” ရာသီလာတာ ဘာလို့နောက်ကျတာလဲ”
“ ရာသီပုံမှန်မလာတာ ဘာကြောင့်လဲ”
ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆွေးနွေးရေးသားပေးလိုက်ပါတယ်နော်။
👇👇
…
…
❓ရာသီက ဘယ်လောက်အထိ နောက်ကျနိုင်လဲ။
လူတချို့မှာ ရာသီလာချိန်က တိတိကျကျရှိပေမယ့် အများစုကတော့ အနည်းငယ် အပြောင်းအလဲရှိတတ်ပါတယ်။ ဒါကြောင့် ရာသီလာတာ တစ်ရက်၊ နှစ်ရက်လောက် နောက်ကျသွားရင် စိတ်မပူပါနဲ့။
ရာသီစက်ဝန်းဆိုတာ ရာသီစလာတဲ့ရက်ကနေ နောက်ရာသီစလာတဲ့ရက်အထိ ကြာချိန်ကို ခေါ်တာပါ။ ပျမ်းမျှအားဖြင့် ဒီစက်ဝန်းတွေက ၂၈ ရက် ကြာတတ်ပေမယ့် ၂၁ ရက်ကနေ ၃၅ ရက်အထိလည်း ဖြစ်နေနိုင်ပါတယ်။
ဆိုလိုတာက တစ်လမှာ ၂၈ ရက်စက်ဝန်းရှိပြီး နောက်တစ်လမှာ ၂၆ ရက်စက်ဝန်းရှိတာက စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် မိမိရာသီက အောက်ပါအခြေအနေတွေမှာဆိုရင်တော့ နောက်ကျတယ်လို့ ယူဆနိုင်ပါတယ် . . .
✅ နောက်ဆုံးရာသီလာပြီး ရက် ၃၅ ရက်ထက် ကျော်လွန်သွားရင်။
✅ ပုံမှန်ရာသီမှန်နေပြီး သင့်ရာသီက သုံးရက်ထက်ပိုပြီး နောက်ကျနေရင်။
.
❓ရာသီ နောက်ကျရတဲ့ အကြောင်းရင်းများ
ရာသီမလာတာဟာ ကိုယ်ဝန်ရှိခြင်းရဲ့ ပထမဆုံးလက္ခဏာဖြစ်တတ်ပေမယ့် နောက်ကျရတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ လစဉ်ရာသီလာတာကို ဘာတွေက နှောင့်နှေးစေတဲ့အကြောင်းတွေကတော့ . . .
၁။ ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်မရှိတဲ့အခါ မိမိခန္ဓာကိုယ်က လတိုင်း သားအိမ်နံရံကို ကွာကျစေပါတယ်။ အဲဒါက ရာသီလာနေတဲ့အချိန်မှာ ဖြစ်ပျက်နေတာပါ။
ဒါပေမယ့် ကိုယ်ဝန်ရှိတဲ့အခါ သားအိမ်နံရံ (သားဥနဲ့ သုက်ပိုး ပေါင်းစပ်ပြီး ကြီးထွားတဲ့နေရာ) က ပိုထူလာပြီး သွေးကြောတွေ ပိုများလာပါတယ်။ ရာသီလာခြင်းအားဖြင့် အဲဒီနံရံကို ကွာကျစေမယ့်အစား မိမိခန္ဓာကိုယ်က ဖွံ့ဖြိုးနေတဲ့ သန္ဓေသားကို အားဖြည့်ပေးဖို့ အဲဒီနံရံကို ဆက်လက်တည်ဆောက်ပါတယ်။
.
