ခြေချောင်းတွေ၊ ခြေထောက်အရှေ့ပိုင်းနဲ့ ​ ​ခြေဖနောင့်တွေ နာကျင်တတ်ပါတယ်။ ထိုအခါမျိုးမှာ အရေပြားမှာနာကျင်တာဖြစ်ပြီး ဘာမှမလုပ်ဘဲ အနားယူနေရင်တောင် နာနေတတ်ပါတယ်တယ်။ အထူးသဖြင့် ညအိပ်ရာဝင်တဲ့အခါမှာ ပိုနာတတ်ပြီး သက်သာဖို့ ပိုခက်ပါတယ်။ အချို့လူနာများမှာ ကိုက်နေတဲ့ ခြေထောက်ကို ကုတင်အစွန်းကနေ အောက်ကို ချထားတဲ့ အခါ သွေးအနည်းငယ်ပြန်စီးဆင်းကာ နာကျင်မှုအနည်းငယ်သက်သာစေပါတယ်။ တစ်ခါတစ်ရံ နာလွန်းလို့ အိပ်မရတာကို ဖြစ်တတ်ပါတယ်။ အချို့လူနာများမှာ ကျွန်တော့် ခြေထောက်ကို ဖြတ်သာပေးပါတော့ ဆရာ လို့ လာတောင်းဆိုတာတောင်ကြုံဖူးပါတယ်…။

(၃) တခြားတွဲလေ့ရှိသော ရောဂါလက္ခဏာများ
–ခြေသလုံးမွှေး ကျွတ်တာ
–အရေပြား ပြောင်ချောတာ
–ခြေသည်းမှာ အပြောင်းအလဲတွေဖြစ်တာ
–ခြေထောက်တွေကို စမ်းကြည့်ရင် အေးနေတာ
–ခြေထောက် အရောင် (အနီ၊ အဖြူ (သို့) အပြာ) ပြောင်းသွားပြီး ဆဲလ်တွေသေလာတာ (gangrene) ဖြစ်တတ်ပါတယ်။

????ဘာတွေက အခြေအနေကို ပိုဆိုးစေလဲ?
–ဆေးလိပ်သောက်တာ
–တချို့ဆေးတွေ (သွေးတိုးမှာသုံးတဲ့ beta blocker)
–ဆီးချိုရောဂါ၊ နှလုံးရောဂါတွေ ကြောင့် သွေးလည်ပတ်မှုနည်းပြီး ရောဂါပိုဆိုးစေပါတယ်။

???? ဘာတွေ ဆက်ဖြစ်နိုင်လဲ?
ခြေထောက်သွေးကြောတွေမှာ သွေးခဲပိတ်တာ၊ ရောဂါပိုးဝင်တာ၊ အနာကျက်ဖို့ကြာတာ၊ ဖက်ခွက်နာ(ulcer) နဲ့ ​ခြေထောက်ပုပ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ခြေထောက် တစိတ်တပိုင်း (ဒါမှမဟုတ်) ခြေထောက်တစ်ခုလုံး ဖြတ်လိုက်ရတာမျိုးလည်း ရှိပါတယ်။

???? ဘယ်လို စမ်းသပ်မှုတွေ လုပ်လို့ရလဲ?
ခြေထောက်သွေးစီးဆင်းတာကို တိုင်းတာတဲ့ အထူး စမ်းသပ်မှု Doppler ultrasound တွေ ရှိပါတယ်။ ခွဲစိတ်ဖို့လိုရင် သွေးလွှတ်ကြောတွေကို ဓာတ်မှန် (Angiogram/Angiography) ရိုက်ရပါတယ်။

???? ဘာတွေ လုပ်လို့ရလဲ?
– အရေးကြီးဆုံးက အခြေအနေပိုမဆိုးအောင် နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။
– ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်သောက်တာ လုံးဝရပ်ဖို့လိုပါတယ်။
– အဝလွန်နေရင် ဝိတ်လျှော့ပါ။
– သွေးတွင်းအဆီများနေရင် ဆေးကုသမှု လိုပါတယ်။
– လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
– ခြေထောက်ကို နွေးထွေးပြီး ခြောက်သွေ့အောင် ထားပါ။
– ခြေထောက်နာနေရင် မလှုပ်ရှားဘဲ ကုတင်ပေါ်ကနေ ခြေထောက်တွေကို တွဲလောင်းချပြီး အိပ်ပါ။ ဆရာဝန်မြန်မြန်ပြပါ။

???? ဘာတွေကို အထူးသတိထားရမလဲ?
– ခြေထောက်ကို (အထူးသဖြင့် ခြေသည်းတွေကို) ဂရုစိုက်ဖို့ လိုပါတယ်။ ခြေသည်းညှပ်တဲ့အခါ အသားမညှပ်မိအောင် သတိထားပါ။ ဒဏ်ရာတွေကနေ ရောဂါပိုးကူးနိုင်ပါတယ်။
ဖြစ်နိုင်ရင် ခြေထောက်ကို သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ ပြပါ။
– ခြေထောက်ဒဏ်ရာမရအောင် ဂရုတစိုက်နေပါ။
-ရိုးရိုးဒဏ်ရာလေးတွေက ဖက်ခွက်နာဖြစ်သွားနိုင်ပြီး အနာကျက်ဖို့ လပေါင်းများစွာ ကြာတတ်ပါတယ်။
-ခြေထောက်အရောင်ပြောင်းလာတာ (ဒါမှမဟုတ်) ရုတ်တရက် နာလာတာမျိုး ပြဿနာတစ်ခုခုဖြစ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

???? ဘယ်လို ကုသမလဲ?
ခြေထောက်မှာ သွေးလည်ပတ်မှု မကောင်းတဲ့လက္ခဏာတွေ ဖြစ်လာရင် ကုသမှု နည်းလမ်းတွေကို ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။
ပိတ်နေတဲ့ သွေးလွှတ်ကြောကို သက်သာ စေတယ့် နည်းလမ်းတွေကတော့…
–ပူဖောင်းပုံစံမျိုးနဲ့ သွေးကြောတွေကို ရှင်းပေးတာ (Angioplasty)
–သွေးကြောပိတ်နေတဲ့ နေရာမှာ ပြွန်ပုံစံထည့်ပြီး ရှင်းပေးတာ (Stenting)
–သွေးကြောအသစ်ဖွဲ့ပြီး ကူးဆက်ပေးတာတွေ ဖြစ်ပါတယ်။

ခြေထောက် သွေးလည်ပတ်မှု မကောင်းတာကနေ နောက်ဆက်တွဲရောဂါတွေ အများကြီးဖြစ်လာနိုင်တာမို့ ကိုယ့်ခြေထောက်လေးတွေကိုဂရုစိုက်ပေးကြဖို့ တိုက်တွန်းပါရစေ…..

Reference:
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.243

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#Peripheral_Vascular_Disease

Ministry of Health,

National Unity Government.

Published on: 14 February 2023
Last Updated: 14 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...