စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများအကြောင်း NSAIDs ( December, 2022)

စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများအကြောင်း ( NSAIDs )

မြန်မာနိုင်ငံမှာက အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်မပါလည်း လွယ်လွယ်ကူကူဝယ်လို့ ရနေတာဆိုတော့ လူအများဟာ ဒီလိုဆေးတွေရဲ့ ကြောက်စရာကောင်းတဲ့ဘေးထွက်ဆိုးကျိုးတွေကို မသိကြပါဘူး။ ဆေးတွေဟာ ရောဂါလက္ခဏာတွေကို ခဏတာသက်သာစေနိုင်ပေမယ့် ရေရှည်စွဲသောက်ရင် ဘေးထွက်ဆိုးကျိုးအရမ်းများပါတယ်။ ဒါကြောင့် NSAIDs အကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။
..

???? Non-steroidal Anti-inflammatory Drugs (NSAIDs) ဆိုတာ စတီးရွိုက်မပါတဲ့ အရောင်ကျဆေးအမျိုးအစားဖြစ်ပြီး ကိုက်ခဲတာသက်သာဖို့၊ အရောင်ကျဖို့နဲ့ အဖျားကြီးသူတွေမှာ အဖျားကျဖို့ သောက်သုံးရပါတယ်။ ဒီလို NSAIDs တွေဟာ အသုံးများကြပေမယ့် ဘေးထွက်ဆိုးကျိုးလည်းများတာကြောင့် ဆရာဝန်မညွှန်ကြားဘဲ အလွယ်တကူဝယ်ယူ မသုံးစွဲသင့်ပါဘူး။
..

???? NSAIDs ဆေးကို သောက်ဆေး၊ ဂြိုလ်တု၊ လိမ်းဆေး၊ ထိုးဆေးစသဖြင့် ပုံစံအမျိုးမျိုးနဲ့တွေ့နိုင်ပါတယ်။ အချို့သော NSAIDs တွေက နီးစပ်ရာဆေးဆိုင်တွေမှာ အလွယ်တကူဝယ်နိုင်သလို အချို့ကတော့ ဆရာဝန်ညွှန်ကြားချက်ပါမှသာ ဝယ်ယူနိုင်ပါတယ်။ အသုံးများဆုံး NSAIDs တွေကတော့ Ibuprofen, Naproxen, Diclofenac, Celecoxib, Mefenamic acid, Etoricoxib နဲ့ Indomethacin တို့ပဲဖြစ်ပါတယ်။ High dose aspirin ကိုလည်း အရောင်ကျဆေးအနေနဲ့သုံးကြပါတယ်။
..

???? ဘယ်လိုလူတွေက NSAIDs ကို သောက်သုံးတဲ့အခါ သတိထားရမလဲ?

လူအများစုဟာ NSAIDs ကို သောက်သုံးနိုင်ပေမယ့် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးခြင်းက ပိုစိတ်ချရပါတယ်။ အကယ်၍ သင့်မှာ အောက်ကအချက်တွေရှိနေရင်တော့ NSAIDs သောက်တဲ့အခါ သတိထားရပါမယ်။

* အသက် ၆၅ နှစ်အထက်ရှိသူများ

* ကိုယ်ဝန်ဆောင်နှင့် ကလေးယူရန်ကြိုးစားနေသူများ

* နို့တိုက်မိခင်များ

* ပန်းနာရင်ကြပ်ရောဂါရှိသူများ

* NSAIDs ဆေးနှင့် ဓာတ်မတည့်သူများ

* အစာအိမ်တွင် အနာဖြစ်ဖူးသူများ

* နှလုံး၊ ကျောက်ကပ်နှင့် အူလမ်းကြောင်းရောဂါရှိသူများ

* သွေးပေါင်ချိန်မမှန်သူများ

* အချို့ဆေးဝါးများ သောက်သုံးနေရသူများ

* အသက် ၁၆နှစ်အောက် ငယ်တဲ့သူတွေမှာ Aspirin ဆေးကို သောက်သုံးရန် မသင့်တော်ပါဘူး။
..

???? NSAIDs ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ?

NSAIDs ဆေးတွေဟာ ရေရှည်စွဲသောက်လေ ဆိုးကျိုးများလေပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးသူတွေနဲ့ နဂိုကျန်းမာရေးအခံမကောင်းတဲ့သူတွေဟာလည်း ဒီဆေးရဲ့ဆိုးကျိုးကို ပိုခံစားရနိုင်ပါတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့….