၂။ အစားအသောက်ကို အလွန်အကျွံ ကန့်သတ်ခြင်းနှင့် လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်နဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက မိမိကျန်းမာရေးအတွက်အကျိုးရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံလုပ်ရင် မိမိခန္ဓာကိုယ်က ရာသီလာတာကို ခဏဖြစ်ဖြစ် ရပ်တန့်ထားနိုင်ပါတယ်။
ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တဲ့ အားကစားသမားတွေ ဒါမှမဟုတ် ကယ်လိုရီ လုံလုံလောက်လောက် မရတဲ့သူတွေဟာ ရာသီမလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။
ကိုယ်အလေးချိန်ကျလို့၊ အစားအသောက်ကို ကန့်သတ်လို့ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်လို့ ရာသီမလာတော့ဘူးဆိုရင် ဒုတိယအမျိုးအစား ရာသီမမှန်တာ (secondary amenorrhea) ကို ခံစားနေရတာပါ။ အရင်က ရာသီလာဖူးပေမယ့် အခုရပ်သွားတာကို ဆိုလိုတာပါ။ အောက်ပါအခြေအနေတွေမှာ ဒုတိယအမျိုးအစား ရာသီမမှန်တာ ဖြစ်နိုင်ပါတယ်-
✅ ကယ်လိုရီအလွန်နည်းတဲ့ အစားအသောက်ကို စားသုံးခြင်း။
✅ အစာစားချင်စိတ်မရှိတာ (anorexia) ဒါမှမဟုတ် စားပြီးအန်တာ (bulimia) လိုမျိုး အစားအသောက်ပုံစံမမှန်တဲ့ရောဂါ ရှိခြင်း။
✅ အချိန်တိုအတွင်း ကိုယ်အလေးချိန် အများကြီးကျခြင်း။
✅ မာရသွန်ပြေးဖို့ လေ့ကျင့်သလိုမျိုး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရက်အတော်များများ လုပ်ဆောင်ခြင်း။
.
၃။ သားဥအိမ် ရောဂါစု (PCOS)
PCOS ဆိုတာ ဟော်မုန်းမညီမျှမှုကြောင့် သင့်ခန္ဓာကိုယ်ရဲ့ ဥကြွေနိုင်စွမ်းကို အနှောင့်အယှက်ပေးတဲ့ ရောဂါတစ်ခုပါ။ ဥမကြွေဘူးဆိုရင် များသောအားဖြင့် ရာသီမလာပါဘူး။
PCOS ရှိသူအတော်များများဟာ ရာသီမမှန်တာ၊ နောက်ကျတာ ဒါမှမဟုတ် လုံးဝမလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ PCOS ရဲ့ တခြားလက္ခဏာတွေကတော့-
✅ ဝက်ခြံထွက်ခြင်း။
✅ မျက်နှာ ဒါမှမဟုတ် ခန္ဓာကိုယ်မှာ အမွှေးအမျှင်တွေ ပုံမှန်ထက်ပိုထွက်ခြင်း။
✅ ဆံပင်ပါးလာခြင်း။
✅ ကိုယ်အလေးချိန်တက်လာခြင်း ဒါမှမဟုတ် ကိုယ်အလေးချိန်ချဖို့ ခက်ခဲခြင်း။
ကျန်းမာရေးစောင့်ရှောက်သူတွေက ရောဂါလက္ခဏာတွေကို စစ်ဆေးပြီး လိုအပ်ရင် ဆေးစစ်မှုတွေ ပြုလုပ်ခြင်းအားဖြင့် PCOS ရှိ/မရှိကို သိနိုင်ပါတယ်။ ဆေးဝါးကုသမှုနဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းတွေက ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
.
၄။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုတွေ အရမ်းများနေတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေရုံသာမကပါဘူး။ ရာသီနောက်ကျတာ ဒါမှမဟုတ် ရာသီမလာတာအပါအဝင် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
သာမန် နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုအနည်းငယ်ကတော့ ရာသီစက်ဝန်းကို သိပ်မထိခိုက်စေပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ စိတ်ဖိစီးမှုတွေက သင့်ခန္ဓာကိုယ်ရဲ့ ဟော်မုန်းညီမျှမှုကို အနှောင့်အယှက်ပေးပြီး နောက်ဆုံးမှာ ရာသီလာခြင်းကို နောက်ကျစေနိုင်ပါတယ်။
အဓိက စိတ်ဖိစီးမှုတွေရဲ့ ဥပမာတချို့ကတော့ . . .
✅ ချစ်ခင်ရသူတစ်ဦးရဲ့ သေဆုံးမှု။
✅ အထက်တန်းကျောင်း ဒါမှမဟုတ် ကောလိပ်စာမေးပွဲတွေ။
✅ အလုပ်လက်မဲ့ဖြစ်တာ ဒါမှမဟုတ် လုပ်ငန်းခွင်ပတ်ဝန်းကျင်အပါအဝင် စိတ်ဖိစီးမှုများခြင်း။
✅ မင်္ဂလာဆောင် ဒါမှမဟုတ် ကွာရှင်းပြတ်စဲခြင်းလိုမျိုး စိတ်ဖိစီးမှုများသော ဖြစ်ရပ်များ။
.
