” မှဲ့ကပြောသော သင့်အကြောင်း ” ( March, 2023)

” မှဲ့ကပြောသော သင့်အကြောင်း “

မှဲ့ကပြောတဲ့ ကိုယ့်အကြောင်းဆိုတော့ ရုတ်တရက်ကြည့်ရင် တယ်လီကျန်းမာက ဗေဒင်များ ‌ဟောနေပြီလားပေါ့။ မဟုတ်ပါဘူးနော်။ လူတိုင်း သူသူငါငါ ပေါက်တတ်ကြတဲ့ မှဲ့တွေအကြောင်း ပြောပြမလို့ပါ။

မှဲ့ဆိုတာမျိုးကတော့ ကိုယ်တွေနဲ့ မစိမ်းကားတဲ့ အရာလေးတစ်ခုပေါ့။ နိုင်ငံ၊ လူမျိုးတွေ၊ ရေမြေတွေ ဘယ်လောက်ပဲ မတူပါစေ မှဲ့ကတော့ ဘယ်သူ့မှာမဆို ပေါက်တတ်ကြပါတယ်။ ဒါပေမယ့် မှဲ့က ပြောပြတဲ့ အကြောင်းတွေက ကိုယ်တွေသိတာထက်ကို ပိုပြီး များနေနိုင်တာပေါ့။ ဒါ့ကြောင့် မှဲ့အကြောင်း ပြည့်ပြည့်စုံစုံလေးကို အောက်မှာ ဆက်ပြီး လေ့လာကြရအောင်။

???? မှဲ့ရဲ့ ပုံစံလေးကတော့ လူတိုင်း သိပြီးတဲ့အတိုင်း သေးငယ်ပြီး အညိုရောင် (ဒါမှမဟုတ်) အနက်ရောင်ရှိပြီးတော့ မယ်လနိုဆိုက် (melanocyte) လို့ခေါ်တဲ့ လူတွေရဲ့ အရေပြားမှာပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတွေ ပါဝင်နေတဲ့ အကွက်ငယ်လေးပဲ ဖြစ်ပါတယ်။ လူတော်တော်များများမှာတော့ ကလေးဘဝမှာ မှဲ့တွေ အများကြီး ပေါ်တတ်ကြပြီး အသက်ကြီးလာတာနဲ့အမျှ မှဲ့ကမှေးမှိန်သွားတာ (ဒါမှမဟုတ်) ပုံစံပြောင်းသွားတာ၊ အရွယ်အစားပြောင်းသွားတာတို့ ဖြစ်နိုင်ပါတယ်။

မှဲ့အများစုကတော့ ကျန်းမာရေးအတွက် အန္တရာယ်မရှိပါဘူး။ အရေပြားကင်ဆာရောဂါအထိ ဖြစ်တတ်တာလည်း ရှားပါးပါတယ်။
..
..

???? မှဲ့ရဲ့ ပုံစံဟာဆိုရင်တော့…

– အညိုရောင်၊ မီးခိုးရောင်၊ အနက်ရောင်၊ အနီရောင် စသည်ဖြင့် အရောင်မျိုးစုံ ရှိတတ်ပါတယ်။

– အရေပြားနဲ့ တညီတည်း ချောမွေ့နေတတ်သလို အရေပြားကနေ အဖုလေးလို ကြွတက်နေတာမျိုးလည်း ရှိပါတယ်။

– တစ်ခါတစ်ရံမှာတော့ မှဲ့ကနေ အမွှေးစလေးတွေ ပေါက်နေတာမျိုးလည်း တွေ့ရတတ်ပါတယ်။

– အများအားဖြင့်တော့ အဝိုင်း (ဒါမှမဟုတ်) ဘဲဥပုံလေးပါ။

– အရွယ်အစားကလည်း များသောအားဖြင့်တော့ (၆) မီလီမီတာခန့်သာ ရှိတတ်ပါတယ်။ မွေးရာပါမှဲ့တချို့ကတော့ သာမန်ထက်ပိုကြီးပြီး မျက်နှာနဲ့ ခြေလက်တွေမှာ တအားသိသာထင်ရှားနေတဲ့အထိ ကြီးနေတာမျိုးလည်း ရှိတတ်ပါတယ်။
..
..

???? မှဲ့ကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမဆို (ဥပမာ- ဦးရေပြား၊ ချိုင်းကြား၊ လက်သည်းခြေသည်းအောက်၊ လက်ချောင်း၊ ခြေချောင်းကြားအနှံ့) ဖြစ်နိုင်ပါတယ်။

အများအားဖြင့်တော့ လူတွေမှာ ခေါင်းအစ ခြေအဆုံးရေတွက်ကြည့်မယ်ဆိုရင် မှဲ့အလုံးပေါင်း ၁၀ ကနေ ၄၀ ကြား ရှိတတ်ပါတယ်တဲ့။

ငယ်ငယ်ကတည်းက ပေါက်လာတဲ့မှဲ့တွေကတော့ အရွယ်ရောက်လာတဲ့အခါ (ဒါမှမဟုတ်) အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ဆောင်တဲ့အခါ… အဲ့ဒီလို အချိန်တွေမှာ ‌ဟော်မုန်းအပြောင်းအလဲတွေကြောင့် မှဲ့က အရောင်ပိုနက်လာတာ၊ ပိုကြီးလာတာတွေ ဖြစ်နိုင်ပါတယ်။
..
..