* အစာအိမ်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း

* အစာမကြေဖြစ်ခြင်း

* အစာအိမ်အနာဖြစ်ခြင်း

* အစာအိမ်တွင်း သွေးယိုစိမ့်ခြင်း

* ခေါင်းကိုက်ခြင်း

* မူးဝေခြင်း

* ဓာတ်မတည့်မှုဖြစ်ခြင်း

* အသည်းရောင်၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးထိခိုက်ခြင်းနှင့် လေဖြတ်ခြင်းစတာတွေကတော့ အဖြစ်နည်းတဲ့ဘေးထွက်ဆိုးကျိုးတွေပါ။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဟာ တဖြည်းဖြည်းပိုဆိုးလာပါက ဆေးသောက်တာရပ်ပြီး ဆရာဝန်နဲ့ ပြသရပါမယ်။
..

???? NSAIDs သောက်သုံးနေရသူတွေအနေနဲ့ ဘာတွေကို သတိထားရမလဲ?

အောက်ပါအချက်တွေက NSAIDs ရဲ့ အာနိသင်ကို ထိခိုက်စေနိုင်သလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပိုဆိုးစေနိုင်တာကြောင့် အောက်ဖော်ပြပါအချက်တွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဆေးသောက်သင့်ပါတယ်။

* NSAIDs တစ်မျိုးထက် ပိုသောက်သုံးနေရသူများ

* Aspirin, Warfarin ကဲ့သို့ သွေးကျဲဆေးသောက်သုံးနေရသူများ

* အဆစ်မြစ်နာကဲ့သို့ autoimmune disease အတွက်သုံးသော Ciclosporin ဆေးသောက်သုံးနေရသူများ

* ဆီးဆေးသောက်နေရသူများ

* စိတ်ကျန်းမာရေးကုထုံးအတွက် Lithium ဆေး သုံးစွဲနေရသူများ

* လေးဖက်နာအတွက် Methotrexate ဆေး သောက်သုံးနေရသူများ

* စိတ်ကျရောဂါအတွက် SSRI ဆေးများ သောက်သုံးနေရသူများ
..

???? NSAIDs ဆေးသောက်တဲ့အခါ အစာအိမ်မအီမသာမဖြစ်စေဖို့ အစာနဲ့ သို့မဟုတ် ရေနဲ့သောက်သုံးနိုင်ပါတယ်။ NSAIDs သောက်သုံးနေစဉ်အတွင်းမှာ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ရပါမယ်။
..

???? NSAIDs ဆေးတွေကို အလွန်အကျွံသောက်မိတဲ့အခါ ဘာလုပ်ရမလဲ?

လွန်ဘေးတန်ဆေးဆိုသလို အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးတွေဟာ လိုတာထက်ပိုသောက်မိတဲ့အခါ ဆိုးကျိုးများစွာရှိပါတယ်။ NSAID ကို တစ်ပြိုင်နက်ထဲ ပမာဏအများကြီးသောက်မိပြီးနောက် သတိလစ်ခြင်း၊ တက်ခြင်းနဲ့ အသက်ရှူကျပ်ခြင်းစတာတွေကို ခံစားနေရပြီဆို နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ပြေးပြီး ကုသမှုခံယူရပါမယ်။
..

???? NSAIDs တွေက ဆိုးကျိုးများတော့ အစားထိုးဘာဆေးတွေ သုံးလို့ရသေးလဲ?

စိတ်အချရဆုံးနဲ့ ဆိုးကျိုးအနည်းဆုံးဆေးကတော့ Paracetamol ပါပဲ။ လွယ်လွယ်ကူကူဝယ်နိုင်သလို မတည့်တဲ့သူလည်း မရှိသလောက်ပါပဲ။ ကြွက်သားနာကျင်တာနဲ့ အဆစ်အမြစ်နာကျင်တာတွေအတွက်လည်း သောက်ဆေးထက် NSAIDs လိမ်းဆေးတွေကို နာတဲ့နေရာတစ်ဝိုက် လိမ်းပေးနိုင်ပါတယ်။ ရောဂါလက္ခဏာမပြင်းထန်တဲ့သူတွေမှာဆိုလည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ Physiotherapy နည်းနဲ့ ကုသနိုင်ပါတယ်။

Reference: ????
https://www.nhs.uk/conditions/nsaids/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#NSAID#Steroid#အကိုက်အခဲပျောက်ဆေး
#စတီးရွိုက်

Ministry of Health,

National Unity Government.

Published on: 8 December 2022
Last Updated: 8 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...