၅။ ဟော်မုန်းပါဝင်သော ကိုယ်ဝန်တားဆေးများ
ဟော်မုန်းပါဝင်သော ကိုယ်ဝန်တားဆေးတွေမှာ ကိုယ်ဝန်ကိုတားဆီးဖို့လုပ်ဆောင်တဲ့ ပရိုဂျက်စတင် (progestin) ဒါမှမဟုတ် ပရိုဂျက်စတင်နဲ့ အီစထရိုဂျင် (estrogen) နှစ်မျိုးပေါင်းစပ်ထားတာတွေ ပါဝင်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်နေတဲ့ကာလမှာလည်း ရာသီမလာတာမျိုး ဖြစ်တတ်ပါတယ်။ ဟော်မုန်းပါဝင်သော သားအိမ်တွင်းထည့်ပစ္စည်း (IUD) ကို အသုံးပြုနေသူတွေအတွက် ရာသီမလာတာဟာ အဖြစ်များပေမယ့် ဘေးကင်းပါတယ်။ Nexplanon® နဲ့ Depo-Provera® တွေနဲ့လည်း ဖြစ်နိုင်ပေမယ့် သိပ်အဖြစ်မများပါဘူး။
.
၆။ လည်ပင်းကြီးဟော်မုန်း အခြေအနေများ
သိုင်းရွိုက်ဂလင်း (thyroid gland) ဟာ လည်ပင်းရဲ့အောက်ခြေမှာရှိတဲ့ လိပ်ပြာပုံသဏ္ဍာန်ရှိတဲ့ ဂလင်းဖြစ်ပြီး ရာသီစက်ဝန်းကို ထိန်းချုပ်ရာမှာ ပါဝင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများခြင်း (ဟိုက်ပါသိုင်းရွိုက်- hyperthyroidism) ဒါမှမဟုတ် သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (ဟိုက်ပိုသိုင်းရွိုက်- hypothyroidism) ကရာသီလာခြင်းကို နောက်ကျနိုင်ပါတယ်။
သိုင်းရွိုက်ပြဿနာတွေက အဖြစ်များပြီး ရာသီလာသူ ၁၀% ကျော်ကို ထိခိုက်စေပါတယ်။
.
၇။ သွေးဆုံးခါနီးအချိန် (Perimenopause)
သွေးဆုံးခါနီးအချိန်က တစ်နှစ်၊ နှစ်နှစ်လောက် ကြာနိုင်သလို နှစ်ပေါင်းများစွာလည်း ကြာနိုင်ပါတယ်။ ဒီအချိန်မှာ ရာသီစက်ဝန်းက ၂၅ ရက်တစ်ခါလာလိုက် ၂၉ ရက်တစ်ခါလာလိုက်နဲ့ မမှန်မကန်ဖြစ်နေနိုင်ပါတယ်။
ပျမ်းမျှအားဖြင့် သွေးဆုံးချိန်ဟာ အသက် ၅၁ နှစ်ဝန်းကျင်ဖြစ်ပြီး သွေးဆုံးခါနီးအချိန်ဟာ များသောအားဖြင့် အသက် ၄၀ ဒါမှမဟုတ် ၅၀ ဝန်းကျင်မှာ စတင်လေ့ရှိပါတယ်။ ပုံမှန်အားဖြင့် သွေးဆုံးခါနီးအချိန်မှာ တခြားလက္ခဏာတွေလည်း ပါလာတတ်ပြီး ဥပမာအားဖြင့် . . .