???? ဒါပေမယ့်လည်း အမြဲပဲ အန္တရာယ်မရှိပါဘူးဆိုပြီး သတိလက်လွတ် မနေသင့်ပါဘူးနော်။

ကိုယ့်ရဲ့မှဲ့က…

– တစ်ခြမ်းနဲ့တစ်ခြမ်း ပုံစံမတူဘူးဆိုရင်

– အနားသတ်တွေက မညီညာဘဲ အဖုအထစ်တွေ ဖြစ်နေရင်

– မှဲ့က အရောင်တွေ မျိုးစုံဖြစ်နေရင်၊ အရောင်တွေ မညီရင်

– အရွယ်အစားက (၆) မီလီမီတာထက် ကြီးနေရင်

– မှဲ့က အချိန်ကြာလာတာနဲ့အမျှ အရောင်၊ ပုံစံ၊ အရွယ်အစားတွေ ပြောင်းနေရင်

– ယားယံတာ၊ မှဲ့ကနေ သွေးထွက်တာ

– မိသားစုထဲမှာ အရေပြားကင်ဆာ ခံစားရဖူးတဲ့သူ ရှိတာ…. ဒါမျိုးတွေဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။

အရေပြားကင်ဆာဖြစ်စေတဲ့မှဲ့ ဖြစ်နိုင်တာကြောင့် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။
..
..

???? ဘာကြောင့် မှဲ့ဖြစ်ရသလဲ ?

ပုံမှန်အားဖြင့် လူတွေရဲ့ အရေပြားမှာ (melanocyte) ဆိုတဲ့ အရေပြားဆဲလ်တစ်မျိုး ရှိပါတယ်။

သူကတော့ (melanin) လို့ခေါ်တဲ့ အရေပြားရောင်ခြယ်တစ်မျိုးကို ထုတ်ပေးပါတယ်။

လူတွေမှာ ဒီ ရောင်ခြယ်ပစ္စည်းပါဝင်မှု အနည်းအများပေါ် မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက် အသားအရောင်တွေ မတူကြတာ ဖြစ်ပါတယ်။ မှဲ့ကတော့ အဲ့ဒီရောင်ခြယ်ပစ္စည်းတွေ စုပုံလာတာကြောင့် အရောင်မတူတဲ့ ပုံစံအနေနဲ့ မှဲ့ဆိုပြီး ပေါ်လာတာဖြစ်ပါတယ်။
..
..

မှဲ့နဲ့ပတ်သတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ အရေပြားကင်ဆာပါ။ မှဲ့ရှိတိုင်း အရေပြားကင်ဆာ ဖြစ်တာလို့ မဆိုလိုပါဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ကင်ဆာဖြစ်စေနိုင်တဲ့ မှဲ့လားဆိုတာကိုတော့ သတိရှိဖို့ လိုပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ မှဲ့တွေ ဘယ်လိုပုံစံရှိတယ်ဆိုတာ၊ ဘယ်နေရာမှာရှိတယ်ဆိုတာကို ရင်းနှီးနေဖို့ လိုပါတယ်။ ကိုယ့်ရဲ့ မှဲ့က ပြောင်းလဲမှုတွေရှိလား၊ ဘယ်လိုပြောင်းလဲနေလဲ ဆိုတာကို ခေါင်းအစခြေအဆုံး မိမိဘာသာမိမိ စစ်ဆေးနေရပါမယ်။

ဒါ့အပြင်…

– အရေပြားကို ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပါ။ ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာကို ဖြစ်စေနိုင်တာကြောင့်ပါ။

– အပြင်ထွက်မယ်ဆိုရင် နေအပူဆုံးအချိန်တွေ အပြင်ထွက်တာ ရှောင်ပါ။

– နေလောင်ခံခရမ် လိမ်းပြီးမှ အပြင်ထွက်ပါ။

– အပြင်သွားတိုင်း နေရောင်ကာနိုင်ဖို့ ထီး၊ ဦးထုပ်ဆောင်ပါ။

အခုခေတ်မှာတော့ အလှအပရေးရာအရ အန္တရာယ်မရှိတဲ့ မှဲ့တွေကိုလည်း ဖျောက်တာ၊ ဖျက်တာတွေ အတိုင်းအတာတစ်ခုထိ ခေတ်စားလာတာကို တွေ့ရပါတယ်။
..
..

???? ဒီလောက်ဆို တယ်လီကျန်းမာကပြောပြတဲ့ မှဲ့အကြောင်းကို ပြည့်ပြည့်စုံစုံ သိလောက်ပြီ ထင်ပါတယ်။ မှဲ့ပေါက်တိုင်းလည်း ကြောက်စရာ မလိုပါဘူး။ တချို့ဆို ပါးလေးမှာ စံပယ်တင်မှဲ့ပါရင် လူချစ်လူခင် ပေါများကြတယ်လို့တောင် အဆိုရှိကြတယ် မဟုတ်ပါလား။ ဒါပေမယ့် အထက်မှာပြောပြထားခဲ့တဲ့ လက္ခဏာတွေ ဖြစ်လာရင်လည်း မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ ထပ်ပြီး အကြံပြုလိုပါတယ် ????

Reference – ????https://www.mayoclinic.org/…/symptoms-causes/syc-20375200

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#mole#မှဲ့#မှဲ့အကြောင်း

Ministry of Health,

National Unity Government.

Published on: 31 March 2023
Last Updated: 31 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...