✅ နေပူထဲရောက်သွားသလို ခံစားရတာမျိုး၊ နေပူရှိန်တွေတက်လာသလို ခံစားရတာမျိုး။
✅ အိပ်မပျော်တာ၊ အိပ်ရေးမဝတာ။
✅စိတ်အခြေအနေ မတည်ငြိမ်တာ၊ စိတ်တိုလွယ်တာ၊ စိတ်အပြောင်းအလဲမြန်တာ။
✅ ကြွက်တက်တာ၊ ဗိုက်အောင့်တာ။
✅ ညဘက် ချွေးထွက်များတာ။
✅ မိန်းမကိုယ် ခြောက်သွေ့တာ။
သွေးဆုံးခါနီးအချိန်တွေမှာ ရာသီမမှန်တာက ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ရာသီလာရင် ပုံမှန်ထက် သွေးဆင်းများလာတာ (သို့) ရာသီလာတဲ့ရက်တွေက ပိုပြီးနီးကပ်လာတယ်ဆိုရင် တခြားအကြောင်းအရင်းတွေ ရှိနိုင်တာမို့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆရာဝန်နဲ့ သေချာပြသင့်ပါတယ်။
.
၈။ အသက်ငယ်တာ
ရာသီစလာခါစအရွယ်မှာ တစ်လကို ၂၈ ရက်တိတိ မှန်မှန်မဖြစ်သေးတာက သိပ်တော့မဆန်းပါဘူးနော်။ များသောအားဖြင့် အဲဒီလို မှန်မှန်ဖြစ်ဖို့ဆိုတာ နှစ်အနည်းငယ်လောက် အချိန်ယူရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဆယ်ကျော်သက်မတိုင်ခင်နဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ hypothalamic-pituitary-ovarian (HPO) axis လို့ခေါ်တဲ့ ဟော်မုန်းစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးလို့ပါ။
HPO axis ဆိုတာ သားဥကြွေတာနဲ့ ရာသီစက်ဝန်းကို ထိန်းညှိပေးတဲ့ ဟော်မုန်းစနစ်ဖြစ်ပါတယ်။ အဲဒီ HPO axis က ဖွံ့ဖြိုးလာပြီး ရာသီကို မှန်မှန်ဖြစ်အောင် ထိန်းညှိပေးဖို့အတွက် နှစ်အနည်းငယ်လောက် ကြာတတ်ပါတယ်။
ပုံမှန်အားဖြင့် ဆယ်ကျော်သက်နှောင်းပိုင်းနဲ့ အသက် ၂၀ ကျော်အရွယ်တွေမှာ ရာသီက ပိုမှန်လာသင့်ပါတယ်။ ဒါပေမဲ့ ရာသီ မမှန်တာ (ဒါမှမဟုတ်) ရာသီသွေး တအားဆင်းတာ (ဒါမှမဟုတ်) ရာသီလာရင် အရမ်းနာကျင်တာတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဘာကြောင့်ဖြစ်လဲဆိုတာ သိရအောင် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
…
…
❓ရာသီနောက်ကျတာက ပုံမှန်လား။
ရက်အနည်းငယ်လောက် စောတာ/နောက်ကျတာက သိပ်တော့ ပြဿနာမရှိပါဘူး။ လူတိုင်းလိုလိုလည်း တစ်ခါတလေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့့် တစ်ခါတစ်ရံမှာ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို ရာသီလာမယ့်ရက်ကို ဘယ်တော့မှ မသိနိုင်လောက်အောင် မကြာခဏ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါပြီ။
ရာသီလာတဲ့ရက်ကို မှတ်သားထားဖို့ အကြံပေးချင်ပါတယ်။ မှတ်သားထားရင် တစ်ခုခု မှားနေတာကို ချက်ချင်း သိနိုင်ပါတယ်။ ပြက္ခဒိန်ထဲမှာ ရာသီမှတ်တမ်းထားနိုင်သလို အဲဒီအတွက် လုပ်ထားတဲ့ application တွေကိုလည်း သုံးနိုင်ပါတယ်။
တစ်ခါတလေ ရာသီနောက်ကျတာက သေးငယ်တဲ့အရာတစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မကြာခဏရာသီနောက်ကျတာ ဒါမှမဟုတ် မမှန်တာတွေ ဖြစ်နေမယ်ဆိုရင် တခြားကျန်းမာရေးအခြေအနေတွေ မရှိဘူးဆိုတာ သေချာအောင် ဆရာဝန်နဲ့ သေချာပြသင့်ပါတယ်နော်…။
Reference : 📖
https:// health. clevelandclinic. org / why-is-my-period-late
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.